မင်းခန့်
မျက်မှောက်ကာလမှာ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြတဲ့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ အဖြစ်ချင်ဆုံးလိုအင်ဆန္ဒဟာ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာခဲ့တဲ့၊ နှစ်ပေါင်း ၇၀ ကျော် ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိလိုခြင်းပဲ ဖြစ်ပါတယ်။
နိုင်ငံတော်ရဲ့ ပကတိလိုအပ်ချက်အရလည်း ထာဝရငြိမ်းချမ်းရေးရရှိမှသာ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအရှိန်အဟုန်နဲ့ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ထာဝရငြိမ်းချမ်းရေးရရှိမှလည်း လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးများအားလုံး လိုလားတောင့်တနေတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက်ကို အောင်မြင်စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ဒါ့ကြောင့်လည်း အစိုးရအနေနဲ့ နိုင်ငံတော်နဲ့ ပြည်သူလူထုတစ်ရပ်လုံးအတွက် ထာဝရငြိမ်းချမ်း ရေးရရှိအောင်မဖြစ်မနေ၊ မဆုတ်မနစ် ကြိုးစားလုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။ ထာဝရငြိမ်းချမ်းရေး ရရှိဖို့အတွက် အလိုအပ်ဆုံးနဲ့ မဖြစ်မနေစတင် လျှောက်လှမ်းရမဲ့ ခြေလှမ်းကတော့ “တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement – NCA)” လက်မှတ်ရေးထိုးပြီး နိုင်ငံရေးရည်မှန်းချက်တွေကို အချိန်တိုတိုအတွင်း မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရေးဖြစ်ပါတယ်။
NCA စာချုပ်ဟာ ထာဝရငြိမ်းချမ်းရေးရရှိဖို့အတွက် အခြေခံအုတ်မြစ်ကောင်းတစ်ခုဖြစ်သလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် တံခါးဝဖြစ်လို့ NCA တံခါးမှတစ်ဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေး တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းကို သတ္တိရှိရှိ၊ ရဲရဲဝံ့ဝံ့ လျှောက်လှမ်းကြရမှာ ဖြစ်ပါတယ်။
NCA စာချုပ်ရဲ့ အနှစ်သာရဟာ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတို့ကိုအခြေခံတဲ့ ပြည်ထောင်စုစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အာမခံချက်အပြည့်အဝရှိတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်တွေနဲ့အညီ တည်ဆောက်ဖို့ပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ NCA ရဲ့ အနှစ်သာရတွေကို သိရှိနားလည်ပြီး မိမိတို့ရဲ့ အတ္တ၊ မာန်မာနတွေကိုလျှော့ချကာ နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ ပကတိလိုအင်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် အသိတရားရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။
NCA စာချုပ်ဟာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်သက်သက် မဟုတ်ဘဲ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို တည်ငြိမ်အေးချမ်းစွာနဲ့ အကောင်အထည်ဖော် တည်ဆောက်နိုင်ဖို့ရည်ရွယ်ပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ သဘောတူညီမှုနဲ့ ဆောင်ရွက်ခဲ့တဲ့ အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။
