နောင်ချို အောက်တိုဘာ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် နောင်ချိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် သောက်သုံးရေ ရှားပါးပြတ်လပ်မှု မရှိစေရေးနှင့် အယ်လ်နီညို ရာသီဥတုဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို နောင်ဩကျေးရွာ၌ ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နောင်ချိုမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်သန်း နှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ထွေးဝင်းနှင့် တာဝန်ရှိသူများသည် မြို့နယ်အတွင်းရှိ နောင်ဩကျေးရွာ၏ လက်ရှိရေသုံးစွဲမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် နောင်ဩ ကျေးရွာရှိ ရေရရှိရေးကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် မိုးရွာသွန်းမှုများ မူမမှန်ခြင်း၊ မိုးခေါင်ခြင်း၊ ရေရှားခြင်းများ ဖြစ်ပေါ်လာနိုင်သည့်အတွက် သောက်သုံးရေပြတ်လပ်မှု မရှိစေရေး၊ ရေကို ကြိုတင် စုဆောင်းထားရှိရန်၊ ရေကို လေလွင့်မှုမရှိအောင် စနစ်တကျသုံးစွဲကြရန်၊ အယ်လ်နီညို အပူဒဏ်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရန်အချက်များ၊ ရှောင်ကျဥ်ရန်အချက်များကို အသိပညာပေး ဟောပြောပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
နောင်ချိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများ၌ အသိပညာပေးခြင်းနှင့် အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် သောက်သုံးရေ ရှားပါး ပြတ်လပ်နိုင်ခြေရှိသည့် ကျေးရွာများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးပြီး ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေများ ဖူလုံစွာရရှိစေရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မောင်ခိုင်(ကျေးလက်)


