၂၁ ရာစုကို အာရှရာစုနှစ်ဟူ၍ တင်စားကြသည်။ ၂၁ ရာစုအတွင်း ကမ္ဘာ့စီးပွားရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှုတို့၏အချက်အချာသည် အနောက်နိုင်ငံများမှ အာရှတိုက်ဆီသို့ ရွေ့လျားပြောင်းလဲလာခြင်းကို ဆိုလိုခြင်းဖြစ်သည်။ တရုတ်နှင့်အိန္ဒိယတို့ စီးပွားရေးအင်အားကြီး နိုင်ငံများအဖြစ် ကမ္ဘာ့အဆင့်တွင် ထိပ်တန်းသို့ရောက်ရှိလာပြီး ၂၀၅၀ ပြည့်နှစ်သို့ရောက်လျှင် အာရှ၏ဂျီဒီပီသည် ကမ္ဘာ့စီးပွားရေးစုစုပေါင်း၏ ထက်ဝက်ကျော်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း ခန့်မှန်းမှုများလည်းရှိနေသည်။
အာရှရာစုနှစ်တွင် အရှေ့တောင်အာရှသည် အလွန်အရေးပါသည့် အခန်းကဏ္ဍမှပါဝင်နေသည်။ အင်အားကြီးနိုင်ငံတို့၏ ပြိုင်ဆိုင်မှုတွင် အရှေ့တောင်အာရှသည် ပထဝီနိုင်ငံရေးအရရော၊ စီးပွားရေးအရပါ ဗဟိုချက်မဖြစ်လာသည်။ အာဆီယံသည် စုပေါင်းစီးပွားရေးပမာဏအရ ကမ္ဘာ့ပဉ္စမမြောက်အကြီးဆုံးဖြစ်ပြီး လာမည့်ဆယ်စုနှစ်အတွင်း စတုတ္ထနေရာသို့ တက်လှမ်းလာနိုင်သည်ဟု ခန့်မှန်းထားသည်။ အရှေ့တောင်အာရှလူဦးရေ၏ ထက်ဝက်ကျော်သည် အသက် ၃၀ အောက် လူငယ်များဖြစ်ရာ လူဦးရေဖွဲ့စည်းပုံအားသာချက်အရ တက်ကြွသော လုပ်သားထုနှင့် တိုးတက်လျက်ရှိသည့် လူလတ်တန်းစား စားသုံးသူဈေးကွက်ကို ပိုင်ဆိုင်ထားခြင်းပင်ဖြစ်သည်။
အရှေ့တောင်အာရှနိုင်ငံများ၏ အတိတ်သမိုင်းကိုပြန်ကြည့်လျှင် ၁၉ ရာစုမှ ၂၀ ရာစုအတွင်း ထိုင်းနိုင်ငံမှလွဲ၍ အရှေ့တောင်အာရှတစ်ခုလုံးနီးပါး ဥရောပကိုလိုနီလက်အောက်သို့ ကျရောက်ခဲ့ကြသည်။ မြန်မာနှင့်မလေးရှားတို့သည် ဗြိတိသျှလက်အောက်သို့လည်းကောင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားတို့သည် ပြင်သစ်လက်အောက်သို့ လည်းကောင်း၊ အင်ဒိုနီးရှားသည် ဒတ်ချ်နှင့် ဖိလစ်ပိုင်သည် စပိန်လက်အောက်သို့လည်းကောင်း ကျရောက်ခဲ့ကြရခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးသည့်နောက် နိုင်ငံအသီးသီးတို့က အမျိုးသားလွတ်လပ်ရေးကြိုးပမ်းခဲ့ကြပြီး နိုင်ငံအများစုတို့ ၁၉၅၀ ပြည့်နှစ်ဝန်းကျင်တွင် လွတ်လပ်ရေးရရှိခဲ့ကြသည်။ လွတ်လပ်ရေးရရှိပြီးနောက် ထိုခေတ်ကာလက ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးများ၏ စစ်အေးတိုက်ပွဲနှင့် ပြည်တွင်းနိုင်ငံရေးမတည်ငြိမ်မှုများကြောင့် အရှေ့တောင်အာရှ နိုင်ငံအများအပြားတို့မှာ ဆယ်စုနှစ်များစွာ ဆက်လက်ရုန်းကန်ခဲ့ကြရသည်။
စစ်အေးတိုက်ပွဲပြီးဆုံးခဲ့ပြီး ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲနှင့်အတူ ၁၉၉၀ ပြည့်လွန်နှစ်များတွင် အရှေ့တောင်အာရှနိုင်ငံများအတွင်း နိုင်ငံရေးတည်ငြိမ်မှုရရှိလာသည့်နိုင်ငံများ၊ စီးပွားရေးထွန်းသစ်လာသည့် နိုင်ငံများ ပေါ်ထွက်လာသည်။ နိုင်ငံရေးတည်ငြိမ်မှု၊ စည်းလုံးညီညွတ်မှုနှင့် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်မှုတို့ အားကောင်းသည့်နိုင်ငံများ ဖွံ့ဖြိုးတိုးတက်မှုရရှိလာကြသည်။
