MSMEs များ စဉ်ဆက်မပြတ် တိုးတက်မှုနည်းလမ်းများ အပိုင်း(၃)

ဒေါက်တာမောင်အောင်

MSMEs များအတွက် လယ်ယာအခြေပြုစက်မှုလုပ်ငန်းများ

မြန်မာ့စီးပွားရေး၏ အဓိကမောင်းနှင်အား ဖြစ်သည့် MSMEs များ စဉ်ဆက်မပြတ်တိုးတက်မှု ဖော်ဆောင်နိုင်ရေးအတွက် အပိုင်း(၁)တွင် ပို့ကုန်ဦးတည်ပြီး နိုင်ငံတကာရောင်းချနိုင်သည့် MSMEs များဖြစ်ပေါ်လာရေး၊ အပိုင်း(၂)တွင် MSMEs များ တိုးတက်နိုင်သည့် အခြေခံနည်းလမ်း ခုနစ်မျိုးတို့ကို ဖော်ပြပြီးဖြစ်ပြီး ယခုအပိုင်း (၃)တွင် MSMEs များ အဓိကလုပ်ဆောင်မည့် လယ်ယာကုန်စည်များနှင့် ပတ်သက်၍ တန်ဖိုးမြှင့်တင်နိုင်ရန်အတွက် တန်ဖိုးမြှင့် ဆင့်တက်ပြုပြင်လုပ်ငန်းများနှင့် လယ်ယာ အခြေခံစက်မှုလုပ်ငန်းများ ပိုမိုချဲ့ထွင်လုပ်ဆောင်သည့်နည်းလမ်းကို ဖော်ပြမည်ဖြစ်သည်။

နိုင်ငံတော်အနေဖြင့် စီးပွားရေးတိုးတက်မှု မဟာဗျူဟာကို လယ်ယာအခြေပြုစက်မှုလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ခြင်း (Agro - based Industries Development) နည်းလမ်းကို စတင်အကောင် အထည်ဖော်နေမှုကြောင့် မြင်သာပြီး ထိရောက်သည့် ပံ့ပိုးမှုများဖြင့် လုပ်ဆောင်နေပြီဖြစ်သည်။

စက်မှုလုပ်ငန်း လုပ်ဆောင်ခြင်းသည် မြှောက်ဖော်ကိန်းအကျိုးသက်ရောက်မှု (Multiplier Effect) အများဆုံးဖြစ်ပြီး စက်မှုလုပ်ငန်း လုပ်ဆောင်ရာတွင် သွင်းအားစုအပိုင်းနှင့် ဆက်စပ် နေသည့် ရှေ့သို့ကွင်းဆက်များနှင့်ထုတ်လုပ်ပြီး ကုန်ချောများ ဖြန့်ဖြူးရောင်းချမှုနှင့် ပတ်သက်သည့် နောက်သို့ကွင်းဆက်များအထိပါ အကျုံးဝင်သောကြောင့် ဆက်စပ်နေသည့်လုပ်ငန်းများ တိုးတက် စေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ ဈေးကွက်တန်ဖိုးမြှင့်တင်နိုင်ခြင်းနှင့် ချဲ့ထွင်နိုင်ခြင်း စသည်တို့ကြောင့် လူမှုစီးပွားရေး အကျိုးသက်ရောက်မှုများသည့်အပြင် ထုတ်ကုန် တန်ဖိုးကို သိသာစွာမြှင့်တင်ပေးနိုင်ခြင်းကြောင့် နိုင်ငံတိုင်းက စက်မှုထူထောင်ခြင်းလမ်းစဉ်ကို ဦးစားပေးဖော်ဆောင်လေ့ရှိသည်။

ယခုအခါတွင် နိုင်ငံတော်အနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် လယ်ယာအခြေပြု စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးဦးစားပေးလုပ်ဆောင်နေပြီဖြစ်၍ အဆိုပါလုပ်ငန်း များကို MSMEs အပါအဝင် စီးပွားရေးလုပ်ငန်းများက လုပ်ဆောင်ရမည်ဖြစ်သည်။ MSMEs များအနေဖြင့် အဆိုပါလုပ်ငန်းအစီအစဉ်များကို လုပ်ဆောင်ရာတွင် အရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်ရရှိနိုင်မှုတို့အပြင် ရိုးရှင်းလွယ်ကူမှု စသည့်အချက်များအပေါ် မူတည်၍ အဆင့်များခွဲခြားပြီး လုပ်ဆောင်သင့်ပါသည်။

