နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် 5G ဆက်သွယ်ရေး နည်းပညာဝန်ဆောင်မှုများ စမ်းသပ်အသုံးပြုနိုင်ပြီဖြစ်

နေပြည်တော် အောက်တိုဘာ ၂၉

 

နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် 5G ဆက်သွယ်ရေး နည်းပညာဝန်ဆောင်မှုများ စမ်းသပ်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရ သီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဆက်သွယ်ရေးစခန်းများတွင် 5G ဆက်သွယ်ရေးနည်းပညာ အကောင်အထည်ဖော်နေမှု၊ ကွန်ရက်ချိတ်ဆက် ဆောင်ရွက်ထားရှိမှု၊ ဆက်သွယ်ရေးစက်ပစ္စည်းများ တပ်ဆင် အသုံးပြုနေမှုနှင့် နည်းပညာဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုတို့ကို ယနေ့တွင် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင် သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ကြည့်ရှုစဉ် မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများမှ တာဝန်ရှိသူများက 5G ဆက်သွယ်ရေးကွန်ရက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ စခန်းများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ၊ ကွန်ရက်လွှမ်းခြုံမှု တိုးချဲ့ဆောင်ရွက်မည့် အစီအစဉ်များနှင့် နည်းပညာဆိုင်ရာ လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။

 

တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက 5G ဆက်သွယ်ရေး နည်းပညာသည် မြန်နှုန်းမြင့် ဒေတာဆက်သွယ်မှု၊ အချိန်နှင့် တစ်ပြေးညီ သတင်းအချက်အလက် ဖလှယ်မှုနှင့် ဒီဂျစ်တယ် နည်းပညာ အခြေပြုဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် နည်းပညာတစ်ရပ်ဖြစ်ကြောင်း၊ သို့ဖြစ်၍ 5G ဆက်သွယ်ရေးကွန်ရက်များ အကောင်အထည်ဖော်ရာတွင် နည်းပညာစံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်၊ ကွန်ရက် တည်ငြိမ်ကောင်းမွန်မှုနှင့် ဝန်ဆောင်မှုအရည်အသွေး ပြည့်မီစေရန်၊ ဆက်သွယ်ရေးစက်ပစ္စည်းများ၏ လုပ်ငန်းဆောင်ရွက်နိုင်မှုနှင့် ထိန်းသိမ်းပြုပြင်မှုများကို စနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။

 

5G ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် ဒီဂျစ်တယ်စီးပွားရေး၊ စမတ်မြို့ပြဖွံ့ဖြိုးရေး၊ အင်တာနက် အခြေပြုဝန်ဆောင်မှုများနှင့် နည်းပညာအသုံးချလုပ်ငန်းများ တိုးတက်လာစေရန် အထောက်အကူပြုမည်ဖြစ်သဖြင့် ဆက်သွယ်ရေးကွန်ရက်များ အရည်အသွေးပြည့်မီစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် မိုဘိုင်း ဆက်သွယ်ရေး အော်ပရေတာများက ဆောင်ရွက်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်