မသန်စွမ်းမှုနှင့် တန်းတူပါဝင်ခွင့် အပိုင်း (၂)

အတားအဆီးများ ဖယ်ရှားခြင်းနှင့် တန်းတူပါဝင်ခွင့်

မင်းသုတ(ဓနုဖြူ)

ချို့ယွင်းအားနည်းချက်နှင့် မသန်စွမ်းမှုတို့၏ ကွာခြားချက်ကို နားလည်လာသည့်အခါ မသန်စွမ်းသူများ၏ ပါဝင်ခွင့်ကို ဟန့်တားနေသော အတားအဆီးများကို မည်သို့ဖယ်ရှားရမည်ဆိုသည့် မေးခွန်းပေါ်ပေါက်လာသည်။ ထိုအတားအဆီးများကို ဖယ်ရှားနိုင်ရန် သနားကြင်နာစိတ်တစ်ခုတည်းဖြင့် မလုံလောက်ပေ။ မသန်စွမ်းသူများ၏ တန်းတူအခွင့်အရေးကို အသိအမှတ်ပြုခြင်း၊ ဥပဒေအရ အကာအကွယ်ပေးခြင်းနှင့် လိုအပ်သည့်အစီအမံများကို လက်တွေ့ အကောင်အထည်ဖော်ခြင်းတို့ လိုအပ်သည်။

ကွန်ဗင်းရှင်းက ဖော်ပြသည့် အခွင့်အရေးအမြင်

မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ကုလသမဂ္ဂအထွေထွေ ညီလာခံက ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ တွင် အတည်ပြုချမှတ်ခဲ့ပြီး ၂၀၀၈ ခုနှစ်၊ မေလ ၃ ရက်နေ့တွင် အာဏာသက်ဝင်ခဲ့သည်။ မြန်မာနိုင်ငံ သည် ကွန်ဗင်းရှင်းတွင် ဝင်ရောက်ပါဝင်ကြောင်း အတည်ပြုသည့် စာတမ်းကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ လ ၇ ရက်နေ့တွင် အပ်နှံခဲ့သည်။ ကွန်ဗင်းရှင်း၏ အပိုဒ် ၄၅၊ အပိုဒ်ခွဲ ၂ အရ စာတမ်းအပ်နှံပြီးနောက် ရက် ၃၀ မြောက်နေ့ဖြစ်သည့် ၂၀၁၂ ခုနှစ်၊ ဇန်န ဝါရီလ ၆ ရက်နေ့တွင် မြန်မာနိုင်ငံအတွက် အာဏာသက်ဝင်ခဲ့သည်။

ကွန်ဗင်းရှင်း၏ အပိုဒ် ၁ အရ မသန်စွမ်းသူများတွင် ကိုယ်ကာယပိုင်း၊ စိတ်ပိုင်း၊ ဉာဏ်ရည်ပိုင်း သို့မဟုတ် အာရုံခံစားမှုပိုင်းဆိုင်ရာ ချို့ယွင်းအားနည်းချက် ရေရှည်ရှိနေသူများ ပါဝင်သည်။ ယင်းချို့ယွင်းအားနည်းချက်များသည် အတားအဆီးအမျိုးမျိုးနှင့် ဆုံတွေ့သည့်အခါ လူ့အဖွဲ့အစည်း အတွင်း အခြားသူများနှင့် တန်းတူအပြည့်အဝပါဝင် ဆောင်ရွက်နိုင်ခြင်းကို ဟန့်တားနိုင်သည်။ “ပါဝင်သည်” ဟု ဖော်ပြထားသဖြင့် မသန်စွမ်းသူများကို အဆိုပါအမျိုးအစားများဖြင့်သာ ကန့်သတ် သတ်မှတ်ထားခြင်းမဟုတ်ကြောင်း နားလည်ရမည် ဖြစ်သည်။

