ရန်ကုန် ဩဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မှုခင်းကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က လှိုင်သာယာမြို့နယ်၌ YBS ယာဉ်လိုင်းများပေါ်ရှိ ခရီးသည်များထံမှ ခါးပိုက်နှိုက်သည့် အမျိုးသားသုံးဦးအား ရဲတပ်ဖွဲ့က စောင့်ကြည့်စစ်ဆေးဖမ်းဆီးနိုင်ခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။
ယမန်နေ့က လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် မြို့မရဲစခန်းမှ ဒုတိယတပ်ကြပ် မြတ်ကျော်နှင့် အဖွဲ့သည် အမှတ် (၁၅) ရပ်ကွက် ကျန်စစ်သားလမ်း ကမ္ဘောဇမှတ်တိုင်တွင် YBS (53) ယာဉ်ပေါ်မှ ဆင်းလာသည့် ချင်းသူ (ခ) ကိုမိုးနှင့် အမှတ် (၁၅) ရပ်ကွက် ကျန်စစ်သားလမ်း ၁၂၇ မီးပွိုင့် ကားမှတ်တိုင်၌ YBS (53) ယာဉ်ပေါ်မှ ဆင်းလာသည့် မျိုးဇော်ထက် (ခ) ကုလားတို့အား မသင်္ကာ၍ စစ်ဆေးရာ ၎င်းတို့နှစ်ဦးသည် ယာဉ်ပေါ်မှ ခရီးသည် အမျိုးသမီးနှစ်ဦး၏ အိတ်အတွင်းမှ iphone အမျိုးအစား လက်ကိုင်ဖုန်းနှစ်လုံးကို နှိုက်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် လှိုင်သာယာ (အရှေ့ပိုင်း) မြို့မရဲစခန်း (ပ) ၉၂၁/ ၂၀၂၆ နှင့် (ပ) ၉၂၂/ ၂၀၂၆ ရာဇသတ်ကြီးပုဒ်မ ၃၇၉ (နှိုက်) / ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။
ထိုနေ့တွင် လှိုင်သာယာ (အနောက်ပိုင်း) မြို့မရဲစခန်းမှ ဒုတိယရဲအုပ် သက်ဇော်မောင်နှင့် အဖွဲ့သည် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် (၁၃) ရပ်ကွက် ဗိုလ်အောင်ကျော်လမ်း ပင်လုံဈေးကားမှတ်တိုင်တွင် ကြားကားယာဉ်ပေါ်မှ ဆင်းလာသည့် သက်ထွေးအား မသင်္ကာ၍ စစ်ဆေးရာ ယာဉ်ပေါ်မှ ခရီးသည် အမျိုးသမီး၏ စလင်းဘက်အိတ်အတွင်းမှ Tecno Spark အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်းကို နှိုက်ယူခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရာ လှိုင်သာယာ (အနောက်ပိုင်း) မြို့မရဲစခန်း (ပ) ၇၄၄/ ၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ (နှိုက်)/ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။
သတင်း-အောင်သူ
ဓာတ်ပုံ-တိုင်းရဲတပ်ဖွဲ့


