မောင်လူအေး (လူငယ်ရေးရာ)
လူငယ်များသည် အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအင်အားစုများဖြစ်ကြသည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုတို့တွင် လူငယ်များ၏ပါဝင်ဆောင်ရွက်မှုသည် အလွန်အရေးကြီးလှပါသည်။
၁၉၇၀ ပြည့်လွန်နှစ်များအတွင်း ကမ္ဘာ့လူဦးရေတွင် လူငယ်အချိုးအစားမြင့်တက်လာခြင်း၊ အလုပ်လက်မဲ့ပြဿနာများ၊ ဆင်းရဲနွမ်းပါးမှု၊ ပညာရေးမညီမျှမှုနှင့် နိုင်ငံတကာပဋိပက္ခများကြောင့် လူငယ်များကို ဦးတည်သည့် နိုင်ငံတကာမူဝါဒတစ်ရပ် လိုအပ်လာခဲ့သည်။ ယင်းအခြေအနေအရ ကုလသမဂ္ဂအထွေထွေညီလာခံက ၁၉၇၉ ခုနှစ်တွင် ဆုံးဖြတ်ချက် အမှတ် ၃၄/၁၅၁ ဖြင့် ၁၉၈၅ ခုနှစ်ကို “ပါဝင် ဆောင်ရွက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး”ဟူသော ဆောင်ပုဒ်ဖြင့် “အပြည်ပြည်ဆိုင်ရာ လူငယ်များနှစ် (International Youth Year)” အဖြစ် သတ်မှတ်ခဲ့ပါသည်။ ၁၉၉၈ ခုနှစ် ဩဂုတ်လ ၈ ရက်မှ ၁၂ ရက်နေ့အထိ ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့၌ကျင်းပသော လူငယ် ရေးရာဝန်ကြီးများ၏ ကမ္ဘာ့ညီလာခံ (World Conference of Ministers Responsible for Youth) တွင် လူငယ်များအတွက် နှစ်စဉ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ သတ်မှတ်ရန် အကြံပြုခဲ့ကြသည်။ လစ္စဘွန်းညီလာခံမှတင်ပြသော အဆိုပြုချက်ကိုအခြေခံ၍ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပသည့် (၅၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှ ဆုံးဖြတ်ချက်အမှတ် ၅၄/၁၂၀ ဖြင့် ဩဂုတ်လ ၁၂ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ (International Youth Day)”အဖြစ် သတ်မှတ်ခဲ့ပါသည်။
လူငယ်များနေ့အခမ်းအနားကို ကမ္ဘာတစ်ဝန်း စတင်ကျင်းပ
၂၀၀၀ ပြည့်နှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားကို ကမ္ဘာတစ်ဝန်း စတင်ကျင်းပခဲ့ရာ ယခု ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင်လည်း (၂၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကို ကမ္ဘာတစ်ဝန်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြမည်ဖြစ်သည်။ နှစ်စဉ် ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့သည် လူငယ်များ၏စွမ်းဆောင်ရည်ကို အသိအမှတ်ပြု ဂုဏ်ပြုရန်၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းပေးရန်နှင့် ၎င်းတို့၏အသံများကို ဆုံးဖြတ်ချက် ချမှတ်သည့်လုပ်ငန်းစဉ်များတွင်ထည့်သွင်းရန် အရေးပါသော ကမ္ဘာလုံးဆိုင်ရာ စေ့ဆော်မှုတစ်ခုဖြစ်သည်။
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့သည် ကမ္ဘာတစ်ဝန်းရှိလူငယ်များ ရင်ဆိုင်နေရသောစိန်ခေါ်မှုများနှင့် အခွင့်အလမ်းများအပေါ် သဘောထားအမြင်၊ အလေးထားမှုတို့ မြှင့်တင်ရန်ရည်ရွယ်သည့် နိုင်ငံတကာအထိမ်းအမှတ်နေ့ဖြစ်ပါသည်။ ထို့ပြင် ရေရှည်တည်တံ့ ခိုင်မြဲသောဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် လူငယ်များ၏ မရှိမဖြစ်လိုအပ်သော မိတ်ဖက်အခန်းကဏ္ဍကို အသိအမှတ်ပြုဂုဏ်ပြုခြင်းလည်း ဖြစ်သည်။
ကုလသမဂ္ဂသည် နှစ်စဉ်နှစ်တိုင်း အပြည်ပြည်ဆိုင်ရာလူငယ်များနေ့တွင် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်ရပ် သို့မဟုတ် လူငယ်များ ရင်ဆိုင်ကြုံတွေ့နေရသည့်စိန်ခေါ်မှုများ၊ အရေးကြီးပြဿနာများကို အခြေခံ၍ ဆောင်ပုဒ်များ(Themes) သတ်မှတ်ထားခြင်းဖြစ်ပါသည်။ ယင်းဆောင်ပုဒ်များက လူငယ်များ၏အခန်းကဏ္ဍသည် နိုင်ငံရေး၊ စီးပွားရေး၊ နည်းပညာ၊ ပတ်ဝန်းကျင်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် နီးကပ်စွာဆက်စပ်နေကြောင်း ဖော်ပြလျက်ရှိသည်။
၂၀၂၆ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့၏ ဆောင်ပုဒ်မှာ “Different Contexts, Common Aspirations” “နောက်ခံမတူငြား၊ ရည်မှန်းတူထား၊ လူငယ်အား”ဖြစ်ရာ လူငယ်များ၏ ဘဝအခြေအနေများသည် ၎င်းတို့နေထိုင်သည့် နိုင်ငံများနှင့် ဒေသများအလိုက် ကွဲပြားမှုများရှိနေသော်လည်း ၎င်းတို့၏မျှော်မှန်းချက်များနှင့် ရည်မှန်းချက်များမှာ ခြားနားမှုမရှိဘဲ အလွန်တူညီကြောင်းကို အလေးပေးဖော်ပြထားသည်။ နိုင်ငံ၊ လူမျိုး၊ ကိုးကွယ်ယုံကြည်မှုနှင့် လူမှုအသိုက်အဝန်း မည်သို့ပင်ကွဲပြားစေကာမူ လူငယ်များအားလုံးသည် လူ့ဂုဏ်သိက္ခာ၊ အခွင့်အလမ်းများ၊ အဓိပ္ပာယ်ရှိသော ပါဝင်ဆောင်ရွက်ခွင့်၊ သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်၊ အရည် အသွေးပြည့်ဝသောပညာရေးနှင့် ရေရှည်တည်တံ့သောအနာဂတ်တို့ကို ရရှိလိုကြခြင်းဖြစ်သည်။
စုပေါင်းဆောင်ရွက်မှု၏အရေးပါမှုကို အလေးပေးဖော်ပြ
တူညီသောရည်မှန်းချက်များကို အသိအမှတ်ပြုခြင်းအားဖြင့် ယခုနှစ်၏ခေါင်းစဉ်သည် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စုပေါင်းဆောင်ရွက်မှု၏အရေးပါမှုကို အလေးပေးဖော်ပြထားခြင်းဖြစ်သည်။ မည်သည့်အခြေအနေတွင်ရှိနေစေကာမူ လူငယ်တိုင်းသည် မိမိတို့၏ အလားအလာကို အပြည့်အဝဖော်ဆောင်နိုင်ပြီး ဖွံ့ဖြိုးတိုးတက်သော အနာဂတ်တစ်ရပ်ကို အတူတကွ တည်ဆောက်နိုင်မည်ဖြစ်သည်။
