နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် KK Park ၊ ရွှေကုက္ကိုလ်နှင့် ကျောက်ခက် ဒေသအတွင်း တပ်မတော်စစ်ကြောင်းများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်

အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများကို အခြေချလုပ်ကိုင်၍ နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် KK Park ၊ ရွှေကုက္ကိုလ်နှင့် ကျောက်ခက် ဒေသအတွင်း တပ်မတော်စစ်ကြောင်းများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၁၀

KNU၊ KNLA၊ DKBA၊ PDF

အမည်ခံ အကြမ်းဖက်ပူးပေါင်း အဖွဲ့များအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ငန်းများနှင့် တရားမဝင် ဒုစရိုက်လုပ်ငန်းများကို လွတ်လပ် စွာဖြင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြဝတီ - သင်္ဃန်း ညီနောင် - ကော့ကရိတ် အာရှ လမ်းမကြီးနှင့် သင်္ဃန်းညီနောင် မြို့တို့အား ထိန်းချုပ်နိုင်ရေး ကြိုးပမ်းခဲ့ရာ သင်္ဃန်းညီနောင် မြို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်များနှင့် ဌာနဆိုင်ရာ အဆောက်အအုံများကို အင်အားအလုံးအရင်း ဖြင့် ၂၀၂၄ ခုနှစ် မတ် ၇ ရက်မှ ဧပြီ ၅ ရက်အထိ ၂၈ ရက်ကြာ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ ထိုသို့ တိုက်ခိုက်ခဲ့မှုကြောင့် မြို့တွင်းရှိ ဌာနဆိုင်ရာ အဆောက်အအုံများ နှင့် လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ရပြီး ဒေသခံတိုင်းရင်းသားများအနေဖြင့် မိမိတို့၏ အဆောက်အအုံ၊ ပစ္စည်းများကို စွန့်ခွာ၍ ဘေးလွတ်ရာသို့ ယာယီနေရပ်စွန့်ခွာခဲ့ရကာ အကြမ်းဖက်အဖွဲ့များအနေဖြင့် ၂၀၂၄ ခုနှစ် ဧပြီ ၅ ရက်မှ စတင်ပြီး မြဝတီ-သင်္ဃန်းညီနောင် - ကော့ကရိတ် အာရှလမ်းမကြီးအား ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

ထို့ပြင် အကြမ်းဖက်သောင်း ကျန်းသူများအနေဖြင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် အဓိက အချက်အချာကျသည့် ဘားအံ - ကျုံဒိုး- ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနှင့် ကော့ကရိတ်မြို့အား ထိန်းချုပ် ဖြတ်တောက်ရန်အတွက် ကျုံဒိုး- ကော့ကရိတ် လမ်းကြောင်းအား လည်းကောင်း၊ ကော့ကရိတ်-မြဝတီ လမ်းကြောင်းအား လည်းကောင်း လုံခြုံရေးတပ်ဖွဲ့ဝင် များဝင်ရောက်လာခြင်း မပြုလုပ်နိုင်ရေးအတွက် နှောင့်ယှက်ပိတ်ဆို့မှုများ ဆောင်ရွက်ခြင်း၊ ကျေးရွာများတွင် ပုန်းအောင်း နေထိုင်ပြီး အဖျက်အမှောင့်လုပ်ငန်းများကို နည်းလမ်း မျိုးစုံဖြင့် လုပ်ဆောင်ခဲ့သည့်အပြင် လမ်းကြောင်းတစ်လျှောက် သွားလာလျက်ရှိသည့် မော်တော်ယာဉ်များအား အကြောင်းမဲ့ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ဆက်ကြေး ကောက်ခံခြင်း၊ အဆိုပါလမ်း ကြောင်းများပေါ်ရှိ ညီညာသာလင်း တံတား၊ (၅) တိုင်တံတား၊ ကော့နွဲ့တံတားအပါအဝင် အများ ပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် လမ်းတံတားများ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်း၊ အတားအဆီးများ ပြုလုပ်၍ လမ်းကြောင်း ပိတ်ဆို့ခြင်းများ လုပ်ဆောင်ခဲ့သဖြင့် ကုန်စည် စီးဆင်းမှု ရပ်တန့်သွားခဲ့ပြီး အဆိုပါဒေသရှိ ဒေသခံတိုင်းရင်းသားပြည်သူများသည် ကုန်ဈေး နှုန်းကြီးမြင့်မှုများကို ရင်ဆိုင် ကြုံတွေ့ခဲ့ရကာ နေထိုင်စားသောက်ရေးတို့တွင် များစွာအခက် အခဲဖြစ်ပေါ်ခဲ့၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုများ နိမ့်ကျခဲ့ရသည့်အပြင် အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ငန်းများ ကြီးထွားလာစေခဲ့ပြီး နယ်မြေဒေသတည်ငြိမ်မှုအပေါ် များစွာ ထိခိုက်စေခဲ့သည်။

ထို့ကြောင့် တပ်မတော် စစ်ကြောင်းများအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ နှောင့်ယှက်ပိတ်ဆို့ထားသည့် လမ်းကြောင်းများအား ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် မော်တော်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲ အသုံးပြုနိုင်ရေးအတွက် ၂၀၂၅ ခုနှစ် ဧပြီ ၁၃ ရက်မှစ၍ ကျုံဒိုး-ကော့ကရိတ်ကြားတွင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသည့် အကြမ်းဖက် သောင်းကျန်းသူများကို ရဲရဲဝံ့ဝံ့ချေမှုန်းခဲ့ရာ စစ်ဆင်ရေးကာလသုံးလကျော်အတွင်း အကြမ်းဖက် သောင်းကျန်းသူများ နှင့် တိုက်ပွဲကြီး/ငယ် ၉၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူထံမှအလောင်း ၁၇ လောင်း၊ လက်နက်မျိုးစုံ ၃ဝ နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းပိုက်ရရှိခဲ့ပြီး ၂၀၂၅ ခုနှစ် ဇူလိုင် ၂၄ ရက်တွင် ကျုံဒိုး-ကော့ကရိတ် လမ်းကြောင်း တစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ခဲ့သည်။

အလားတူ တပ်မတော်

စစ်ကြောင်းများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များသည် သင်္ဃန်းညီနောင်မြို့နှင့် နယ်မြေခံတပ်ရင်း တပ်ဖွဲ့များ၊ ဌာနဆိုင်ရာအဆောက်အအုံများကို အကြမ်းဖက် သောင်းကျန်းသူများ၏ လက်သို့ ကျရောက်မှု မရှိစေရေးအတွက် မိမိအသက်ကို ပဓာနမထားဘဲ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယ ဖြင့် ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ခဲ့သည့်အတွက် အကြမ်းဖက် သောင်းကျန်းသူများသည် အထိအခိုက် အကျအဆုံးများပြီး ဖရိုဖရဲဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာ ၆ ရက်တွင် မြဝတီ- သင်္ဃန်းညီနောင် - ကော့ကရိတ် အာရှလမ်းမကြီးအား ပြန်လည် ဖွင့်လှစ် ဆောင်ရွက်ပေးနိုင်ခဲ့သည်။

တပ်မတော် စစ်ကြောင်းများအနေဖြင့် မြဝတီ - သင်္ဃန်း ညီနောင် - ကော့ကရိတ် အာရှ လမ်းမကြီးအား အပြည့်အဝ ပြန်လည် ထိန်းချုပ်ပြီးနောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ မြဝတီမြို့၏ အရှေ့ တောင်ဘက် မီတာ ၄၈၀၀ ခန့် အကွာရှိ KK Park နယ်မြေအတွင်း အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များက အခကြေးငွေ ရယူပြီး ကာကွယ်ပေးထားသော တရားမဝင် အွန်လိုင်းလောင်း ကစားလုပ်ငန်း လုပ်ကိုင်နေသည့် အဆောက်အအုံ ၆၃၅ လုံးနှင့်အတူ တရားမဝင် ပြည်ပနိုင်ငံသား အမျိုးသား ၁၀၈၈ ဦး၊ အမျိုးသမီး ၁၉၄ ဦး စုစုပေါင်း ၁၂၈၂ ဦးအား အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် အဆိုပါ တရားမဝင် ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာ နိုင်ငံများသို့ ၎င်းတို့ ဝင်ရောက်လာခဲ့သည့် ထိုင်းနိုင်ငံမှ တစ်ဆင့် စနစ်တကျလွှဲပြောင်း ပေးအပ်ခဲ့ပြီး အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ များကို အဆိုပါဒေသတွင် ပြန်လည်အခြေချလုပ်ကိုင်မှု မရှိစေရေးနှင့် ဒုစရိုက်လုပ်ငန်းများ ထပ်မံဆောင်ရွက်နိုင်မှု မရှိစေရေးအတွက် အပိုင်းသုံးပိုင်းခွဲကာ စနစ်တကျ ဖောက်ခွဲဖျက်ဆီး၍ လည်းကောင်း၊ ယာဉ်ယန္တရားများ အသုံးပြု၍လည်းကောင်း ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် ရာနှုန်းပြည့် ဖြိုချဖျက်ဆီးခဲ့ပြီး ဖြစ်သည်။

အလားတူ ကရင်ပြည်နယ် မြဝတီမြို့၏ အရှေ့မြောက်ဘက် မီတာ ၁၅၀၀၀ ခန့် အကွာ ရွှေကုက္ကိုလ် နယ်မြေအတွင်း၌လည်း အကြမ်းဖက်သောင်းကျန်း သူပူးပေါင်းအဖွဲ့များက အခကြေး ငွေရယူပြီး ကာကွယ်ပေးထားသော တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်ခဲ့သည့် အဆောက်အအုံ ၇၇ လုံးနှင့်အတူ တရားမဝင်ပြည်ပ နိုင်ငံသား အမျိုးသား ၁၈၁၁ ဦး၊ အမျိုးသမီး ၂၆၄ ဦး စုစုပေါင်း ၂၀၇၅ ဦးအား ဖမ်းဆီးရမိခဲ့သဖြင့်အဆိုပါ ဖမ်းဆီးရမိခဲ့သူများအား သက်ဆိုင်ရာနိုင်ငံများသို့ ထိုင်းနိုင်ငံမှတစ်ဆင့် စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပြီး အဆောက် အအုံများကို စနစ်တကျဖောက်ခွဲ ဖျက်ဆီး၍ လည်းကောင်း၊ ယာဉ်ယန္တရားများ အသုံးပြု၍လည်း ကောင်း ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ် ဇူလိုင် ၂၆ ရက်တွင် ရာနှုန်းပြည့် ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်သည်။

ဆက်လက်၍ တပ်မတော် စစ်ကြောင်းများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါ ဒေသများအတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်သူများ အခြေချနေထိုင် လုပ်ကိုင်မှု မရှိစေရေးအတွက် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသခံတာဝန်သိ ပြည်သူများ ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ရှာဖွေဖော်ထုတ် စစ်ဆေးခြင်းများ ဆောင်ရွက်စဉ် ကျောက်ခက်ဒေသ အတွင်း၌လည်း အွန်လိုင်းလိမ်လည် လောင်းကစားမှုများ အခြေချ လုပ်ကိုင်နေကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေး၊ နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အွန်လိုင်း လိမ်လည် လောင်းကစားမှုလုပ်ငန်းများကို ကာကွယ်ပေးထားသော အကြမ်းဖက်သောင်းကျန်းသူများ၏ စခန်းတစ်ခုဖြစ်သည့် ကျွန်းခုနစ်ပင် စခန်းအား ၂၀၂၆ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် လည်းကောင်း၊ အဆိုပါစခန်း၏ အရှေ့တောင်ဘက် မီတာ ၅၀၀၀ ခန့်အကွာရှိ အွန်လိုင်းလိမ်လည် လောင်း ကစားမှုလုပ်ငန်း လုပ်ကိုင်သည့် နေရာအား ၂၀၂၆ ခုနှစ် ဇူလိုင် ၂၅ ရက်တွင် လည်းကောင်း၊ အဆိုပါ စခန်း၏ အရှေ့တောင်ဘက်မီတာ ၆၅၀၀ ခန့်အကွာရှိ အွန်လိုင်း လိမ်လည် လောင်းကစားမှု လုပ်ငန်း လုပ်ကိုင်သည့်နေရာအား ၂၀၂၆ ခုနှစ် ဩဂုတ် ၁၇ ရက်တွင် လည်းကောင်း အသီးသီးသိမ်းပိုက် ရရှိခဲ့သည်။

ထိုသို့ သိမ်းပိုက်ရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်း လုပ်ကိုင်နေသူများကို မြေနေရာပေး၍ အခကြေးငွေရယူကာ ကာကွယ်ပေးထားသည့် အကြမ်း ဖက်သောင်းကျန်းသူအဖွဲ့များနှင့် တိုက်ပွဲ ကြီး/ငယ် ၄၆ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်း ကျန်းသူများထံမှ အလောင်း ၂၁ လောင်း၊ လက်နက်မျိုးစုံ ၁၈ လက်၊ ကျည်အိမ်မျိုးစုံ ၂၇ ခု၊ ကျည်မျိုးစုံ ၁၃၃၃ တောင့်၊ လက်လုပ် Dropဗုံး ၁၄ လုံး၊ မိုင်းမျိုးစုံ ၂၁၉ လုံး၊ ကျည်ကာအင်္ကျီ ကိုးစုံ၊ ကျည်ကာ ဦးထုပ် ၁၅ လုံး၊ ညကြည့်မှန် ပြောင်းတစ်ခု၊ ကင်းထောက် Drone တစ်စင်း၊ လမ်းလျှောက် စကားပြောစက် ခုနစ်လုံး၊ ပစ်ကျင်း ၄၄၁ ကျင်း၊ ဘန်ကာ ၅၃ လုံး၊ လူနေတဲ ၂၂၈ လုံး၊ အွန်လိုင်း လိမ်လည် လောင်းကစားမှုများ လုပ်ဆောင်ခဲ့သည့် အဆောက်အအုံ ၁၅ လုံး၊ အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ငန်းများ လုပ်ကိုင်သူ တရားမဝင်ပြည်ပ နိုင်ငံသားများနှင့် ဆက်စပ်သူများ အပါအဝင် ၇၇၇ ဦးတို့အား လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် StarLink နှစ်လုံး၊ တယ်လီဖုန်းမျိုးစုံ ၄၅၂ လုံးနှင့် ကွန်ပျူတာဆက်စပ် ပစ္စည်းမျိုးစုံ ၁၇၅ စုံတို့အား သိမ်းဆည်းရရှိသည်။

အဆိုပါ ကျောက်ခက်ဒေသရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သူများအနက် တရားမဝင်ပြည်ပနိုင်ငံသား ၂၁၀ အား ၂၀၂၆ ခုနှစ် ဇူလိုင် ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့က အခကြေးငွေများရယူကာ မော်တော်ယာဉ်များဖြင့် တင်ဆောင်ပြီး ကျောက်ခက်-ဝေါလေ လမ်းကြောင်းအတိုင်း ဝေါလေ၏ အနောက်တောင်ဘက် မီတာ ၂၆၀၀ ခန့်အကွာ မြန်မာ-ထိုင်းနယ်စပ်သို့ ပို့ဆောင်ပေးခဲ့ပြီး မြန်မာ-ထိုင်း နယ်စပ်အား ဖြတ်သန်း၍ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံ ပြည်သူများ၏ သတင်းပေးပို့မှုအရ သိရှိသည်။

ထို့ပြင် အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် လေးကေ့ကော်မှ ကျောက်ခက် ဒေသသို့သွားသည့် လမ်းကြောင်း ပေါ်ရှိ သံပေါင်ဘေလီ အမျိုးအစား ဖြစ်သည့် အရှည် ပေ ၈၀၊ အကျယ် ၁၃ ပေရှိ ကျွန်းခုနစ်ပင်တံတားအားလည်း မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးထားရှိသဖြင့် နယ်မြေခံစစ်မြေပြင်အင်ဂျင်နီယာတပ်မှ တပ်မတော်သားများက ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ၂၀၂၆ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် တံတားပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးခဲ့ကြောင်း သိရသည်။

ယင်းအပြင် အကြမ်းဖက် သောင်းကျန်းသူများ ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သည့် ကျုံဒိုး-ကော့ကရိတ်-သင်္ဃန်းညီနောင်- မြဝတီလမ်းကြောင်းပေါ်ရှိ ညီညာ သာလင်းတံတား၊ (၅)တိုင်တံတား နှင့် ကော့နွဲ့တံတား အပါအဝင် လမ်း/တံတားများအား နယ်မြေခံ စစ်မြေပြင် အင်ဂျင်နီယာတပ်မှ တပ်မတော်သားများက သက်ဆိုင် ရာ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ပြန်လည်ပြုပြင် တည်ဆောက်ပေးခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများ လမ်းကြောင်းတစ်လျှောက် ပိတ်ဆို့ထားသည့် အတားအဆီးများကိုလည်း ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

အွန်လိုင်းလိမ်လည် လောင်းကစားမှုများကို ကျူးလွန်ကြသူ များအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံအပါအဝင် အိမ်နီး ချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံ ဖြတ်သန်း၍ နယ်စပ်လမ်းကြောင်း များမှတစ်ဆင့် တရားမဝင်ဝင်ရောက်လာပြီး အွန်လိုင်း လိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ အွန်လိုင်းလိမ်လည် လောင်းကစားမှုများကို ကျူးလွန် ခဲ့ကြသူများသည် Social Media မှတစ်ဆင့် နည်းမျိုးစုံဖြင့် မက်လုံး ပေး စည်းရုံးမှုကြောင့် နိုင်ငံစုံမှ အလုပ်လာရောက်လုပ်ကိုင်ရင်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့ရသည့် လူကုန်ကူးခံရသူများနှင့် ရာဇဝတ်မှုများကျူးလွန် ထွက်ပြေးတိမ်းရှောင် နေကြသူများဖြစ်ကြောင်း သိရှိသည်။

၎င်းတို့အနေဖြင့် အရှေ့တောင် အာရှနိုင်ငံအချို့တွင် လုပ်ကိုင်ခဲ့ကြပြီး အိမ်နီးချင်းနိုင်ငံအချို့ ပဋိပက္ခဖြစ်မှုနောက်ပိုင်းမှ မြန်မာနိုင်ငံအရှေ့တောင်ဒေသ KNU ၊ KNLA၊ DKBA ၊ PDF အမည်ခံ အကြမ်းဖက် ပူးပေါင်းအဖွဲ့များ အခြေချ နေထိုင်လျက်ရှိသည့် မြဝတီဒေသသို့ တစ်ဖက်နိုင်ငံမှ တစ်ဆင့် နည်းလမ်းပေါင်းစုံဖြင့် ဝင်ရောက်လုပ်ကိုင်ခဲ့ကြခြင်းဖြစ် သည်။ အဆိုပါအဖွဲ့များ ဝင်ရောက် လုပ်ကိုင်မှုအပေါ် KNU ၊ KNLA၊ DKBA ၊ PDF အမည်ခံ အကြမ်းဖက် ပူးပေါင်းအဖွဲ့များအနေဖြင့် နိုင်ငံ နှင့် ဒေသအပေါ်ကြီးမားစွာ ထိခိုက်နစ်နာမှုများကို လျစ်လျူရှု၍ မြေနေရာပေးခြင်း၊ အကာ အကွယ်ပေးခြင်းတို့ ပြုလုပ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝင်ရောက် မလာစေရေး ဆက်သွယ်ရေးလမ်း ကြောင်းများကို သိမ်းပိုက် ထိန်းချုပ်ရန် ကြိုးပမ်းခဲ့ကြောင်း တွေ့ရှိရသည်။

နိုင်ငံတော် အစိုးရအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ် အားလုံး၏ လူမှုဘဝများကို ပျက်စီးစေပြီး လူ့ကျင့်ဝတ်သိက္ခာများ ထိခိုက်စေ၍ အများပြည်သူ အကျိုးစီးပွားနှင့် အမျိုးသားလုံခြုံ ရေးကိုပါ အလုံးစုံအန္တရာယ်ပေး လျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက် လျက်ရှိကာ ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရ များနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ နိုင်ငံအတွင်း လုံးဝအခြေမချနိုင်သည်အထိ ထိထိရောက်ရောက် ရှာဖွေစစ်ဆေးနှိမ်နင်းခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အွန်လိုင်းလိမ်လည်လောင်း ကစားမှုလုပ်ငန်းများ လုပ်ကိုင်နေ မှုများအားသိရှိပါက သက်ဆိုင်ရာသို့ သတင်းပေးပို့၍ အွန်လိုင်း လိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ပေးနိုင်ပါရန် မေတ္တာရပ်ခံပါကြောင်းနှင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသခံ ပြည်သူများနှင့် ပူးပေါင်း၍ အဆိုပါ နယ်မြေနှင့် ပတ်ဝန်းကျင်ဒေသများတွင် လိုအပ်သည့်နယ်မြေ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်