မုံရွာ - မန္တလေးပြေးဆွဲနေသော ခရီးသည်တင်မော်တော်ယာဉ်အား PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ရဟန်းသံဃာတော်နှင့် အပြစ်မဲ့အရပ်သားပြည်သူများသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် စက်တင်ဘာ ၂၈

 

CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန်နှင့် ပြည်သူလူထု ကိုအကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြား စေရန်ရည်ရွယ်၍ စစ်ရေးပစ်မှတ်နှင့် မသက်ဆိုင်သည့်နေရာများ၊ အရပ်သားပြည်သူများ၊ သစ္စာရှိနိုင်ငံ့ဝန်ထမ်းများနှင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား သေဆုံး၊ ထိခိုက်ဒဏ်ရာ ရစေရန် အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူပိုင် အဆောက်အအုံများ မီးရှို့ဖျက်ဆီးခြင်း၊ အများပြည်သူ သွားလာအသုံးပြုလျက်ရှိသော လမ်းဘေး ဝဲ/ယာများ၌ မိုင်းထောင်ခြင်း၊ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူများအား လက်နက်အားကိုးဖြင့် ခြိမ်းခြောက်ခြင်းနှင့် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း စသည့်အကြမ်းဖက် လုပ်ရပ်များကို နည်းမျိုးစုံဖြင့် ဆင်ခြင်တုံတရား ကင်းမဲ့စွာ ဥပဒေမဲ့ကျူးလွန် လုပ်ဆောင်လျက်ရှိသည်။

 

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးမြို့မှ မုံရွာမြို့သို့ ယာဉ်မောင်း ဦးဇင်ကိုအောင် (ဘ)ဦးမှန် မြိုင်မြို့နယ် လင်းကတော ကျေးရွာနေသူ မောင်းနှင်လာသည့် AD Van အမျိုးအစား မော်တော်ယာဉ်အား မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာအကျော် တံတားအနီး မိုင်တိုင် အမှတ် (၄၂/၅) အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများက အကြောင်းမဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့သဖြင့် ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသွားများဖြစ်သည့် ငပုတောမြို့နယ် သက္ကယ်ချောင်းကျေးရွာနေ ဒေါ်ဝေဝေလွင် (ဘ)ဦးသောင်းရွှေသည် မိုင်းစထိမှန် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး ဆရာတော် ဘဒ္ဒန္တ သီလာစာရနှင့် ရေစကြိုမြို့နယ် ဒီပဆေးကျေးရွာနေ မမီမီသန့်(ဘ) ဦးဝင်းသန့်နှင့် ယာဉ်မောင်းဖြစ်သူတို့တွင် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

 

အထက်ပါဖြစ်စဉ်၌ မိုင်းစထိမှန် ဒဏ်ရာရရှိသူများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက မြင်းမူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စေပြီး လိုအပ်သော ဆေးဝါးကုသမှုများ ဆက်လက် ဆောင်ရွက်စေလျက် ရှိကြောင်း သိရသည်။

 

PDF အမည်ခံ အကြမ်းဖက်သမားများသည် ယခုကဲ့သို့ စစ်ရေးပစ်မှတ်နှင့် မသက်ဆိုင်သည့် သာသနာတော်အကျိုး သယ်ပိုးဆောင်ရွက်လျက်ရှိသည့် ရဟန်းသံဃာတော်နှင့် အပြစ်မဲ့ အရပ်သားပြည်သူများ စီးနင်းလိုက်ပါလာသည့် ခရီးသွား မော်တော်ယာဉ်ကို ဆင်ခြင်တုံတရား ကင်းမဲ့စွာဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ခဲ့ခြင်းအတွက် ဒေသခံပြည်သူများကလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း၊ အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်သိဒေသခံ ပြည်သူများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်လျက်ရှိပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူ့အသက်အိုးအိမ်စည်းစိမ် ကာကွယ် စောင့်ရှောက်ရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 (၉) မော်တော်ယာဉ်မိုင်းဆွဲတိုက် (၉) မော်တော်ယာဉ်မိုင်းဆွဲ (၉) မော်တော်ယာဉ်မိုင်းဆွဲတို(၉) မော်တော်ယာဉ်မိုင်းဆွဲ