ငွေဆောင် စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့ သဇင်ကျေးရွာအုပ်စု ငွေဆောင် - ပုသိမ်ကားလမ်းဘေးရှိ ဒေသအခေါ် (၂၃) မိုင်ကျေးရွာ၌ ယမန်နေ့နံနက်ပိုင်းတွင် ဒေသခံပြည်သူများ ကျန်းမာရေးအသိပညာ တိုးပွားစေရန်နှင့် ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေး ဟောပြောသည်။
အသိပညာပေးဟောပြော
ဦးစွာ တက်ရောက်လာကြသူများအား သွေးလွန်တုပ်ကွေး ရောဂါနှင့် ငှက်ဖျားရောဂါဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို တာဝန်ရှိသူများက လက်ဝယ်အရောက် ဖြန့်ဝေ ပေးခဲ့သည်။ ထို့နောက် ပုသိမ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးမြင့်သူက ငှက်ဖျားရောဂါ ဖြစ်ပွားရသည့် အကြောင်းရင်းများ၊ ရောဂါလက္ခဏာများ၊ ခြင်မှတစ်ဆင့် ကူးစက်နိုင်သည့် အခြေအနေများ၊ ရောဂါဖြစ်ပွားပါက အချိန်မီ ဆေးကုသမှုခံယူရန်လိုအပ်မှုနှင့် ရောဂါကာကွယ်ရေးအတွက် ခြင်ကိုက်မခံရစေရန်နေထိုင်မှု အလေ့အထများ၊ ခြင်ပေါက်ပွားနိုင်သည့် နေရာများ ရှင်းလင်းဖယ်ရှားရေးတို့ကို စုံလင်စွာ အသိပညာပေးဟောပြောသည်။
ထို့နောက် ပုသိမ်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအေးမြင့်သူ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက တက်ရောက်လာသူများအား ငှက်ဖျားရောဂါပိုး ရှိ၊ မရှိ ဆေးစစ်ပေးပြီး ဆေးစိမ်ခြင်ထောင်များ အခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


