နီပေါနိုင်ငံအလယ်ပိုင်း၌ ပြင်းထန်သောရေကြီးရေလျှံမှုကြောင့် ရေအားလျှပ်စစ်စီမံကိန်း လေးခုထက်မနည်း ထိခိုက်ပျက်စီး

ခတ္တမန္ဒူ  အောက်တိုဘာ  ၁၁

နီပေါနိုင်ငံအလယ်ပိုင်း  ဂေါခါခရိုင်   ဗုဒ္ဓိဂန္ဓကီမြစ်ဝှမ်းဒေသ၌   အောက်တိုဘာ ၁၁ ရက်က ဆိုးရွားပြင်းထန်သော  ရေကြီး ရေလျှံမှုဖြစ်ပွားခဲ့ရာ ရေအားလျှပ်စစ်စီမံကိန်း  လေးခုထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ပုဂ္ဂလိကလျှပ်စစ်ဓာတ်အား ထုတ်လုပ်သူများအသင်း (IPPAN) က ပြောကြားသည်။

နီပေါနိုင်ငံ ပုဂ္ဂလိကလျှပ်စစ်ထုတ်လုပ်သူများအသင်း(IPPAN)၏ ပဏာမဆန်းစစ်ချက်အရ ဗုဒ္ဓိဂန္ဓကီမြစ်ဝှမ်းနှင့် ယင်းမြစ်ဝှမ်းတစ်လျှောက်ရှိ ရေအားလျှပ်စစ်စီမံကိန်း  လေးခုထက်မနည်း  ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အတူ ဩဂုတ်  ၂၆  ရက်က ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် နီပေါနိုင်ငံ၌ ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည်။ အမျိုးသားသဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်အရ အဆိုပါဘေးအန္တရာယ်ကြောင့် လူ ၁၄၅၅ ဦး သေဆုံး ခဲ့ပြီး ၅၂၈၅  ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

အခြားသတင်းတစ်ရပ်တွင် နီပေါနိုင်ငံအလယ်ပိုင်း ဂေါခါခရိုင်နှင့် ဒါဒင်းခရိုင်တို့၌ ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် နေအိမ် ၆၅ လုံး ရေစီးနှင့်အတူ မျောပါသွားကာ  လူငါးဦး ပျောက်ဆုံးနေကြောင်း ဖော်ပြထားသည်။ ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် လူ ၃၆ ဦးကို ဘေးလွတ်ရာသို့ လေကြောင်းမှတစ်ဆင့် ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ရှာဖွေရေး၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း လုံခြုံရေးတပ်ဖွဲ့က ပြောကြားသည်။      

ဆင်ဟွာ