နှစ်သစ်ကူး ရုံးပိတ်ရက်တွင် အင်းဝရှေးဟောင်းဒေသမှ ရတနာဆီမီးဘုရားစုသို့ ပြည်သူအချို့ လာရောက်ဖူးမြော်

အင်းဝ၊  ၂  ဇန်နဝါရီ  

၂၀၂၁ ခုနှစ်   နှစ်သစ်ကူးရုံးပိတ်ရက်တွင်  ပြည်တွင်းခရီးသွားအချို့ ကိုဗစ်ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အင်းဝရှေးဟောင်းဒေသ ရတနာဆီမီးဘုရားစုသို့  လာရောက်ဖူးမြော်မှုများရှိနေကြောင်း  သိရသည်။

ရတနာဆီမီး ဘုရားစုနေရာသည် ယာခင်းများ ပတ်လည်ဝန်းရံထားသည့်နေရာတွင် တည်ရှိပြီး  အင်းဝဒေသ ရောက်သူတိုင်း  သွားရောက်ဖူးမြော်သည့် စေတီပင်ဖြစ်သည်။ ရတနာဆီမီးဘုရားစုမှာ အင်းဝမြို့ မီးသွေးတိုက်အုပ်စု၊ အပြင်စံရာရပ်၌ တည်ရှိပြီး ထန်းပင်၊ လက်ပံပင်များဝန်းရံကာ အစုလိုက်တည်ရှိ နေသည့်အတွက် စိတ်ဝင်စားဖွယ်ရာ ဖြစ်နေသည်။ အဆိုပါ ဘုရားစုတွင်  စေတီခြောက်ဆူ၊ အုတ်ပြာသာဒ်တစ်ဆူနှင့် ဂန္ဓကုဋိတိုက် (၃)တိုက် တည်ရှိပြီး လက်ရာမျိုးစုံကို လေ့လာနိုင်သည်။

ရတနာဆီမီးဘုရားစုအတွင်းတွင် အဆောက်အအုံအမှတ် (၃၇၂) မှ (၃၈၁)အထိ အမှတ်စဉ်အလိုက် ဗိသုကာလက်ရာ (၁၀)ခုကို တစ်နေရာတည်းတွင် လေ့လာနိုင်သည်။ ဗိသုကာလက်ရာပုံစံများမှာ အမရပူရခေတ်လက်ရာ အုတ်ပြာသာဒ်၊ ရတနာပုံခေတ်လက်ရာ ဆင်းတုတော်နှင့် ကုန်းဘောင်ခေတ်ဦးလက်ရာများကို လေ့လာတွေ့ရှိနိုင် သည်။ ထိုလက်ရာများထဲတွင် အဆောက်အဦအမှတ် (၃၇၈) ဂန္ဓကုဋိတိုက်မှာ အုတ်ဖြင့် တည်ဆောက်ထားပြီး ထူးခြားလှသည်။ အရှေ့ဘက်နံရံ၌ ဝင်ပေါင်သုံးပေါက်ပါရှိပြီး ဝင်ပေါက်များကို မုခ်တံကဲပန်းများဖြင့် တန်ဆာဆင်ထားသည်။ 

အရှေ့ဘက်ဆုံး ဝင်ပေါက်(၃)ပေါက်၏ မြောက်ဘက်ဆုံးဝင်ပေါက်၌ ကြေးညီနောင်(၂)ပါးပုံကို မြင်တွေ့နိုင်သည်။ ဂန္ဓကုဋိတိုက်အတွင်းတွင် အရှေ့ဘက်သို့ မျက်နှာမူနေသော ပျက်စီးနေသည့် ပလ္လင်ခုံတစ်ခုရှိသည်။ ဂန္ဓကုဋိတိုက် အတွင်းနံရံများတွင် ဆင်းတုတော်များထားရှိရန် မုခ်ကပ်ငယ်များကို တွေ့မြင်နိုင်သည်။ မြောက်ဘက်၌ မုခ်ကပ်ငယ် (၇)ခု၊ တောင်ဘက်(၇)ခု၊ အနောက်ဘက် (၁၂)ခုနှင့် တောင်ဘက်တွင် လေသာပြတင်း(၂)ခုပါရှိပြီး အခြားလက်ရာများကိုလည်း လေ့လာနိုင်သည်။

တိမ်တမန်