အခြေခံဆင့်တက် ပြုပြင်လုပ်ငန်းများ၊ အပေါ့စားနှင့် အစားထိုးလယ်ယာအခြေပြု စက်မှုလုပ်ငန်းများ

ပထမအဆင့်အနေဖြင့် အရင်းအနှီး၊ နည်းပညာ များစွာမလိုဘဲ အမြန်ဆုံးစတင်လုပ်ဆောင်နိုင်သည့် နည်းလမ်းမှာ အခြေခံဆင့်တက်ပြုပြင်လုပ်ငန်းများနှင့် အပေါ့စားစက်မှုလုပ်ငန်းများဖြင့် စတင်သင့် ပါသည်။ ဆိုလိုသည်မှာ လယ်ယာကုန်စည်အစိုများ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အသားငါးများနှင့် ပတ်သက်၍ အချိန်တိုအတွင်း ပုပ်သိုးပျက်စီးလွယ်သည့်အတွက် ပျက်စီးဆုံးရှုံးမှုမဖြစ်စေရန် လုပ်ဆောင်နိုင်သည့်နည်းလမ်းများမှာ အခြောက်လှန်းခြင်း၊ ယိုထိုးခြင်း၊ အချဉ်တည်ခြင်း၊ အကြော်အလှော် လုပ်ဆောင်ခြင်း၊ အေးခဲခြင်း၊ စည်သွတ်ဘူးပြုလုပ်ခြင်း၊ အမှုန့်ကြိတ်၍ စားသောက်ကုန်အမျိုးမျိုး ပြုလုပ်ခြင်း စသည်တို့ဖြစ်သည်။

 သဘာဝနေရောင်ခြည်ကို သုံး၍လည်းကောင်း၊ စက်များဖြင့်လည်းကောင်း မြင့်မားသည့်အပူချိန်ဖြင့် လုပ်ဆောင်နိုင်သလို အအေးခန်းသိုလှောင်မှုစနစ်ဖြင့်လည်း အေးခဲစားသောက်ကုန်များပြုလုပ်ခြင်း၊ တန်ဖိုးမြှင့်စားသောက်ကုန်များအဖြစ် ပြောင်းလဲခြင်း၊ အအေးခန်းသယ်ယူထောက်ပို့စနစ်ဖြင့် ပြည်တွင်း၊ ပြည်ပဈေးကွက်သို့ ဖြန့်ဖြူးရောင်းချခြင်း စသည်တို့ လုပ်ဆောင်နိုင်ပါသည်။

ထို့အတူ သမားရိုးကျသုံးစွဲနေသည့် လယ်ယာအခြေခံစက်မှုလုပ်ငန်းများဖြစ်သည့် ဆန်စက်များ၊ ဆီစက်များ၊ ပဲခွဲစက်များ၊ ကြိတ်ခွဲစက်အမျိုးမျိုး စသည့် စက်စွမ်းရည်နှင့် အရည်အသွေးပိုင်းဆိုင်ရာ အားနည်းနေသည့်စက်များကို စက်သစ်များဖြင့် အစားထိုးခြင်းလုပ်ငန်းစဉ်ကိုလည်း နိုင်ငံတော်က လိုအပ်သည့်ချေးငွေ၊ နည်းပညာနှင့် ဈေးကွက်အပိုင်းများကိုပါ MSMEs အပါအဝင် စီးပွားရေးလုပ်ငန်းရှင်များအတွက် လုပ်ဆောင်ပေးနေပြီဖြစ်သည်။

ပို့ကုန်ဦးတည်သည့် လယ်ယာအခြေပြုစက်မှုလုပ်ငန်းများ

ဒုတိယအဆင့်တွင် လယ်ယာအခြေပြုစက်မှု လုပ်ငန်းများတည်ထောင်ရာ၌ ပို့ကုန်ဦးတည်သည့် လယ်ယာအခြေပြုစက်မှုလုပ်ငန်းများ တည်ထောင်မှုကို ပိုမိုဦးစားပေးလုပ်ဆောင်သင့်ပါသည်။ အခြား အောင်မြင်သည့် နိုင်ငံများ၏အတွေ့အကြုံအရ ပို့ကုန်ဦးစားပေးစက်မှုလုပ်ငန်းများ သိသိသာသာ ပေါ်ထွန်းလာစေရန်အတွက် ဘဏ္ဍာငွေထောက်ပံ့မှုများ၊ နည်းပညာပံ့ပိုးမှုများ၊ အခွန်အကောက် မက်လုံးများ စသည်တို့ဖြင့် လုပ်ဆောင်လေ့ရှိသည်။