NCA စာချုပ်ကို တစ်ဦးတစ်ယောက်၊ အဖွဲ့တစ်ဖွဲ့တည်းက ရေးဆွဲထားခြင်းမဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ လိုလားချက်နဲ့ အဆိုပြုချက်တွေကို မူတည်ပြီး နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အကြိမ်ကြိမ်ဆွေးနွေးညှိနှိုင်း သဘောတူလက်မှတ်ရေးထိုးခဲ့ကြတဲ့ သမိုင်းဝင်စာချုပ်တစ်ခု ဖြစ်ပါတယ်။
NCA စာချုပ်ဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်းကို ပြန်လည်ဆန်းစစ်ကြည့်လိုက်ရင် ဒီစာချုပ်ရဲ့ အရေးပါမှု၊ ဂုဏ်သိက္ခာနဲ့တန်ဖိုးကို ပိုမိုမြင်တွေ့ရမှာ ဖြစ်ပါတယ်။ ပထမ ဒီမိုကရေစီ အစိုးရလက်ထက် ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိဖို့ရည်ရွယ်ပြီး ငြိမ်းချမ်းရေးဖိတ်ခေါ်ရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်နေပြီဖြစ်တဲ့ လူမျိုးစုလက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်စေရေး ထိရောက်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ဖို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့များကို ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါတယ်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် ဒီမိုကရေစီအစိုးရရဲ့ ဖိတ်ခေါ်ချက်အရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ သက်ဆိုင်ရာ ပြည်နယ်အဆင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကတစ်ဆင့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွေကို ပြုလုပ်ခဲ့ကြပါတယ်။ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးမှုများမှာ ပိုမိုထိရောက်အောင်မြင်စေရေးအတွက် ၂၀၁၄ ခုနှစ်အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း ၁၆ ဖွဲ့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် ညှိနှိုင်းရေးအဖွဲ့ (NCCT)၊ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) တွေ ဖွဲ့စည်းပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့ (UPWC) နဲ့ စတင်ဆွေးနွေးနိုင်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ်အတွင်းမှာ NCA သဘောတူစာချုပ် (မူကြမ်း) ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ခေါင်းဆောင်တွေနဲ့ အကြိမ်ကြိမ်ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ သမိုင်းဝင် NCA စာချုပ် လက်မှတ်ရေးထိုးပွဲကို ခမ်းနားထည်ဝါစွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ လက်မှတ်ရေးထိုးပွဲမှာတော့ အစိုးရကိုယ်စား နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ဦးဆောင်တဲ့ တပ်မတော်ခေါင်းဆောင်များအပါအဝင် အစိုးရကိုယ်စားလှယ် ကိုးဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းရှစ်ဖွဲ့မှ တစ်ဖွဲ့လျှင် သုံးဦးစီနဲ့ ၂၄ ဦး၊ ပြည်တွင်း အသိသက်သေ ၂၁ ဦး၊ နိုင်ငံတကာအသိ သက်သေတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ ဥရောပသမဂ္ဂနဲ့ ကုလသမဂ္ဂတို့မှ ကိုယ်စားလှယ်တွေ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ်မှာ တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ ထပ်မံရေးထိုးထားတဲ့အတွက် စုစုပေါင်း အဖွဲ့ ၁၀ ဖွဲ့ လက်မှတ်ရေးထိုးထားတဲ့ စာချုပ်ဖြစ်ပါတယ်။
NCA စာချုပ်မှာ အခန်း ၇ ခန်းပါဝင်ပြီး အပိုဒ်ပေါင်း ၃၃ ပိုဒ်၊ အပိုဒ်ခွဲ ၈၆ ခုနဲ့ ပြဋ္ဌာန်းချက် စုစုပေါင်း ၁၀၄ ချက် ပါရှိပါတယ်။ NCA စာချုပ်ထဲမှာ အခြေခံမူတွေ၊ ဦးတည်ချက်နဲ့ ရည်ရွယ်ချက်တွေ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာကိစ္စရပ်တွေ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ခိုင်မာအောင် လုပ်ဆောင်ခြင်း၊ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်တွေ၊ ရှေ့ဆက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေနဲ့ အထွေထွေအကြောင်းအရာတွေ ပါရှိပါတယ်။
အရေးကြီးဆုံးသော NCA ရဲ့ အခြေခံမူမှာ အာမခံချက်တွေ အပြည့်အဝရှိတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်တွေနဲ့အညီ တည်ဆောက်သွားဖို့နဲ့ နိုင်ငံရေးပြဿနာကို စစ်ရေးနဲ့ ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းကာ နိုင်ငံရေးယဉ်ကျေးမှု သစ်တစ်ရပ်ထူထောင်ပြီး လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဦးစွာဆောင်ရွက်ဖို့ ဖြစ်ပါတယ်။
ရည်ရွယ်ချက်ကောင်းမွန်ပြီး အနှစ်သာရပြည့်ဝတဲ့ NCA စာချုပ်ရဲ့ ထူးခြားချက်က NCA စာချုပ်ထဲမှာ ရေးသားထားတဲ့ အချက်အလက်တွေဟာ ၂၀၁၃ ခုနှစ် နိုဝင်ဘာလက ကချင်ပြည်နယ် လိုင်ဇာမှာပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညီလာခံနဲ့ ၂၀၁၅ ခုနှစ် ဇွန်လက ပြုလုပ်ခဲ့တဲ့ ကရင်ပြည်နယ်၊ လော်ခီးလာညီလာခံမှတစ်ဆင့် ထွက်ပေါ်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ လိုလားချက်၊ ကနဦးအဆိုပြုချက်များအပေါ် အစိုးရနဲ့တပ်မတော်က မြန်မာ့သမိုင်းစဉ် တစ်လျှောက်မှာမရှိဖူးတဲ့ လိုက်လျောမှု၊ သဘောထားကြီးမှု၊ စိတ်ရှည်သည်းခံမှုနဲ့ ငြိမ်းချမ်းရေးကိုလိုလားတဲ့ စိတ်ဆန္ဒနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံးကို ရင်းနှီးနွေးထွေးစွာနဲ့ အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးခဲ့ခြင်း ဖြစ်ပါတယ်။
ဒါ့ကြောင့် NCA စာချုပ်ဟာ အလွယ်တကူရရှိခဲ့ခြင်းမဟုတ်ဘဲ ပထမဒီမိုကရေစီ အစိုးရလက်ထက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ စတင်ဖိတ်ခေါ်ခဲ့တဲ့ရက်ကစပြီး NCA စာချုပ် လက်မှတ်ရေးထိုးချိန်အထိ ရက်ပေါင်း ၁၄၅၀ ရက် ကြာမြင့်ခဲ့ပြီး တွေ့ဆုံဆွေးနွေးမှု အကြိမ်ပေါင်း ၅၀၀၀ ကျော်အထိ ပြုလုပ်ခဲ့ကြပါတယ်။
NCA စာချုပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံတော်အစိုးရတို့ကြားမှာ အာမခံ ချက်ပေးထားတဲ့ ကတိကဝတ်နဲ့ သဘောတူညီချက် ဖြစ်တာနဲ့အညီ Union Accord အဖြစ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားတဲ့ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ပျက်ပြယ်မှုမရှိတဲ့ သမိုင်းဝင်စာချုပ်ဖြစ်တာကြောင့် နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က ထာဝရငြိမ်းချမ်းရေးရရှိဖို့ NCA ပါ သဘောတူညီချက်တွေအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်လျက်ရှိနေပါတယ်။
လက်ရှိရွေးကောက်ခံအစိုးရဖြစ်တဲ့ တတိယဒီမိုကရေစီအစိုးရလက်ထက်မှာတော့ နိုင်ငံတော်သမ္မတ ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ (NSPCC) ဟာ ငြိမ်းချမ်းရေးတံခါးကို ထာဝရဖွင့်ထားကာ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ထာဝရငြိမ်းချမ်းရေးရရှိဖို့ NCA လမ်းကြောင်းအတိုင်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့ကြောင့်လည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေလုပ်ဆောင်ရမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဆောင်နိုင်ဖို့ ကြိုတင်ကန့်သတ်ချက်များ မထားတဲ့ ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရေး ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် ၂၀၂၆ ခုနှစ် ဧပြီ လ ၂၁ ရက်နေ့မှာ ကမ်းလှမ်းဖိတ်ခေါ်ထားရှိပါတယ်။
တတိယဒီမိုကရေစီအစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုအပြီးမှာ အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဟာ အစိုးရရဲ့ ငြိမ်းချမ်းရေး မူဝါဒများနဲ့အညီ NCA လက်မှတ်ရေးထိုးထားတဲ့ EAO များ၊ NCA လက်မှတ်ရေးထိုးပြီး NCA မှ သွေဖည်သွားတဲ့ EAO များ၊ NCA လက်မှတ်မရေးထိုးရသေးတဲ့ EAO များ၊ အခြားငြိမ်းချမ်းရေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၊ လက်နက်ကိုင်အစုအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များ၊ သံတမန်များနဲ့ စဉ်ဆက်မပြတ်တွေ့ဆုံ ဆွေးနွေးလျက်ရှိပါတယ်။ ဒီလိုဆွေးနွေးမှုများမှာ အဓိကအားဖြင့် Bilateral ဆွေးနွေးမှုတွေနဲ့ စတင်ခဲ့ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေကိုအခြေပြုကာ နားလည်မှု၊ ယုံကြည်မှု တည်ဆောက်ခြင်းကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ရွေးကောက်ခံအစိုးရသစ်လက်ထက်မှာ ၂၀၂၆ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ကနေ ၂၀၂၆ ခုနှစ် အောက် တိုဘာလ ၁၀ ရက်နေ့အထိ ၆ လတာကာလအတွင်း NSPNC အနေနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ EAO အဖွဲ့ ခုနစ်ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမှု ၁၃ ကြိမ်၊ NCA လက်မှတ် မရေးထိုးရသေးတဲ့ EAO အဖွဲ့ငါးဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမှု ရှစ်ကြိမ်၊ ငြိမ်းချမ်းရေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းခြောက်ဖွဲ့နဲ့ ဆွေးနွေးမှုခုနစ်ကြိမ် စုစုပေါင်း အဖွဲ့ ၁၈ ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမှု ၂၈ ကြိမ်ရှိနေပြီဖြစ်ပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေရရှိနေပြီး အပြန်အလှန် လေးစားယုံကြည်မှုနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်လျက်ရှိနေပါတယ်။
အဲဒီဆွေးနွေးပွဲတွေမှာ အဓိကဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကတော့ အပြန်အလှန် နားလည်မှုနဲ့ ယုံကြည်မှုတည်ဆောက်ရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေးရလဒ်တွေနဲ့ အမြန်ဆုံးတည်ဆောက်ရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးနဲ့ နယ်စပ်ဖြတ်ကျော်မှုခင်းများ နှိမ်နင်းရေး၊ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး၊ အကြမ်းဖက်အဖွဲ့တွေ နယ်မြေအတွင်းမရှိစေရေးနဲ့ လိုအပ်တဲ့ဒေသတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နိုင်ရေးတို့အပြင် NCA လမ်းကြောင်းမှ ထွက်ခွာသွားတဲ့ EAO များ NCA လုပ်ငန်းစဉ်များမှာ ပြန်လည်ပါဝင်လာနိုင်စေရေးတို့ကို လွတ်လပ် ပွင့်လင်းစွာနဲ့ ရင်းရင်းနှီးနှီး ဆွေးနွေးလျက်ရှိပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပြည်သူလူထုရဲ့ ယုံကြည်မှုရရှိရေးဟာ လုပ်ငန်းစဉ်ကြီး အောင်မြင်စေရေးအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်တာကြောင့် ပြည်သူကိုဗဟိုပြုတဲ့ ချဉ်းကပ်မှုနဲ့ ငြိမ်းချမ်းရေးအသီးအပွင့်တွေ၊ ငြိမ်းချမ်းရေးရဲ့ အကျိုးကျေးဇူးတွေ ပြည်သူတွေ အမြန်ဆုံးခံစားရရှိ စေဖို့ကိုလည်း ကြိုးစားလုပ်ဆောင်လျက်ရှိပါတယ်။
လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားခဲ့တဲ့ လူမျိုးစုလက်နက်ကိုင်ပဋိပက္ခတွေဟာ မတူညီတဲ့ နိုင်ငံရေး ရည်မှန်းချက်၊ ကျဉ်းမြောင်းတဲ့လူမျိုးရေးအမြင်၊ ကိုယ်ကျိုးစီးပွားနဲ့ နွှယ်တဲ့ ပုဂ္ဂိုလ်ရေး အတ္တဆန်မှုတွေကြောင့် သက်ဆိုးရှည်နေရခြင်းဖြစ်ပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တိုင်းရင်းသားအရေး အကြောင်းပြချက်နဲ့ လက်နက်ကိုင်ဆွဲပြီး နယ်မြေထိန်းချုပ်မှုများ ပြုလုပ်နိုင်ရေး၊ လိုအပ်တဲ့ဘဏ္ဍာငွေကြေးရရှိဖို့အတွက် မူးယစ်ဆေးဝါး ကုန်သွယ်မှုအပါအဝင် တရားမဝင်စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံပိုင်သယံဇာတခိုးယူမှုများ၊ အွန်လိုင်းလောင်းကစား လိမ်လည်မှုများနဲ့ နယ်စပ်ဖြတ်ကျော် လက်နက်မှောင်ခိုကုန်သွယ်မှုများဟာ အစိုးရရဲ့အုပ်ချုပ်မှုယန္တရားနဲ့ လက်လှမ်းမမီတဲ့ တိုင်းရင်းသားနယ်မြေတွေမှာ ကြီးထွားအမြစ် တွယ်နေတာ ပကတိအရှိတရားဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ လူမျိုးစွဲ၊ ဒေသစွဲကြီးမားစွာနဲ့ ဖြစ်သင့်တာ ထက်ကျော်လွန်ပြီး ကိုယ်ဖြစ်ချင်တာတွေကို လက်နက်ကိုင်အကြမ်းဖက်နည်းလမ်းနဲ့ တောင်းဆိုနေခြင်းကို နိုင်ငံတော်အစိုးရအနေနဲ့ လက်ခံလို့ မရနိုင်တာကြောင့် မိမိတို့ရဲ့လိုလားချက်တွေကို လက်နက်စွဲကိုင်တောင်းဆိုခြင်းအစား နိုင်ငံရေးယဉ်ကျေးမှုအသစ်ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးခြင်း လမ်းကြောင်းကိုသာ လျှောက်လှမ်းကြစေချင်ပါတယ်။
လက်ရှိအစိုးရဟာ ရွေးကောက်ခံအစိုးရဖြစ်သလို တပ်မတော်နဲ့တစ်သားတည်းဖြစ်လို့ အစိုးရ၊ တပ်မတော်၊ ပြည်သူစည်းလုံးညီညွတ်စွာနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အပါအဝင် ပြည်သူလူထုတစ်ရပ်လုံးလိုလားနေတဲ့ “စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး” ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်ကို ညင်သာစွာကူးပြောင်း ရရှိအောင် လုပ်ဆောင်နေချိန်ဖြစ်ပါတယ်။
ဒါ့ကြောင့်လည်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိခိုက်ဆုံးရှုံးနစ်နာနေရတဲ့ ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားဘဝများ တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲနိုင်ရေး အသိတရားရှိရှိနဲ့ သတိတရားရရှိပြီး ထာဝရငြိမ်းချမ်းရေးရဲ့ တံခါးဝ NCA လမ်းကြောင်းကို လျှောက်လှမ်းကြပါရန် အချိန်အခါကောင်း ရောက်ရှိနေပြီဖြစ်ကြောင်း အသိပေးလိုပါတယ်။
NCA လမ်းကြောင်းပေါ်က EAO များ၊ လမ်းကြောင်းပေါ်ရောက်ပြီး သွေဖည်သွားတဲ့ EAO များ၊ လမ်းကြောင်းပေါ် လျှောက်လှမ်းဖို့ တုံ့ဆိုင်းနေတဲ့ EAO များအနေနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် အမှန်တကယ်လိုလားတဲ့ဆန္ဒ၊ သဘောထားကြီးစွာနဲ့ ညှိနှိုင်းလိုမှု၊ စိတ်ရှည်သည်းခံမှုနဲ့ ဘေးပယောဂများကို ကြံ့ကြံ့ခံပြီး ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးကာ သတ္တိရှိရှိဆုံးဖြတ်ပြီး NCA စာချုပ်မှသည် ထာဝရငြိမ်းချမ်းရေးပန်းတိုင်ကို အမြန်ဆုံး ရောက်ရှိအောင်အားသွန်ခွန်စိုက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ ။