လူငယ်များ၏ လူမှုဘဝအခြေအနေများသည် ၎င်းတို့နေထိုင်ရာ နိုင်ငံနှင့် ဒေသအလိုက် ကွဲပြားမှုရှိနေသော်လည်း ယနေ့ကမ္ဘာကြီး ရင်ဆိုင်နေရသော အရေးကြီးသည့် စိန်ခေါ်မှုများစွာမှာ နယ်နိမိတ်များကိုကျော်လွန်၍ လူငယ်အားလုံးအပေါ်တွင် သက်ရောက်လျက်ရှိသည်။ ယခုနှစ်၏ဆောင်ပုဒ်သည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (Least Developed Countries– LDCs)၊ ပင်လယ်ထွက်ပေါက်မရှိသော ဖွံ့ဖြိုးဆဲနိုင်ငံများ (Landlocked Developing Countries– LLDCs)နှင့် ဖွံ့ဖြိုးဆဲကျွန်းငယ်နိုင်ငံများ (Small Island Developing States–SIDS)တွင် နေထိုင်သောလူငယ်များအပေါ် အထူးအလေးထားခြင်းဖြစ်သည်။ အဆိုပါနိုင်ငံများရှိ လူငယ်များသည် ဆင်းရဲနွမ်းပါးမှု၊ ရာသီဥတုပြောင်းလဲမှု၊ ပထဝီဝင်အနေအထားအရ သီးခြားတည်ရှိမှု၊ လူမှုရေး ဖယ်ကြဉ်ခံရမှု၊ စိတ်ကျန်းမာရေး၊ အရည်အသွေးပြည့်ဝသောပညာရေး၊ သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်မရရှိမှု၊ စီးပွားရေး အခွင့်အလမ်းကန့်သတ်မှုများ၊ ဒီဂျစ်တယ်နည်းပညာလက်လှမ်းမမီမှု စသည့် အပြန်အလှန်ဆက်စပ်နေသောစိန်ခေါ်မှုများကို ပိုမိုပြင်းထန်စွာ ရင်ဆိုင်နေရသည်။
သို့သော် ယင်းသို့ ပြင်းထန်ခက်ခဲသည့် စိန်ခေါ်မှုများကြားမှပင် လူငယ်များသည် ၎င်းတို့၏လူမှုအသိုက်အဝန်းနှင့် ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်နိုင်ရန်အတွက် ခံနိုင်ရည်ရှိမှု၊ ခေါင်းဆောင်မှုနှင့် တီထွင်ဆန်းသစ်နိုင်မှု စွမ်းအားတို့ကို အဆက်မပြတ်ပြသရင်း ရင်ဆိုင်ကျော်လွှားလျက်ရှိကြောင်းကို ယခုနှစ်ဆောင်ပုဒ်က ဖော်ညွှန်းထားပေသည်။
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့တွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ လူငယ်ညီလာခံများ၊ လူငယ်ခေါင်းဆောင်မှုဖိုရမ်များ၊ စေတနာ့ဝန်ထမ်း အစီအစဉ်များ၊ အားကစားပြိုင်ပွဲများ၊ ဆန်းသစ်တီထွင်မှုပြိုင်ပွဲများ၊ စွန့်ဦးတီထွင်မှုပြပွဲများ၊ မူဝါဒဆိုင်ရာဆွေးနွေးပွဲများ၊ ဒီဂျစ်တယ် ကျွမ်းကျင်မှု အလုပ်ရုံဆွေးနွေးပွဲများ၊ ရာသီဥတုကောင်းမွန်ရေးအတွက် သစ်ပင်စိုက်ပျိုးပွဲများ၊ လူမှုအကျိုးပြုလုပ်ငန်းများ စသည့်လှုပ်ရှားမှုများကို ကျင်းပပြုလုပ်ကြသည်။
အဆိုပါလှုပ်ရှားမှုများသည် ကမ္ဘာတစ်ဝန်းရှိ လူငယ်များအကြား မျှဝေတာဝန်ယူမှု၊ အပြန်အလှန်အားပေးကူညီမှုနှင့် အပြန်အလှန် ချိတ်ဆက်မှုစွမ်းအားတို့ကို မြှင့်တင်ပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။ နိုင်ငံတကာအသိုက်အဝန်းအား လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် အားလုံးပါဝင်နိုင်သော၊ တန်းတူညီမျှမှုကို အခြေခံသော၊ လူငယ်အားလုံး၏ အမှန်တကယ် လိုအပ်ချက်များကို တုံ့ပြန်ဖြေရှင်း နိုင်သော ဘုံမျှော်မှန်းချက်တစ်ရပ်ကို အတူတကွ အကောင်အထည် ဖော်ရန် တိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်ပါသည်။ လူငယ်များ၏ မတူညီသောအခြေအနေများကို နားလည်အသိအမှတ်ပြုခြင်းသည် ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာအားကောင်းစေမည် ဖြစ်သည်။
လူငယ်ဦးရေအချိုးအစား အများဆုံးရောက်ရှိ
