မုန်တိုင်းသတိပေးချက်ရှိနေသော်လည်း ရန်ကုန်(ပန်းဆိုးတန်း/ဒလ)ကူးတို့ရေယာဉ်များ ပုံမှန်ပြေးဆွဲ

ရန်ကုန်  ၈   နိုဝင်ဘာ

 

            ယခုရက်ပိုင်းအတွင်း မုန်တိုင်းသတိပေးချက်ရှိနေပြီး မုန်တိုင်းအရှိန်ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးရွာသွန်းခြင်းများ ဖြစ်ပေါ်လျက်ရှိပြီး ရန်ကုန်မြစ်အတွင်းပြေးဆွဲနေသော ရန်ကုန်(ပန်းဆိုးတန်/ဒလ) ကူးတို့ ရေယာဉ်များရပ်နားခြင်းမရှိဘဲ ခရီးသွားပြည်သူများ သွားလာရေး အဆင်ပြေစေရေးအတွက် ပုံမှန်ပြေးဆွဲပို့ဆောင်ပေး လျက်ရှိပြီး ရာသီဥတုအခြေအနေပေါ်မူတည်ပြီး ပြေးဆွဲပေးလျက်ရှိကြောင်း  ပန်းဆိုးတန်းဆိပ်ကမ်းမန်နေဂျာ ဒေါ်ခင်ခင်နုထံ မှ သိရသည်။

 

44

         

   ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(မြစ်ဝကျွန်းပေါ်ဌာနခွဲ) ရန်ကုန်(ပန်းဆိုးတန်း/ဒလ) ကူးတို့ရေယာဉ်များကို ပုံမှန်ပြေးဆွဲပေးလျက်ရှိတယ်၊ မုန်တိုင်းသတိပေးချက်နဲ့ပတ်သက်ပြီး ချယ်ရီသင်္ဘောပေါ်မှာ အသက်ကယ်အင်္ကျီတွေ အဆင်သင့် ဆောင်ရွက်ထားရှိပေးတယ်၊ ဒီနေ့ နံနက်ပိုင်းကစပြီး မုန်တိုင်းအရှိန်ကြောင့် မိုးရွာနေတာ မဆဲသေးဘူး၊ လေပြင်းတော့တိုက်ခတ်တာမျိုးတော့မရှိဘူး၊ ရုတ်လရက် မိုးကြီးပြီး လေပြင်းတိုက်လာရင် သင်္ဘောတွေကို ကမ်းကနေ မထွက်ခွာဖို့အတွက် အသိပေးထားပါတယ်၊ ခရီးသည်တွေ အန္တရာယ်ကင်းရှင်းဖို့နဲ့ ဘေးကင်းလုံခြုံရေးအတွက် ဝန်ထမ်းများက အနီးကပ် စောင့်ကြည့်ပြီး ဆောင်ရွက်ပေးလျက်ရှိပါတယ် ဟု ပြောကြားခဲ့သည်။

 

            ထို့အတူ ရန်ကုန်မြစ်အတွင်း ပြေးဆွဲပေးလျက်ရှိသော စက်တပ်သမ္ဗာန်ကူးတို့ဆိပ်(၁၁) ဆိပ်ရှိ  တာဝန်ရှိသူများကို မုန်တိုင်းသတိပေးချက်နှင့် ပတ်သက်၍ အသိပေးပြောကြားထားကြောင်းသိရသည်။ “ ရာသီဥတု ဖောက်ပြန်တဲ့အခါမျိုး၊ မုန်တိုင်းရှိတဲ့အချိန်မျိုးမှာ မြစ်တွင်း သွားလာနေတဲ့ စက်တပ်သမ္ဗာန်မောင်းနှင်းသူများ အားလုံးကို မထွက်ကြဖို့ နိုဝင်ဘာ(၄)ရက်နေ့က (၁၀)ဆိပ်ကမ်း အစည်းအဝေးမှာ ညွှန်ကြားထားခဲ့ပြီးဖြစ်ပါတယ်၊  စည်းကမ်း လိုက်နာကြဖို့နဲ့ အသက်ကယ်အင်္ကျီတပ်ဆင်ထားရှိဖို့ကို ပြောကြားထားတယ်၊ စည်းကမ်းမလိုက်နာရင် ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်သွားမှာပါ၊ စည်းကမ်းမလိုက်နာလို့ အရေးယူထားတာတွေလည်းရှိတယ်” ဟု မြို့နယ်စက်တပ်ရေယာဉ်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်ငြိမ်း က ပြောကြားခဲ့သည်။

 

11

 

            ဒလမြို့နယ်၌ ရန်ကုန်မြစ်အတွင်း ပြေးဆွဲနေသော စက်တပ်သမ္ဗာန်ကူးတို့ဆိပ်(၁၁) ဆိပ်၌ စက်တပ်သမ္ဗာန် စီးရေ(၄၈၄ )စီး၊ လက်ခပ်သမ္ဗာန်စီးရေ(၂၀) ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

            ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဘာတ်ဘယ်”(BULBUL)၏ အရှိန်ကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ မိုးထစ်ချုန်းရွာခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်း၊ မကြာခဏမိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ ပြည်တွင်းလေကြောင်း ပျံသန်းရေ၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ကြိုတင် သတိပြုနိုင်ကြရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

 

 

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)

 

33