မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်


မုံရွာ ဩဂုတ် ၂၂

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုး တိုးတက်စေပြီး သန့်ရှင်းသာယာ လှပကာ မြို့နေပြည်သူများ အားလပ်ချိန်များတွင် စိတ်အပန်းဖြေစေရန်နှင့် ကျန်းမာရေးလှုပ်ရှားမှုများ ဆောင်ရွက်နိုင်စေရန်အတွက် ကန်သာယာကန် သန့်ရှင်းသာယာလှပရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ 

 

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယနေ့ နံနက်ပိုင်းတွင် မုံရွာမြို့ ကန်သာယာကန် ပြည်ထောင်စုရင်ပြင်သို့ ရောက်ရှိပြီး ကန်သာယာကန် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် အရိပ်ရ/ အလှပျိုးပင်များ ပျိုးထောင်ထားရှိမှုများကို လိုက်လံကြည့်ရှုကာ ကန်ပတ်ဝန်းကျင်ကို အမြဲသန့်ရှင်းသာယာလှပအောင် ဆောင်ရွက်သွားရေး၊ အရိပ်ရ သစ်ပင်များ/ အလှပန်းပင်များ ရှင်သန်အောင်စိုက်ပျိုးသွားရေး၊ ကန်ပတ်လည်ရှိ စတီးလက်ရန်းများ၊ လူသွားလျှောက်လမ်းများ၊ ထိုင်ခုံများ၊ အားကစားပစ္စည်းများနှင့် မီးတိုင်များ ပျက်စီးမှုမရှိအောင် စနစ်တကျ ထိန်းသိမ်းသွားရေးနှင့် ကန်အတွင်းအမှိုက်များစွန့်ပစ်မှု မရှိအောင် တာဝန်ရှိသူများက အလေးထားကာ ဆောင်ရွက်သွားရန်တို့ကို မှာကြားသည်။

 

ထို့နောက် မုံရွာမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေးနှင့် ကျောင်းသား ကျောင်းသူများ ကျန်းမာသန်စွမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းဝင်းအတွင်း ခြင်များပေါက်ဖွားနိုင်သည့် နေရာများ၊ သစ်ပင်ချုံနွယ်များ၊ ပလတ်စတစ်အမှိုက်များကို မုံရွာမြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)