လက်ရှိ ကမ္ဘာ့လူဦးရေသည် ၈ ဒသမ ၃ ဘီလီယံကျော်ရှိပြီး လူငယ်ဦးရေအချိုးအစား အများဆုံးရောက်ရှိနေသည့် ခေတ်ကာလ ဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ သတ်မှတ်ချက်အရ အသက် ၁၅ နှစ် မှ ၂၄ နှစ်အတွင်းရှိသူများကို “လူငယ်(Youth)”ဟု သတ်မှတ်ထားသော်လည်း နိုင်ငံအသီးသီးတွင် လူငယ်သတ်မှတ်ချက်သည် လူမှုရေး၊ ယဉ်ကျေးမှု၊ မူဝါဒနှင့် ဥပဒေစနစ်များအပေါ်မူတည်၍ ကွဲပြားခြားနားမှုရှိပါသည်။
ကုလသမဂ္ဂ၏ ခန့်မှန်းတွက်ချက်မှုများအရ အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြား လူငယ်ဦးရေ ၁ ဒသမ ၃ ဘီလီယံခန့်ရှိပြီး ကမ္ဘာ့လူဦးရေ၏ ၁၆ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုနေပါသည်။ ယင်းလူငယ်ဦးရေ၏ ၈၅ ရာခိုင်နှုန်းကျော်သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်ကြောင်း စစ်တမ်းများအရ သိရှိရပါသည်။ လူငယ်များသည် လူ့အဖွဲ့အစည်း၏ အပြောင်းအလဲများကို အလျင်မြန်ဆုံးလက်ခံနိုင်ပြီး ဆန်းသစ်တီထွင်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေးပြောင်းလဲမှုများကို မောင်းနှင် ပေးနိုင်သည့် အရေးပါသော အင်အားစုများဖြစ်သည်။ သို့ဖြစ်ရာ လူငယ်များသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးဆုံးသော လူသားအရင်းအမြစ်များ ဖြစ်ကြပါသည်။
လူငယ်များသည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကိုဖြေရှင်းရန် လက်တွေ့ကျပြီး ဖန်တီးမှုအပြည့်ရှိသောနည်းလမ်းများကို ဖော်ဆောင်နိုင်စွမ်းရှိကာ အရင်းအမြစ်အကန့်အသတ်ရှိသည့် အခြေအနေများအတွင်း၌ပင် ထူးချွန်သောခေါင်းဆောင်မှုကို ပြသ လျက်ရှိသည်။ သို့ဖြစ်ရာ SDGs အကောင်အထည်ဖော်ရေး၊ ငြိမ်းချမ်းရေးတည်ဆောက်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီ ခိုင်မာအားကောင်းရေး၊ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုကို တုံ့ပြန်ရေးတို့တွင် မရှိမဖြစ်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
မြန်မာနိုင်ငံတွင်လည်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်း အရာသန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်မှ ၃၅ နှစ်ကြား လူငယ် ၁၇ သန်းခန့်ရှိပြီး နိုင်ငံ့လူဦးရေ စုစုပေါင်း၏ ၃၂ ဒသမ ၆၉ ရာခိုင်နှုန်း ကျော်ဖြစ်ပါသည်။
အသက် ၁၅ နှစ်မှ ၆၄ နှစ်ကြား အလုပ်လုပ်နိုင်သောအရွယ် (Working Age Population) သည် စုစုပေါင်းလူဦးရေ၏ ၆၆ ဒသမ ၉ ရာခိုင်နှုန်း အထိရှိလာပြီး ယင်းသည် မြန်မာ့လူဦးရေသမိုင်းတွင် အမြင့်ဆုံး အချိုးအစားဖြစ်သည်။ သို့ဖြစ်ရာ လူငယ်များကိုဗဟိုပြုသည့် ဖွံ့ဖြိုး တိုးတက်ရေးကို ဦးစားပေးဆောင်ရွက်ခြင်းဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေမည်ဖြစ်သည်။ လူငယ်များသည် နိုင်ငံတစ်နိုင်ငံ၏ အတက်ကြွဆုံးနှင့် အင်အားအကောင်းဆုံး လူ့စွမ်းအားအရင်းအမြစ်များဖြစ်ရာ လူငယ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းသည် နိုင်ငံတော် အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်ဟု ဆိုနိုင်မည်ဖြစ်သည်။
လူငယ်ရေးရာဝန်ကြီးဌာန သီးခြားဖွဲ့စည်းထားရှိသည့် ပထမဦးဆုံးသောနိုင်ငံ
အရှေ့တောင်အာရှနိုင်ငံများတွင် လူငယ်ရေးရာဝန်ကြီးဌာနကို အားကစား၊ ပညာရေး၊ ယဉ်ကျေးမှု၊ လူမှုဖွံ့ဖြိုးရေး စသည့်အခြားကဏ္ဍများနှင့် ပေါင်းစပ်ဖွဲ့စည်းထားရှိခြင်းဖြစ်ရာ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် လူငယ်ရေးရာဝန်ကြီးဌာန သီးခြားဖွဲ့စည်းထားရှိသည့် ပထမ ဦးဆုံးသောနိုင်ငံဟု ဆိုနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံရှိ လူငယ်များ စနစ်တကျ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆောင်လမ်းပြပေးနိုင်ရန် မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒကို ၂၀၁၇ ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လူငယ်ရေးရာမူဝါဒ ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်(၂၀၂၅-၂၀၂၉)ကို အဓိက ကဏ္ဍ ၁၆ ရပ်၊ မဟာဗျူဟာလုပ်ငန်းစဉ် ၅၈ ချက်၊ ဆောင်ရွက်ရန် အစီအစဉ် ၁၂၁ ချက်တို့ဖြင့် ပြင်ဆင်ရေးဆွဲလျက်ရှိပါသည်။
အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များပါဝင်မှုကို မြှင့်တင်ရန်နှင့် လူငယ်များ၏ အလုပ်အကိုင် အခွင့်အလမ်းများ၊ ရည်မှန်းချက်နှင့် စိတ်ဝင်စားမှုများကို ကူညီပံ့ပိုးပေး နိုင်ရန် နိုင်ငံရေးအရောင်အသွေးကင်းသော၊ အားလုံးပါဝင်နိုင်သော၊ အသက်အရွယ် ပိုင်းခြားသတ်မှတ်ထားသော၊ ကျွမ်းကျင်မှုအတတ်ပညာကို အလေးထားသော၊ မြန်မာနိုင်ငံရှိ လူငယ်အားလုံးကိုကိုယ်စားပြုသည့် အမျိုးသားအဆင့် လူငယ်အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းဆောင်ရွက်သွားရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့သည် အထိမ်းအမှတ်နေ့ တစ်နေ့သာမဟုတ်ဘဲ လူငယ်များ၏ အခွင့်အရေး၊ အလားအလာ၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုသဟဇာတဖြစ်မှု၊ သဘာဝဘေးအန္တရာယ် များကို တုံ့ပြန်နိုင်မှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် လူမှုရေးပါဝင်မှုတို့ ကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် မြှင့်တင်ပေးသည့် အရေးပါသော လှုပ်ရှားမှုတစ်ရပ်ဖြစ်သည်။ ထိုမှတစ်ဆင့် ဒေသတွင်းနှင့် ကမ္ဘာလုံး ဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းနိုင်သော ဆန်းသစ်သည့်နည်းလမ်းများကို လူငယ်များကိုယ်တိုင် ဦးဆောင်ဖန်တီးကာ ဘုံမျှော်မှန်းချက် ဖြစ်သည့် လူ့အဖွဲ့အစည်းငြိမ်းချမ်းရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံလူဦးရေ၏ အကြီးမားဆုံး အစိတ်အပိုင်းတစ်ခုဖြစ်သော လူငယ်များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့်အားလျော်စွာ အနာဂတ် ဖွံ့ဖြိုးတိုးရေးလုပ်ငန်းစဉ်များတွင် လူငယ်များ စနစ်တကျပူးပေါင်း ပါဝင်နိုင်မည့် ပလက်ဖောင်းတစ်ခုတည်ဆောက်ပေးခြင်းဖြင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ ထို့ပြင် အနာဂတ်မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတွင် လူမှုသဟဇာတဖြစ်စေရေးနှင့် ငြိမ်းချမ်းရေးထိန်းသိမ်းရေး လုပ်ငန်းစဉ်များအတွက်လည်း အခြေခံအုတ်မြစ်တစ်ရပ်အဖြစ် တည်ဆောက်ပေးနိုင်မည်ဖြစ်သည်။
အသိဉာဏ်ပညာနှင့် ကိုယ်ကျင့်တရား မျှတစွာဖွံ့ဖြိုးသည့် လူတော်လူကောင်းများဖြင့်သာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီဖက်ဒရယ်နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည်ဖြစ်သည်။ လူငယ် များအနေဖြင့်လည်း လက်ရှိနိုင်ငံတော်က အရေးတကြီး လိုအပ်လျက်ရှိသည့် ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်များ၊ နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ကြရမည်ဖြစ်သည်။
အချုပ်အားဖြင့် မျိုးဆက်သစ်လူငယ်များအနေဖြင့် လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ဘဝနောက်ခံအခြေအနေများ မတူညီကြသည့်တိုင် နိုင်ငံကိုဖွံ့ဖြိုးလိုစိတ်၊ နိုင်ငံချစ်စိတ်နှင့် မျိုးချစ်စိတ်အပြည့်ဖြင့် ဘုံရည်မှန်းချက်ဖြစ်သည့် ငြိမ်းချမ်းသာယာဝပြောသည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ထာဝရတည်တံ့ခိုင်မြဲစေရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ကြမှသာ “စွမ်းရည်ပြည့်ဝသောလူငယ်၊ အားကောင်းသောနိုင်ငံ၊ မျှဝေ ပိုင်ဆိုင်သောအနာဂတ်” “Empowered Youth, Strong Nation, Shared Future” ကို ဖော်ဆောင်ကြမည့်လူငယ်များ မြန်မာ့မြေပေါ်တွင် ကြွယ်ဝလာမည်ဖြစ်ကြောင်းတင်ပြရင်း ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်။ ။
ကျမ်းကိုး-
၁။ https://afforum.org/new/web/events/international-youth-day-2026.
၂။ https://social.desa.un.org/issues/youth/events/international-youth-day-2026.
၃။ မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ၊ ၂၀၁၇ ခုနှစ်။
၄။ မြန်မာ့အလင်းသတင်းစာ၊ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၈ ရက်။
၅။ မြန်မာ့အလင်းသတင်းစာ၊ ၂၀၂၆ ခုနှစ် မတ်လ ၂၇ ရက်။
၆။ မြန်မာ့အလင်းသတင်းစာ၊ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁ ရက်။


