မန္တလေး ဩဂုတ် ၁၀
မန္တလေး တိုင်းဒေသကြီး မိုးကုတ်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းပြီး ဆည်တော်ကြီး ရေလှောင်တမံအတွင်း ရေဝင် ရောက်မှု များပြားခဲ့သည့်အတွက် ဆည်တော်ကြီး ရေလှောင်တမံ ဘေးကင်းလုံခြုံမှုရှိစေရန် ပိုလျှံရေ များကို ထိန်းညှိလျှော့ချခဲ့ရာ အောင်မြေသာစံခရိုင် မတ္တရာ မြို့နယ်အတွင်း ကျောက်စရစ် ကုန်း(တောင်) ကျေးရွာအုပ်စု မန္တလေး - မိုးကုတ်လမ်းပေါ်တွင် ရေကျော်ခြင်း၊ ကျောက်စရစ်ကုန်း (တောင်)ကျေးရွာများတွင် ရေဝင် ရောက်ခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။
ထိုသို့ ရေဝင်ရောက်ခဲ့သည့် ကျောက်စရစ်ကုန်း (တောင်) ကျေးရွာအုပ်စု ဇီးဖြူပင်ကုန်း ကျေးရွာတွင် ရေဘေးကယ်ဆယ် ရေးစခန်းဖွင့်လှစ်ပြီး နယ်မြေခံ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှု ကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတ အဖွဲ့များနှင့် ဒေသခံပြည်သူများ စုပေါင်းကာ ရေဘေးသင့်ပြည်သူများအား ရှာဖွေကူညီရွှေ့ပြောင်းခြင်းကို အင်တိုက်အားတိုက် ကြိုးစားဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ရေဘေးကယ်ဆယ်ရေး စခန်းရှိ ပြည်သူများကို ယနေ့မွန်းလွဲ ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က တိုင်းဒေသကြီး ဝန်ကြီးများနှင့် အတူ သွားရောက်ကြည့်ရှုအားပေးသည်။
ထိုသို့ သွားရောက်စဉ် ကယ်ဆယ်ရေးစခန်း၌ နေထိုင်စဉ် ကာလအတွင်း အဆင်ပြေစေရေး အတွက် ဆန်၊ ဆီ၊ သောက်ရေသန့်၊ စားသောက်ကုန်နှင့် ဆေးဝါးများ လာရောက်ပေးအပ်ခြင်းဖြစ်ကြောင်း၊ ရေဘေးသင့်ပြည်သူများ လိုအပ်သော အသုံးအဆောင်ပစ္စည်းများကိုလည်း ထောက်ပံ့ပေးလျက် ရှိကြောင်း၊ ရေလွှမ်းခဲ့မှုကြောင့် ကျေးရွာအုပ်စု ၁၃ အုပ်စုမှ စိုက်ပျိုး ပြီးစီးခဲ့သည့် မိုးစပါး ၁၉၀၈ ဧက၊ အစေ့ထုတ်ပြောင်း ငါးဧက၊ နေကြာ ၁၅ ဧကနှင့် ကွမ်းရွက်ခြံ ဧက ၁၂၀ ထိခိုက်ပျက်စီးခဲ့မှုအပေါ် စနစ် တကျ စိစစ်၍ ပြန်လည်စိုက်ပျိုးနိုင် ရေး လိုအပ်သည့် စက်ကိရိယာများ၊ နည်းပညာများ၊ သွင်းအားစုများ ကိုလည်း ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်၏ နောက်ဆက်တွဲ ပါရှိလာတတ်သည့် ကျန်းမာရေး ပြဿနာများကို အားလုံး အထူးသတိပြုရှောင်ရှား နေထိုင်သွားကြရန် အရေးကြီးကြောင်းနှင့် ရေများ ပြန်လည် ကျဆင်းသွားပါက နေရပ်များတွင် ပြန်လည်နေထိုင်နိုင်ရန် သက်ဆိုင်ရာ ဌာနများက စီမံဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြောကြား ပြီး တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် အတူ ရေဘေးသင့် အိမ်ခြေ ၈၅ လုံးမှ အိမ်ထောင်စု ၈၅ စု၊ လူဦးရေ ၂၈၅ ဦးအတွက် ဆန်၊ ဆီ၊ သောက်ရေသန့်၊ စားသောက်ကုန်၊ ဆေးဝါးများနှင့် ထောက်ပံ့ငွေများ ပေးအပ်ကြသည်။
ထို့ပြင် ရေဝင်ရောက်ခဲ့သည့် ကျေးရွာများအတွင်း ရေများ ပြန်လည်ကျဆင်းနေမှု အခြေအနေ၊ ရေကျော်ခဲ့သည့် ကျောက်စရစ် ကုန်း(တောင်)ကျေးရွာ (မန္တလေး-မိုးကုတ်) ကားလမ်းပေါ်တွင် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ အဆင်ပြေချောမွေ့စွာ၊ ဘေးကင်းလုံခြုံစွာ ဖြတ်သန်းသွား လာနိုင်ရေး နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေး အဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း ဆောင်ရွက်ပေးနေမှု၊ ချောင်းမကြီး ချောင်းကိုဖြတ်၍ တည်ဆောက်ထားသည့် တံငါတံတားကြံ့ခိုင်ရေး အတွက် ဆောင်ရွက်နေမှု၊ ချောင်းမကြီးချောင်းအနီးဝန်းကျင် ရေဝင်ရောက်ခဲ့မှုတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


