ပြည်ထောင်စုမြန်မာနိုင်ငံအတွက် အဓိကလိုအပ်ချက်မှာ ထာဝရငြိမ်းချမ်းရေးဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကတည်းက နှစ်ပေါင်းရှည်ကြာခဲ့ပြီဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေးရရှိစေရန် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းစွာအဖြေရှာ ဆောင်ရွက်လျက်ရှိသည်။ အလားတူ တိုင်းရင်းသားပြည်သူအားလုံးတို့ကလည်း နှစ်ပေါင်းများစွာ မျှော်လင့်စောင့်စားခဲ့ရသည့် ငြိမ်းချမ်းရေးအကျိုးရလဒ်များ ပေါ်ထွက်လာစေရန် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ရမည်ဖြစ်သည်။
လက်နက်ကိုင်ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသည့်ဆိုးမွေများကို ဦးစွာကြုံတွေ့ခံစားနေကြရသူများမှာ တိုင်းရင်းသားပြည်သူများဖြစ်သည်။ ၎င်းနောက် လက်နက်ကိုင်ပဋိပက္ခများကြောင့် ဒေသတိုးတက်မှုများကို ဖြောင့်တန်းအောင်မတည်ဆောက်နိုင်ဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ရစ်ခဲ့သည့်အဖြစ်ကို မြင်တွေ့ကြရမည်ဖြစ်သည်။ နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများတွေ့ဆုံဆွေးနွေးမှုကို မကြာခဏပြုလုပ်လျက်ရှိသည်။
ပါတီစုံဒီမိုကရေစီစနစ်ကိုလျှောက်လှမ်းရာတွင် တစ်ဦးနှင့်တစ်ဦး သဘောထားကွဲလွဲမှုများရှိနိုင်သည်။ ကိုယ်စီလိုလားချက်များကို လက်နက်ကိုင်အကြမ်းဖက်သည့်နည်းလမ်းဖြင့် တောင်းဆိုခြင်းသည် မှားယွင်းသောလမ်းစဉ်ဖြစ်၍ မှန်ကန်သည့်အကျိုးရလဒ်ကောင်းများ ရရှိနိုင်မည်မဟုတ်ပေ။ တိုင်းရင်းသားများအကြား နားလည်မှုလွဲမှားခြင်းများ၊ လိုလားချက်များကို တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ ဖြေရှင်းနိုင်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းနိုင်ရေးငြိမ်းချမ်းရေးတံခါးကို အစဉ်အမြဲဖွင့်လှစ်ကြိုဆိုလျက်ရှိသည်။
“ငြိမ်းချမ်းရေးကို လက်တွဲတည်ဆောက်၊ ဖွံ့ဖြိုးရေးကို အတူတကွဖော်ဆောင်” ဆောင်ပုဒ်ဖြင့် အလွှာပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံပါဝင်သော “ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ၂၀၂၆”ကို စက်တင်ဘာလ ၂၆ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။ နှစ်ရက်ကြာကျင်းပသည့် ဖိုရမ်တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင်များ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ၏ အကြံပေးအဖွဲ့ခေါင်းဆောင်၊ ငြိမ်းချမ်းရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သူများ၊ ပြည်နယ်လွှတ်တော်၊ တိုင်းစစ်ဌာနချုပ်၊ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဘာသာရေးခေါင်းဆောင်များ၊ လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်များ၊ ကျောင်းသား ကျောင်းသူများ စုံလင်စွာတက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးနှင့်အဓိကသက်ဆိုင်သည့်ပုဂ္ဂိုလ်များ၏ ဆွေးနွေးပြောကြားမှုများနှင့်အတူ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ ဖာပွန်မြို့နယ်ကိုယ်စားလှယ်များ၏ ကရင်ပြည်နယ်အတွင်း ဒေသအလိုက် ပဋိပက္ခဒဏ်ခံရသူများ၏အသံနှင့် ပဋိပက္ခလျှော့ချရပ်တန့်ရေးဆန္ဒများ၊ ကရင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများရပ်တန့်ရေးနှင့် ငြိမ်းချမ်းသောလူ့အဖွဲ့အစည်းတည်ဆောက်ရေး၊ ကရင်ပြည်နယ်အတွင်း ပဋိပက္ခဒဏ်ခံရသူများအတွက် ပြန်လည်ထူထောင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆွေးနွေးပြောကြားချက်များသည် ကရင်ပြည်နယ်ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူဖြစ်စေပြီး အနှစ်သာရပြည့်ဝသည့် လက်တွေ့ကျသော အကောင်အထည်ဖော်မှုများဖြစ်သည်။
ကရင်ပြည်နယ်တွင် ပထမဆုံးကျင်းပသည့် ယခုဖိုရမ်သည် ငြိမ်းချမ်းရေးကို သက်ဆိုင်သူများ ပိုမိုနက်ရှိုင်းစွာနားလည်စေရန်၊ နှစ်ဦးနှစ်ဖက် အပြန်အလှန်ယုံကြည်မှုကို ခိုင်မာစွာတည်ဆောက်နိုင်ရန်၊ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ၏ အမျိုးသားရေးလက္ခဏာနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်ရန်နှင့် ဒေသ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျသောအမြင်များ ဖော်ထုတ်နိုင်ရန် အရေးကြီးသောအခွင့်အလမ်းကောင်းများဖြစ်သည်။ ဖိုရမ်မှပေါ်ထွက်လာမည့် ဆွေးနွေးချက်များနှင့်အကြံပြုချက်များသည် ကရင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိသောရလဒ်ကောင်းများဖြစ်ပေါ်စေကာ ပြည်သူများ၏လူမှုစီးပွားဘဝများ တိုးတက်ကောင်းမွန်စေရေးအတွက် အမှန်တကယ်အထောက်အကူပြုမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်းရှည်ကြာဖြစ်ပေါ်လျက်ရှိသော လက်နက်ကိုင်ပဋိပက္ခများသည် တိုင်းရင်းသားဒေသများ အထူးသဖြင့် ပြည်နယ်များတွင် ဖြစ်ပေါ်လျက်ရှိရာ ဆိုးမွေများကို ဒေသခံတိုင်းရင်းသားပြည်သူများ တိုက်ရိုက်ထိတွေ့ခံစားနေကြရသည်ကို အားလုံးသိရှိပြီးဖြစ်သည်။ တိုင်းရင်းသားဒေသများတွင် လက်နက်ကိုင်ပဋိပက္ခများလျှော့ချချုပ်ငြိမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် ယခုကျင်းပသော ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ၂၀၂၆ ကဲ့သို့ လက်နက်ကိုင်ပဋိပက္ခများ ကြုံတွေ့နေရသော ပြည်နယ်များနှင့် တိုင်းဒေသကြီးများတွင် ဆက်လက်ကျင်းပပြီး ပြည်ထောင်စုကြီးတစ်ခုလုံး လက်နက်ကိုင်ပဋိပက္ခများလျှော့ချရေး၊ ချုပ်ငြိမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် အတူတကွလက်တွဲတည်ဆောက်၊ အတူတကွ လက်တွဲဖော်ဆောင်ကြရမည်ဖြစ်ပါကြောင်း။ ။