ထို့ပြင် ပိုမိုထိရောက်စေရန်အတွက် ပို့ကုန်ဦးတည်သည့်စက်မှုလုပ်ငန်းဥပဒေကို လုပ်ဆောင် လေ့ရှိသောကြောင့် အချိန်တိုအတွင်း တန်ဖိုးမြှင့် လယ်ယာကုန်ချောပို့ကုန်များ တိုးတက်လာပါသည်။ ထိုသို့ဖြစ်လျှင် အဆိုပါလုပ်ငန်းများ လုပ်ဆောင်သည့် MSMEs အပါအဝင် စီးပွားရေး လုပ်ငန်းများ၏ စဉ်ဆက်မပြတ် တိုးတက်မှုကို ဖြစ်ပေါ်စေမည်ဖြစ်သည်။

တစ်ဆက်တည်းမှာပင် MSMEs များအနေဖြင့် သွင်းကုန်အစားထိုး လယ်ယာအခြေပြုစက်မှု လုပ်ငန်းများကိုလည်း ပြိုင်တူလုပ်ဆောင်သင့်ပါသည်။ အကြောင်းမှာ လက်ငင်းကာလများတွင် နိုင်ငံအနေဖြင့် ပို့ကုန်ဦးစားပေးပြီး သွင်းကုန်ကို လျှော့ချလာသည့်အတွက် ယခင်တင်သွင်းနေသည့် လယ်ယာအခြေပြုကုန်စည်များ လိုအပ်ချက်ကိုလည်း MSMEs အပါအဝင် စီးပွားရေးလုပ်ငန်းများ အတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်လာသည်။ ဆိုလိုသည်မှာ အဆိုပါကုန်စည်များအတွက် ဝယ်လိုအား နှင့် ဈေးကွက် သေချာပြီးသားဖြစ်သလို ပြည်တွင်း ထွက်ရှိသည့် လယ်ယာကုန်ကြမ်းကိုသာ အသုံးပြု မည်ဆိုလျှင် အကျိုးများမည်ဖြစ်သည်။ ဥပမာအားဖြင့် ဝါးအခြေပြုစက္ကူနှင့် ပျော့ဖတ်ထုတ်လုပ်မှု လုပ်ငန်း၊ ရော်ဘာ၊ ဂျုံ၊ ဝါ စသည့်ထုတ်လုပ်မှုလုပ်ငန်း များဖြစ်သည်။

အလယ်အလတ်၊ လုပ်ငန်းကြီးနှင့် လယ်ယာအထောက်အကူပြုစက်မှုလုပ်ငန်းများ

တတိယအဆင့်အနေဖြင့် လယ်ယာအခြေပြု စက်မှုလုပ်ငန်းတည်ထောင်မှုကို အလယ်အလတ်နှင့် လုပ်ငန်းကြီးအဆင့်သို့ တိုးချဲ့လုပ်ဆောင်ခြင်းဖြစ်၍ ကုန်ကြမ်းမှသည် ကုန်ချောအထိ အကျုံးဝင် ပြီး ထုတ်လုပ်မှုဖြစ်စဉ်များတွင် လုပ်သားများကို သာမက အလိုအလျောက်စက်များတပ်ဆင်အသုံး ပြုခြင်း၊ အရည်အသွေးနှင့် စံချိန်စံညွှန်း တစ်သမတ် တည်းရှိခြင်း၊ ထုတ်ကုန်အရည်အသွေး တိတိကျကျ စစ်ဆေးနိုင်ခြင်း၊ ထုတ်ကုန်ပမာဏ အုံနှင့်ကျင်းနှင့် ထုတ်လုပ်နိုင်ခြင်း၊ စနစ်တကျထုတ်လုပ်နိုင်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းတို့ပါ အကျုံးဝင်ပါသည်။

လယ်ယာအထောက်အကူပြု စက်ကိရိယာများ ထုတ်လုပ်ခြင်းကိုလည်း ပြည်တွင်း၌ ထုတ်လုပ်နိုင် ရန် ကြိုးစားရမည်ဖြစ်ပြီး အကြောင်းမှာ မျိုးစေ့ချ စက်မှစ၍ ရိတ်သိမ်းစက်၊ ခြွေလှေ့စက်၊ အခြောက်ခံ စက်များအထိ စက်ကိရိယာအမျိုးမျိုးကို မြန်မာ့ ရေမြေအခြေအနေ၊ ရာသီဥတုအခြေအနေ၊ လုပ်ကွက် အနေအထား စသည်တို့နှင့် လိုက်လျောညီထွေဖြစ်မှသာ စက်မှုလယ်ယာပြောင်းလဲမှု အဆင်ပြေချောမွေ့ မည်ဖြစ်သည်။

