မုံရွာမြို့၌ ၂၀၂၆ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မုံရွာ အောက်တိုဘာ ၄

 

စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနနှင့် မြို့နယ်အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာနတို့မှ ကြီးမှူး၍ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက မုံရွာ - ရေဦးကားလမ်း မိုင်တိုင် ၇၈/၁ တွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

 

 အဆိုပါ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန တိုင်းဒေသကြီးအဆင့် သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တမာ ၉၅ ပင်၊ မည်စည်ပင် ၈၀၊ ဥနှဲပင် ၃၀၊ မန်ကျည်း ၂၅ ပင်၊ တပေဘူတပင် ၂၀ စုစုပေါင်းပျိုးပင် ၂၅၀ တို့ကို စုပေါင်းစိုက်ပျိုးပေးသည်။

 

အလားတူ မုံရွာမြို့နယ် အတွင်းရှိ အခြားလမ်းဘေးဝဲ၊ ယာ စုစုပေါင်းနေရာ ရှစ်ခုတွင် မည်စည်၊ တမာ၊ စိန်ပန်း၊ တပေ ဘူတ၊ ပန်းမဲဇလီ စုစုပေါင်း ပျိုးပင် ၆၃၂ ပင်ကိုလည်းကောင်း၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည် ရေးဦးစီးဌာနမှ တပေဘူတ၊ စိန်ပန်း၊ စစ်ပင်၊ ကျွန်း၊ မဲဇလီ၊ တမာ၊ ကုက္ကို သစ်မျိုးများဖြင့် စုစုပေါင်း ၈၈၇ ပင်ကို စုပေါင်း စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

 

 ခရိုင်(ပြန်/ဆက်)