“ဖွံ့ဖြိုးတိုးတက်မှုရရှိခြင်း၏ အဓိကအကြောင်းရင်းသည် နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိခြင်းပင်ဖြစ်ပြီး နိုင်ငံသူ၊ နိုင်ငံသားများ အားလုံးကိုယ်စိတ်နှလုံးလုံခြုံအေးချမ်းစွာဖြင့် လုပ်ကိုင်စားသောက် နိုင်ခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိ ပြီးကတည်းကပင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းမှုရရှိရေးအတွက် အစိုးရအဆက်ဆက် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ သို့သော်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်သည့်စွမ်းရည်၊ စွမ်းအားရှိသော လူ့စွမ်းအားအရင်းအမြစ်များ၊ နိုင်ငံစီးပွားရေးနှင့် ပညာရေး၊ ကျန်းမာရေးအပါအဝင် လမ်း၊ တံတားနှင့် အခြေခံအဆောက်အအုံများကို အကြမ်းဖက်သမားများက ခေတ်အဆက်ဆက်နည်းလမ်းပေါင်းစုံဖြင့် ယနေ့ထက်တိုင် နှောင့်ယှက်ဖျက်ဆီးခဲ့ကြပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှာ ခေတ်အဆက်ဆက် နိုင်ငံတည်ဆောက်ရေးတွင် “သမင်မွေးရင်း ကျားစားရင်း”ဆိုသကဲ့သို့ဖြစ်နေပြီး နိုင်ငံအတွက် ကြီးမားသည့် သမိုင်းသင်ခန်းစာတစ်ခုကဲ့သို့ ဖြစ်နေရကြောင်း” နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေးအမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
မိမိတို့နိုင်ငံတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ရာ၌ အဓိကကျသည့် အဟန့်အတားနှစ်ခုမှာ သဘာဝဘေးအန္တရာယ်များနှင့် လက်နက်ကိုင်ပဋိပက္ခများပင်ဖြစ်သည်။ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်းနှင့် နိုင်ငံ၏ပထဝီဝင်အနေအထားတို့အရ ကြုံတွေ့ရသည့် သဘာဝဘေးအန္တရာယ်များမှာ ရှောင်လွှဲ၍မရသည့်အလျောက် မိမိတို့မြန်မာ့လူ့အဖွဲ့အစည်းကို ခံနိုင်ရည်ရှိအောင်တည်ဆောက်ကာ ရင်ဆိုင်ကျော်လွှားကြရမည်သာဖြစ်သည်။ သို့ရာတွင် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ကြသူ သွေးသားရင်းချာများအတွင်း နိုင်ငံရေးအမြင် သဘောထားကွဲလွဲမှုများကိုမူ နိုင်ငံနှင့်လူမျိုးတို့ ထိခိုက်နစ်နာမှုကြီးမားစေသည့် လက်နက်ကိုင်နည်းလမ်းအစား ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာသည့် နည်းလမ်းဖြင့်သာ အကောင်းဆုံးဖြစ်အောင် အဖြေရှာကြဖို့လိုသည်။
လက်နက်ကိုင်ပဋိပက္ခများအတွင်း ဆယ်စုနှစ်များစွာ ပြုန်းတီးပျက်စီးခဲ့ရသည့် လူသားအရင်းအမြစ်များ၊ သယံဇာတနှင့် ဘဏ္ဍာငွေ ကြေးအရင်းအမြစ်များတို့မှာ နိုင်ငံနှင့်လူမျိုးတို့၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာဖြစ်ခဲ့ပါလျှင် မိမိတို့နိုင်ငံသည်လည်း အရှေ့တောင်အာရှ၏ ထိပ်တန်းတစ်နေရာတွင် ရပ်တည်နေနိုင်မည်ဖြစ်ရာ ငြိမ်းချမ်းသည့် နည်းလမ်းများဖြင့် နိုင်ငံတော်ရှေ့ခရီးဆက်ကြရေး နှိုးဆော်တိုက်တွန်းလိုက်ရပါကြောင်း။ ။