သေချာသည့်အချက်မှာ မရိတ်သိမ်းမီလယ်ယာလုပ်ငန်းများနှင့် ရိတ်သိမ်းပြီး လယ်ယာလုပ်ငန်း များတွင် နှိုင်းယှဉ်လုပ်သားရှားပါးမှုကို ဖြေရှင်းနိုင်ရန်အတွက် လယ်ယာသုံးစက်ကိရိယာများကို ယခင်ကထက် ပိုမိုသုံးစွဲရမည်ဖြစ်သည်။ ယခုအခါ လယ်ယာအလုပ်ခွင်များ၌ လုပ်သားရှားပါးလာမှု ကြောင့် စိုးရိမ်ပူပန်မှုများရှိနေသော်လည်း လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေး အောင်မြင်ဖြစ်ထွန်းသည့် နိုင်ငံများတွင် လုပ်သားသုံးစွဲမှုနှုန်းမှာ စုစုပေါင်းလုပ်သား၏ ပျမ်းမျှ ငါးရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း ဝန်းကျင်သာရှိပြီး လုပ်ငန်းအများစုကို စက်ယန္တရားဖြင့်သာ လုပ်ဆောင်လေ့ရှိသည်။

 မြင်သာသည့်အချက်မှာ စိုက်ပျိုးမွေးမြူရေး အောင်မြင်သည့် အစ္စရေးနိုင်ငံနှင့် နယ်သာလန် နိုင်ငံတို့တွင် စိုက်ပျိုးမွေးမြူရေးအောင်မြင်မှုမှာ လယ်ယာသုံး စက်ကိရိယာများ အသုံးပြုနိုင်မှုကြောင့် ဖြစ်သည်။ မိမိတို့အနေဖြင့် အစဉ်အလာအားဖြင့် လုပ်သားအစား စက်များပြောင်းလဲအသုံးပြုမှုကို အသားကျစေရန် အချိန်ပေးရဦးမည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ လယ်ယာအခြေခံစက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုဟုဆိုလျှင် လယ်ယာ စိုက်ပျိုးရေး မူလထုတ်ကုန်များကို တန်ဖိုးမြှင့် ဆင့်တက်ပြုပြင်စက်မှုလုပ်ငန်းများ ပေါ်ထွန်းလာ ရေးက အဓိကဖြစ်သော်လည်း လယ်ယာစိုက်ပျိုးရေး မူလထုတ်ကုန်ထုတ်လုပ်သည်မှအစ တန်ဖိုးမြှင့် စက်မှုကုန်ချောများထုတ်လုပ်ခြင်း၊ ဈေးကွက်များအရောက် သိုလှောင်ဖြန့်ဖြူးရောင်းချမှုအပိုင်းတွင် လည်း ခေတ်မီစက်ကိရိယာများ ပေါင်းစပ်သယ်ပို့ ထောက်ပံ့နည်းလမ်းများ၊ အအေးခန်းပါဝင်သည့် ပို့ဆောင်မှုနည်းလမ်းများ စသည့်ခေတ်မီစက်ကိရိယာများနှင့် နည်းပညာတို့ပါအကျုံးဝင်ပါသည်။

မူလထုတ်လုပ်မှုအပိုင်းနှင့် တန်ဖိုးမြှင့်လုပ်ငန်း အပိုင်းများဖြစ်သည့် စက်မှုထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူး ရောင်းချခြင်းများပါ ပါဝင်ပါသည်။ ထို့အတွက် မူလလယ်ယာစိုက်ပျိုးရေးအပိုင်းတွင် ဒရုန်းများအသုံးပြု၍ လုပ်ဆောင်ခြင်း၊ smart agriculture၊ အနုစိတ် စိုက်ပျိုးမှုစနစ် ၊ ဉာဏ်ရည်တုနည်းပညာအသုံးပြုခြင်း စသည်တို့အပြင် စက်မှုထုတ်လုပ်မှု၊ သိုလှောင် ဖြန့်ဖြူးမှုအပိုင်းများတွင်လည်း ခေတ်မီစက်ကိရိယာ များနှင့် နည်းပညာများ ပိုမိုအသုံးပြုခြင်းတို့ ဖြစ်သည်။

သတိချပ်ရမည်မှာ မြန်မာ့လယ်ယာအခြေခံ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်လုပ်ဆောင် ရာတွင် အကန့်အသတ်များ၊ စိန်ခေါ်မှုများရှိနေသေးပြီး အရင်းအနှီးနှင့် ရန်ပုံငွေအကန့်အသတ်၊ နည်းပညာရရှိနိုင်မှု၊ ဈေးကွက်ရရှိနိုင်မှု၊ လယ်သမားများ၏ စိတ်ဝင်စားမှုနှင့် ကြိုးစားမှု၊ MSMEs များ အပါအဝင် လုပ်ငန်းရှင်များ၏ စွမ်းဆောင်နိုင်မှု စသည့်အချက်များကြောင့်လည်း အချိန်အလိုက် ဦးစားပေးဖော်ဆောင်သင့်သည့် လုပ်ငန်းများသတ်မှတ်ကာ လုပ်ဆောင်သင့်ပါသည်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လယ်ယာအခြေခံစက်မှုလုပ်ငန်းများ တိုးတက် ဖွံ့ဖြိုးရေးကို နိုင်ငံတော်တိုးတက်မှုမဟာဗျူဟာအနေဖြင့် အကောင်အထည်ဖော်နေသည့်အတွက် လည်း MSMEs အပါအဝင် စီးပွားရေးလုပ်ငန်းများအတွက် အထူးအခွင့်အလမ်းကောင်းပင်ဖြစ်သည်။ ထို့ပြင် လယ်ယာအခြေခံစားသောက်ကုန် အများဆုံး ဝယ်ယူနေသူများမှာလည်း အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့်အတွက် ဈေးကွက်ရရှိနိုင်မှုနှင့် ဝယ်လိုအား မြင့်တက်နေမှုကလည်း မြန်မာ့လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်မှုအတွက် ကြီးမားသည့်ဆွဲဆောင်မှုအား ဖြစ်သည်။

 နိုင်ငံတော်၏ ထိရောက်သောပံ့ပိုးမှုများကြောင့် MSMEs အပါအဝင် စီးပွားရေးလုပ်ငန်းရှင်များ အားလုံး အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံ (PPP)ဖြင့် ဆောင်ရွက်မည်ဆိုလျှင် လယ်ယာစက်မှု လုပ်ငန်းများ အမြန်ဆုံးပေါ်ထွက်လာမည်ဖြစ်သည်။ အဓိကလိုအပ်ချက်ဖြစ်သည့် အရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်ရရှိနိုင်ရေးအတွက် PPP ပုံစံဖြင့် လုပ်ဆောင်ရာတွင် ပြည်တွင်းလုပ်ငန်းရှင်များ သာမက နိုင်ငံတကာလုပ်ငန်းရှင်ကြီးများ၊ ကုမ္ပဏီကြီးများ စသည်တို့ လာရောက်ရင်းနှီးမြှုပ်နှံစေရန် အထူးကြိုးစားနေသည့်အချိန်ဖြစ်သည်။

ထို့အတွက် FDI များအတွက် အပြည့်အဝ ကာကွယ်ပေးရေး၊ လယ်ယာကဏ္ဍတွင် ပိုမို ဝင်ရောက်လာရေးအတွက် အခြေခံလိုအပ်သည့် သီးနှံအာမခံစနစ်၊ ရင်းနှီးမြှုပ်နှံမှုများအတွက် မြေပြင် အခြေအနေတွင် အခက်အခဲမရှိစေရန် One Stop Service စနစ်ဖြင့် ဖြေရှင်းပေးမှု၊ အချိန်ကာလတစ်ခု တွင် အမြတ်ငွေလွှဲပြောင်းပေးနိုင်ရေးအတွက် ဘဏ်စနစ်သုံးစွဲနိုင်မှု စသည့်အချက်များ၊ လိုအပ် သောဥပဒေများ ပြဋ္ဌာန်းပေးခြင်းတို့ကိုပါ အဘက်ဘက်မှ ပြည့်စုံစေရန် လုပ်ဆောင်နေပြီဖြစ်သည်။ သို့ဖြစ်၍ လယ်ယာအခြေပြုစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးမဟာဗျူဟာကို နိုင်ငံတော်အနေဖြင့် အထူးဇောင်း ပေးဖော်ဆောင်နေပြီဖြစ်၍ လက်တွေ့လုပ်ဆောင် မည့် MSMEs အပါအဝင် စီးပွားရေးလုပ်ငန်းများ၊ ပြည်သူများနှင့် နိုင်ငံ့အကျိုးစီးပွားတိုးတက်မှုကိုပါ မြှင့်တင်ပေးနိုင်မည်ဖြစ်ပေသည်။ ။