ဤအမြင်က မသန်စွမ်းသူများကို ကူညီစောင့်ရှောက်ရမည့်သူများအဖြစ်သာ မမြင်ဘဲ အခွင့်အရေးပိုင်ရှင်များအဖြစ် အသိအမှတ်ပြုသည်။ ပညာသင်ယူခွင့်၊ အလုပ်လုပ်ကိုင်ခွင့်၊ သတင်းအချက် အလက်ရယူခွင့်နှင့် ကိုယ်ပိုင်ဘဝအတွက် ဆုံးဖြတ်ခွင့်တို့ကို လက်တွေ့ကျင့်သုံးနိုင်ရန် စီစဉ်ပေးခြင်းသည် အထူးအခွင့်အရေးပေးခြင်းမဟုတ်ဘဲ တန်းတူအခွင့်အရေးကို အကောင်အထည်ဖော်ခြင်းဖြစ်သည်။

လူတိုင်းအတွက် ကြိုတင်ပြင်ဆင်ထားခြင်း

အလွယ်တကူ သွားလာနေထိုင်အသုံးပြုနိုင်ရေးဆိုသည်မှာ မသန်စွမ်းသူများအပါအဝင် လူတိုင်း အသုံးပြုနိုင်ရန် အဆောက်အအုံ၊ လမ်းပန်းဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် အများပြည်သူသုံး ဝန်ဆောင်မှုများကို ကြိုတင် စီစဉ်ထားခြင်းဖြစ်သည်။ ကွန်ဗင်းရှင်း၏ အပိုဒ် ၉ တွင် မသန်စွမ်းသူများ အမှီအခိုကင်းစွာ နေထိုင်နိုင်ရန်နှင့် လူ့အဖွဲ့အစည်းအတွင်း ပါဝင်နိုင်ရန် အတားအဆီး များကို ရှာဖွေဖော်ထုတ်၍ ဖယ်ရှားပေးရမည်ဟု ဖော်ပြထားသည်။

အဆောက်အအုံတွင် လျှောလမ်းနှင့် ဓာတ်လှေကား ထည့်သွင်းတည်ဆောက်ခြင်း၊ ကြေညာချက်များကို အသံနှင့် စာသားဖြင့် ဖော်ပြခြင်း၊ ဝက်ဘ်ဆိုက်နှင့် စာဖိုင်များကို အထောက်အကူပြု နည်းပညာဖြင့် အသုံးပြုနိုင်အောင် ပြင်ဆင်ခြင်း တို့သည် ကြိုတင်စီစဉ်ပေးမှုများဖြစ်သည်။ မသန်စွမ်းသူ တစ်ဦးတစ်ယောက်က တောင်းဆိုလာမှ ဆောင်ရွက်ရခြင်းမဟုတ်ဘဲ လိုအပ်ချိန်တွင် မည်သူမဆိုအသုံးပြုနိုင်ရန် ကြိုတင်ပြင်ဆင်ထားရသည်။

ထိုသို့ကြိုတင်စီစဉ်ထားခြင်း၏ အကျိုးကျေးဇူးမှာ မသန်စွမ်းသူများအတွက်သာ မဟုတ်ပေ။ လျှောလမ်းသည် ဘီးတပ်ကုလားထိုင် အသုံးပြုသူအပြင် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင် နှင့် ကလေးတွန်းလှည်း အသုံးပြုသူတို့အတွက်ပါ အဆင်ပြေစေသည်။ စာတန်းထိုးထားသည့် ကြေညာချက်သည် အကြားအာရုံမသန်စွမ်းသူအတွက် အသုံးဝင်သကဲ့သို့ ဆူညံသည့်နေရာတွင် ရှိနေသူအတွက်လည်း အထောက်အကူဖြစ်စေသည်။

သို့သော် လျှောလမ်းတစ်ခု သို့မဟုတ် စာဖိုင်တစ်ခု ရှိနေခြင်းမျှဖြင့် မလုံလောက်ပေ။ လျှောလမ်းသည် အမှန်တကယ်သွားလာနိုင်သည့် အနေအထား ရှိရမည်ဖြစ်သကဲ့သို့ စာဖိုင်သည်လည်း အသံထွက် နည်းပညာဖြင့် မှန်ကန်စွာ ဖတ်ရှုနိုင်ရမည်။ အဆောက်အအုံ တံခါးဝမှ ဝန်ဆောင်မှုရယူသည့် နေရာအထိ အခက်အခဲမရှိ အသုံးပြုနိုင်မှသာ အတားအဆီးကို ထိရောက်စွာ ဖယ်ရှားထားသည်ဟု ဆိုနိုင်မည်ဖြစ်သည်။

တစ်ဦးချင်းလိုအပ်ချက်အလိုက် ပြင်ဆင်စီစဉ်ပေးခြင်း

လူတိုင်းအတွက် ကြိုတင်ပြင်ဆင်ထားသော်လည်း တစ်ဦးချင်းစီ၏ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးနိုင်မည်မဟုတ်ပေ။ လူတစ်ဦးသည် အခွင့်အရေးတစ်ခုကို အခြားသူများနှင့် တန်းတူ ကျင့်သုံးနိုင်ရန် ထပ်မံပြင်ဆင်စီစဉ်ပေးရန် လိုအပ်လာပါက တစ်ဦးချင်းလိုအပ်ချက်အလိုက် သင့်လျော်စွာ ပြင်ဆင်စီစဉ်ပေးမှုကို ဆောင်ရွက်ပေးရမည်ဖြစ်သည်။

အမြင်အာရုံမသန်စွမ်းသူအတွက် စာမေးပွဲမေးခွန်းလွှာကို အသံထွက်နည်းပညာဖြင့် အသုံးပြုနိုင်သည့် စာဖိုင်အဖြစ်ပေးခြင်းနှင့် အကြားအာရုံမသန်စွမ်းသူ၏ အလုပ်အင်တာဗျူးတွင် လက်သင်္ကေတပြ ဘာသာစကားစကားပြန် စီစဉ်ပေးခြင်းတို့သည် တစ်ဦးချင်း ကြုံတွေ့နေရသည့် အတားအဆီးကို ဖြေရှင်းပေးခြင်းဖြစ်သည်။ ကိုယ်အင်္ဂါမသန်စွမ်းသူအတွက် အပေါ်ထပ်အစား လွယ်ကူစွာ ဝင်ရောက်အသုံးပြုနိုင်သည့် အောက်ထပ်အခန်းတွင် အင်တာဗျူးပြုလုပ်ခြင်းသည်လည်း ဤသဘောတရားနှင့် သက်ဆိုင်သည်။

မည်သည့်နည်းလမ်းက သင့်လျော်သည်ကို မသန်စွမ်းသူ၏ သဘောထားအား မမေးမြန်းဘဲ ကြိုတင်ဆုံးဖြတ်ခြင်း မပြုသင့်ပေ။ မသန်စွမ်းသူနှင့် တိုင်ပင်၍ အတူတကွဆုံးဖြတ်သင့်သည်။ လူတစ်ဦးအတွက် အဆင်ပြေသည့် အစီအစဉ်သည် အခြားသူတစ်ဦးအတွက် သင့်လျော်ချင်မှ သင့်လျော်မည်ဖြစ်သည်။ စီစဉ်ပေးမှု၏ အဓိကရည်ရွယ်ချက်မှာ ထိုသူ၏ ရွေးချယ်ခွင့်နှင့် တစ်ဦးချင်းလိုအပ်ချက်ကို လေးစား၍ အခွင့်အရေးကို အခြားသူများနှင့် တန်းတူ ကျင့်သုံးနိုင်စေရန်ဖြစ်သည်။

တာဝန်နှစ်ရပ်၏ ကွဲပြားချက်

ကွန်ဗင်းရှင်း၏ အပိုဒ် ၂ အရ တစ်ဦးချင်းလိုအပ်ချက်အလိုက် ပြင်ဆင်စီစဉ်ပေးမှုသည် လိုအပ်ပြီး သင့်လျော်ရမည်ဖြစ်သကဲ့သို့ ဆောင်ရွက်ပေးရသူအပေါ် အချိုးမညီသော သို့မဟုတ် လွန်ကဲသော ဝန်ထုပ်ဝန်ပိုး မဖြစ်စေရပါ။ ဤသတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ပြင်ဆင်စီစဉ်ပေးမှုကို ငြင်းပယ် ခြင်းသည် မသန်စွမ်းမှုအပေါ် အခြေခံသည့် ခွဲခြားဆက်ဆံမှုဖြစ်သည်။ ဝန်ထုပ်ဝန်ပိုး လွန်ကဲခြင်းရှိ မရှိကို ကုန်ကျစရိတ်၊ အဖွဲ့အစည်း၏ အရင်းအမြစ်နှင့် ပြင်ဆင်စီစဉ်ပေးမှုကြောင့် ဖြစ်ပေါ်နိုင်သည့် အကျိုး သက်ရောက်မှုတို့အပေါ်မူတည်၍ သုံးသပ်ရမည်ဖြစ်သည်။

အလွယ်တကူသွားလာနေထိုင် အသုံးပြုနိုင်ရေးနှင့် တစ်ဦးချင်းလိုအပ်ချက်အလိုက် ပြင်ဆင်စီစဉ် ပေးမှုတို့၏ ကွာခြားချက်ကို ကုလသမဂ္ဂကော်မတီ၏ ၂၀၁၄ ခုနှစ် အထွေထွေရှင်းလင်းချက်အမှတ် ၂၊ အပိုဒ် ၂၅ နှင့် ၂၆ တို့တွင် ရှင်းလင်းထားသည်။ ၂၀၁၈ ခုနှစ် အထွေထွေရှင်းလင်းချက်အမှတ် ၆၊ အပိုဒ် ၂၄ နှင့် ၄၁ တို့တွင်လည်း ထပ်မံဖော်ပြထားသည်။ အလွယ်တကူသွားလာနေထိုင် အသုံးပြုနိုင်ရေးသည် လူအများအတွက် ကြိုတင်ဆောင်ရွက်ရသည့် တာဝန် ဖြစ်ပြီး တစ်ဦးချင်းလိုအပ်ချက်အလိုက် ပြင်ဆင်စီစဉ်ပေးမှုမှာ လူတစ်ဦး၏ သီးခြားလိုအပ်ချက် ပေါ်ပေါက်လာချိန်တွင် ဆောင်ရွက်ရသည့် တာဝန်ဖြစ်သည်။

ဥပမာအားဖြင့် စာကြည့်တိုက်တစ်ခုက စာဖိုင်များကို အစကတည်းက အသံထွက်နည်းပညာဖြင့် အသုံးပြုနိုင်အောင် ပြင်ဆင်ထားခြင်းသည် လူအများအတွက် ကြိုတင်စီစဉ်ပေးခြင်းဖြစ်သည်။ ထိုစနစ်တွင် မရှိသေးသည့် စာအုပ်တစ်အုပ်ကို ကျောင်းသားတစ်ဦး၏ လိုအပ်ချက်အရ အသုံးပြုနိုင် သည့်ပုံစံသို့ ပြောင်းလဲပေးခြင်းသည် တစ်ဦးချင်း လိုအပ်ချက်အလိုက် ပြင်ဆင်စီစဉ်ပေးခြင်းဖြစ်သည်။ နှစ်မျိုးစလုံးသည် အထူးအခွင့်အရေးပေးခြင်း မဟုတ်ဘဲ တန်းတူပါဝင်ခွင့်ကို လက်တွေ့အကောင် အထည်ဖော်ခြင်းဖြစ်သည်။

ထို့ကြောင့် အတားအဆီးဖယ်ရှားရေးကို အဆောက်အအုံ ပြင်ဆင်ခြင်းတစ်ခုတည်းအဖြစ် မမြင်သင့်ပေ။ သတင်းအချက်အလက်၊ ဆက်သွယ်ရေး၊ သင်ကြားရေးနှင့် အလုပ်အကိုင်ကဏ္ဍတို့တွင် ရှိနေသည့် အတားအဆီးများကို မသန်စွမ်းသူများနှင့်တိုင်ပင်၍ ရှာဖွေဖော်ထုတ်ရမည်။ လူအများအတွက် အလွယ်တကူသွားလာနေထိုင် အသုံးပြုနိုင်ရေးအတွက် ကြိုတင်စီစဉ်ခြင်းနှင့် တစ်ဦးချင်း လိုအပ်ချက်အလိုက် ပြင်ဆင်စီစဉ်ပေးခြင်းတို့ကို အပြန်အလှန်ဖြည့်ဆည်းနိုင်မှသာ တန်းတူပါဝင်ခွင့်ကို အမှန်တကယ် အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ ။