ငဝန်တာကျိုးပေါက်မှုကြောင့် ရေဝင်ရောက်ခဲ့သည့် လေးမျက်နှာမြို့ ရပ်ကွက်ငါးခုနှင့် ကျေးရွာ ကိုးရွာရှိ လူဦးရေ ၈၃၈၂ ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ၊ အခြေခံစားသောက်ကုန်များအတွက် တန်ဖိုးငွေကျပ် ၈၃ ဒသမ ၅၆၁ သန်းကျော်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

လေးမျက်နှာ ဩဂုတ် ၁

ငဝန်တာ ကျိုးပေါက်မှုကြောင့် ရေဝင်ရောက်ခဲ့သည့် လေးမျက်နှာမြို့ ရပ်ကွက်ငါးခုနှင့် ကျေးရွာကိုးရွာ ရှိ အိမ်ခြေ ၁၇၃၄ လုံး အိမ်ထောင်စု ၁၇၆၄ စုမှ လူဦးရေ ၈၃၈၂ ဦးတို့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဆန်ရိက္ခာဖိုး ငွေကျပ် ၄၁ ဒသမ ၉၁၀ သန်းနှင့် ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ကြက်ဥနှင့် ရေသန့်စသည့် အခြေခံစားသောက် ကုန်များအတွက် တန်ဖိုးငွေကျပ် ၄၁ ဒသမ ၆၅၁ သန်းကျော် စုစုပေါင်းတန်ဖိုးငွေကျပ် ၈၃ ဒသမ ၅၆၁ သန်းကျော်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က စားသောက်ဖွယ်ရာများကို ယနေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းသည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်နှင့်အတူ စာရေးကွင်း ကျေးရွာ ရွာဦးဘုန်းကြီးကျောင်း ယာယီရေဘေးကယ်ဆယ်ရေး စခန်းသို့ သွားရောက်ထောက်ပံ့ ပေးအပ်ပြီး ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကား ပြောကြားသည်။

ဆက်လက်၍ တာအလျားပေ ၃၀ ခန့်တွင် ၅ ပေ နိမ့်ဆင်းပြီး အကျယ် ပေ ၁၇၀ ကျိုးပေါက်မှုကို ပြန်လည်ပြုပြင် တည်ဆောက်မည့် အခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် လေးမျက်နှာမြို့ပေါ် ရပ်ကွက်များတွင် လူနေအိမ်များအတွင်း ရေဝင်ရောက်မှု အခြေအနေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့များက ရေဘေးသင့် ပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေမှု၊ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်