Netflix  ကုမ္ပဏီက ကမ္ဘာတစ်ဝန်းအလုပ်အကိုင် ၁၀၀၀ ခန့် လျှော့ချမည်

အောက်တိုဘာ ၁၅

အွန်လိုင်းဗီဒီယိုဝန်ဆောင်မှုလုပ်ငန်းကြီးတစ်ခုဖြစ်သည့် Netflix သည် လုပ်ငန်းတိုးတက်မှုနှုန်း နှေးကွေးလာခြင်းကြောင့် ကမ္ဘာတစ်ဝန်းရှိ ဝန်ထမ်း ၁၀၀၀ ခန့်ကို အလုပ်မှလျှော့ချရန် စီစဉ်လျက်ရှိကြောင်း အမေရိကန်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

Netflix ၏ အလုပ်သမားအင်အား၏ ခြောက်ရာခိုင်နှုန်းကို လျှော့ချရန် အစီအစဉ်ကို Wall Street Journal သတင်းစာက ပထမဆုံးဖော်ပြခဲ့သည်။

အဆိုပါသတင်းစာ၏ ဖော်ပြချက်အရ ယခုဝန်ထမ်းလျှော့ချမှုသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း Netflix ၏ အကြီးမားဆုံး အလုပ်အကိုင် လျှော့ချမှု ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

ပူးတွဲအမှုဆောင်အရာရှိချုပ် Greg Peters နှင့် Ted Sarandos တို့သည် ဝန်ထမ်းများထံ အီးမေးလ်တစ်စောင် ယမန်နေ့က ပေးပို့ခဲ့ပြီး ယင်းလှုပ်ရှားမှုကို ရှင်းပြခဲ့သည်ဟု သတင်းများက ဖော်ပြထားသည်။

ယင်းသို့လျှော့ချမှုများသည် ထုတ်ကုန်၊ နည်းပညာ၊ ဥပဒေနှင့် လူ့စွမ်းအားအရင်းအမြစ်ဌာနများကို အများဆုံးထိခိုက်စေမည်ဟု ၎င်းတို့ကပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်းရှိ ပရိသတ်များကို ဖျော်ဖြေရေးဝန်ဆောင်မှုပေးရန်ဟူသော Netflix ၏ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် ကုမ္ပဏီအနေဖြင့် အရင်းအမြစ်များကို ဦးစားပေးခွဲဝေသုံးစွဲရာတွင် စည်းကမ်းတကျနှင့် ထိရောက်စွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

 စီးပွားရေးသတင်းရုပ်သံလိုင်း CNBC အပါအဝင် မီဒီယာများ၏ ဖော်ပြချက်အရ Netflix ၏ ပူးတွဲအမှုဆောင်အရာရှိချုပ် တက်ဒ် ဆာရန်ဒို့စ်က ပြီးခဲ့သည့်လက  ကုမ္ပဏီ၏ လုပ်ငန်းတိုးတက်မှုနှုန်းသည် မိမိမျှော်မှန်းထားသလောက် မြန်ဆန်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

Netflix သည် အမြတ်အစွန်းကောင်းများ ဆက်လက်ရရှိနေပြီး အွန်လိုင်းဗီဒီယိုထုတ်လွှင့်မှု လုပ်ငန်းကဏ္ဍတွင် အကြီးဆုံးကုမ္ပဏီအဖြစ် ရပ်တည်နေဆဲဖြစ်သော်လည်း ကြည့်ရှုချိန်စုစုပေါင်းမှာ တိုးတက်မှုမရှိဘဲ ရပ်တန့်နေကြောင်း CNBC ကထောက်ပြခဲ့သည်။

မကြာသေးမီက Netflix ၏ စာရင်းသွင်းအသုံးပြုသူဦးရေ တိုးလာခြင်းမှာ အဓိကအားဖြင့် အကောင့်စကားဝှက်များကို မျှဝေအသုံးပြုခြင်းအပေါ် တင်းကျပ်စွာ ကန့်သတ်အရေးယူခဲ့ခြင်းနှင့် ကြော်ငြာများပါဝင်သည့် ဈေးနှုန်းသက်သာသော ဝန်ဆောင်မှုအစီအစဉ်ကို စတင်မိတ်ဆက်ခဲ့ခြင်း တို့ကြောင့် ဖြစ်ကြောင်း CNBC က ဖော်ပြခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို