နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ

၃၀  ဒီဇင်ဘာ

 

 

ကော်စတာကို ခေါ်ယူရန်  အာဆင်နယ်နဲ့ ဝုဖ်တို့  စိတ်ဝင်စားနေ

 

 

အက်သလက်တီကိုနဲ့ စာချုပ်ဖျက်သိမ်းလိုက်တဲ့ တိုက်စစ်မှူး ဒီယေဂိုကော်စတာကို  ခေါ်ယူဖို့  ပရီမီယာလိဂ် ကလပ်အသင်းများဖြစ်တဲ့ အာဆင်နယ်နဲ့ ဝုဖ်တို့က  စိတ်ဝင်စားနေကြောင်း သိရပါတယ်။

 

 

အက်သလက်တီကိုနဲ့ ကော်စတာတို့ လတ်တလောချုပ်ဆိုထားတဲ့  စာချုပ်ဟာ  လာမယ့် နွေရာသီ ရောက်မှသာ သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့် ကစားသမားကိုယ်တိုင်က ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းပြချက်နဲ့  အသင်းကနေ ထွက်ခွာခွင့် တောင်းခဲ့ပြီးနောက်  စာချုပ်အဆုံးသတ်ရေး ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း  အက်သလက်တီကို အသင်းဘက်ကနေ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

 

အသက် (၃၂)နှစ်အရွယ် ကော်စတာဟာ  အက်သလက်တီကို အသင်းဆီ   ဆွာရက်ဇ် ရောက်ရှိလာ ပြီးနောက် ပွဲထွက်ခွင့် ပိုမိုနည်းပါးခဲ့ကာ အောက်တိုဘာလလယ် ကတည်းက လူစားဝင် ကစားသမား အဖြစ် သုံးပွဲသာ ဝင်ရောက်ကစားခွင့် ရခဲ့ပါတယ်။ တိုက်စစ်ပိုင်းအားနည်းနေတဲ့ အာဆင်နယ်က ကော်စတာကို ခေါ်ယူဖို့ စာချုပ်မဖျက်သိမ်းခင်ကတည်းက စိတ်ဝင်စားနေတာဖြစ်ပြီး ပြောင်းရွှေ့ကြေးမဲ့ ခေါ်ယူနိုင်မှာဖြစ်လို့  ကော်စတာနဲ့ အာဆင်နယ် ပူးပေါင်းမှုကို မြင်တွေ့ရမလားဆိုတာ ဇန်နဝါရီ ဈေးကွက် ဖွင့်လှစ်ချိန်အတွင်း အဖြေပေါ်လာတော့မှာဖြစ်ပါတယ်။

 

 

ဇာဟာကို အေစီမီလန် ချိတ်ဆက်လာ

 

 

အေစီမီလန်အသင်းဟာ ၁၀ စုနှစ်ကြာ ဝေးကွာနေတဲ့ စီးရီးအေချန်ပီယံဖြစ်ဖို့အတွက်  တိုက်စစ် အင်အားကို ဖြည့်တင်းရေး ပြင်ဆင်လာပြီး မီလန်ရဲ့ ပစ်မှတ်က ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူး ဇာဟာ ဖြစ်ကြောင်း အီတလီက သတင်းရင်းမြစ်တွေက အခိုင်အမာဆိုပါတယ်။ ဇာဟာဟာ ဗဟိုတိုက်စစ် နေရာမှာ အကောင်းဆုံး ကစားနိုင်ပြီး  ကိုယ်တိုင်ဂိုးသွင်းယူနိုင်သလို  ဂိုးဖန်တီးမှုလည်း ကောင်းမွန်တဲ့ ကစားသမားဖြစ်ပါတယ်။

 

 

အာဆင်နယ်၊ ချယ်လ်ဆီးနဲ့ စပါးတို့ကလည်း ဇာဟာကို ချိတ်ဆက်နေကြသလို   ပြီးခဲ့တဲ့ နွေရာသီ အတွင်း ဇာဟာအတွက် အဲဗာတန်အသင်းရဲ့ ကမ်းလှမ်းမှုကိုလည်း ခရစ္စတယ်ပဲလေ့စ်ဘက်က ပယ်ချခဲ့ပြီးဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ ဇာဟာတို့ရဲ့ လက်ရှိစာချုပ်က ၁၈ လ သက်တမ်း ကျန်ရှိနေသေးတာကြောင့် ကစားသမားရဲ့ အနာဂတ်က ကလပ်အသင်းရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်နေတာကြောင့် အေစီမီလန်ရဲ့ ကြိုးပမ်းမှု အရာထင်ပါ့မလား စဉ်းစားစရာ ရှိပါတယ်။

 

 

မေလဲ့သင်း

mdn