မြင့်အောင် (ရွှေဘိုသား)
လက်ဖက်ရည်ဆိုင်ထဲသို့ မန်နေဂျာဦးရွှေအောင်တစ်ယောက် ရောက်လာချိန်တွင် ချိန်းဆိုထားသည့် ဦးဇော်ထိုက်တစ်ယောက် ထွက်လာပြီး သူတို့ထိုင်နေကြသည့် စားပွဲဝိုင်းသို့ ခေါ်ဆောင်သွားကာ ကြိုတင်ရောက်ရှိနေသည့် ပုဂ္ဂိုလ်များနှင့် မိတ်ဆက်ပေးလေသည်။
“သူက ဦးစိုးတင့်ပါ။ အရင်က သစ်စက်လုပ်ငန်းလုပ်ပါတယ်။ အခုတော့ တည်းခိုခန်းလုပ်ငန်းလုပ်နေပါတယ်။ သူတို့က ကိုကျော်မျိုးနဲ့ ကိုထက်ပါ။ သူတို့ကလည်း မုန့်မျိုးစုံထုတ်လုပ်ရေးနဲ့ လူသုံးကုန်ပစ္စည်းဖြန့်ချိရေးလုပ်ကြပါတယ်”
“တွေ့ရတာဝမ်းသာပါတယ်။ ဦးဇော်ထိုက်လိုပဲ ကျွန်တော့်ကိုလည်း ရင်းရင်းနှီးနှီး ခင်လို့ရပါတယ်။ လိုအပ်တာရှိရင်လည်း ပြောကြပါ”
“သူတို့က လုပ်ငန်းတွေတိုးချဲ့ချင်လို့ ငွေကြေး အကူအညီရချင်နေကြတာပါ။ ဒါကြောင့် မန်နေဂျာကြီးဆီက အကြံဉာဏ်တောင်းချင်လို့ အခုလိုတွေ့ဆုံကြရတာပါ ”
“ဪ ဒါကြောင့်လား။ ရပါတယ်။ ဒါဆို ကျွန်တော် အသေးစိတ်ရှင်းပြပေးပါမယ်၊ ခင်ဗျားတို့ လုပ်ငန်းတွေက MSME လုပ်ငန်းတွေပဲ။ အခု ခင်ဗျားတို့ MSME Card တွေရှိပြီးကြပြီလား”
“ကျွန်တော်တို့အားလုံး MSME လုပ်ငန်း မှတ်ပုံတင်ထားပြီး Member Card တွေလည်း ရှိထားပါတယ်”
“ဒါဆိုကောင်းတာပေါ့ဗျာ။ အရင်ဆုံး MSME အကြောင်းလေး ရှင်းပြပေးမယ်”
“ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတွေရဲ့ စီးပွားရေးလုပ်ငန်း ၉၀ ရာခိုင်နှုန်းဟာ MSME လုပ်ငန်းတွေဖြစ်ကြသလို မြန်မာနိုင်ငံမှာလည်း စီးပွားရေးလုပ်ငန်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်က MSME လုပ်ငန်းတွေပဲဖြစ်ပါတယ် ”
“ဒါ့အပြင် အလုပ်အကိုင်ဖန်တီးပေးနိုင်မှုမှာလည်း MSME လုပ်ငန်းတွေက ၇၀ ရာခိုင်နှုန်းကျော် ရှိနေပါတယ်”
ထို့နောက် ဦးစိုးတင့်က .......
“အဲဒီလိုဆို MSME လုပ်ငန်းတွေ အများကြီးပဲရှိမှာပေါ့နော်” ဟု မေးခဲ့ရာ....
“ဟုတ်ပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ MSME လုပ်ငန်း ငါးသောင်းကျော်ရှိတယ်လို့ လေ့လာသိရှိရပါတယ်၊ အိမ်နီးချင်းအာဆီယံနိုင်ငံတွေအပါအဝင် ကမ္ဘာပေါ်ရှိ နိုင်ငံအများစုမှာ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ MSME လုပ်ငန်းတွေရဲ့ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးက အလွန်အရေးပါတာပေါ့ ”
“ဒါကြောင့် နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့ ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ နိုင်ငံတော်က ကုန်ထုတ်လုပ်မှုတိုးတက်ရေးအတွက် MSME လုပ်ငန်းတွေဖွံ့ဖြိုးဖို့ အထူးအားပေးဆောင်ရွက်နေတာပေါ့”
“အခုအချိန်မှာ MSME လုပ်ငန်းနဲ့ပတ်သက်တဲ့ အခမ်းအနားတွေ၊ ပြပွဲတွေ လုပ်ပေးနေတာ မကြာခဏတွေ့နေရတယ်” ဟု ဦးဇော်ထိုက်က ဝင်ရောက်ပြောကြားသည်။ ဦးစိုးတင့်ကလည်း .......
“ဒါကြောင့် ကျွန်တော်တို့လည်း လုပ်ငန်းတွေတိုးချဲ့ချင်ကြလို့ ငွေကြေးအရင်းအနှီးလိုနေတာ ဘယ်လိုလုပ်ကြရမလဲလို့ မန်နေဂျာကြီးဆီ အကြံဉာဏ်တောင်းချင်လို့ တွေ့ကြရတာပါ”
“ကျွန်တော်ကလည်း ရှင်းပြချင်နေတာပါ။ ခင်ဗျားတို့ရဲ့ ငွေကြေးအရင်းအနှီး အခက်အခဲတွေကို မြန်မာ့စီးပွားရေးဘဏ် (MEB) က ဖြည့်ဆည်းပေးမှာပါ”
“MSME လုပ်ငန်းတွေအတွက် မြန်မာ့စီးပွားရေးဘဏ်က ထုတ်ချေးပေးနေတဲ့ ချေးငွေအမျိုးအစား သုံးမျိုးရှိပါတယ်။ (၁) JICA MSME Two-Step Loan ချေးငွေ၊ (၂) ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ၊ (၃) MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ ထုတ်ချေးငွေတို့ ဖြစ်ပါတယ်”
“တစ်မျိုးချင်းစီကို ရှင်းပြရမယ်ဆိုရင်တော့ (၁) JICA MSME Two-Step Loan ချေးငွေဆိုတာ မြန်မာ့စီးပွားရေးဘဏ်ကနေ အရင်ကတည်းက (Executing Agency) စီမံကိန်းစီမံခန့်ခွဲသူအဖြစ်နဲ့ ကျွန်တော်တို့ မြန်မာ့စီးပွားရေးဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ်တွေက ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့အစည်း (Participa-ting Financial Institution-PFI) အနေနဲ့ တစ်ဆင့်ထုတ်ချေးပေးတဲ့ ချေးငွေဖြစ်ပါတယ်။ ဒီချေးငွေစနစ်နဲ့ MSME လုပ်ငန်းရှင် ၃၆၈ ဦးကို ငွေပမာဏ ကျပ် ၄၄၇၃၅ သန်း ထုတ်ချေးပေးထားပြီးဖြစ်ပါတယ်”
“ တော်တော်များများ ထုတ်ချေးပေးထားတာပဲ” ဟု ဦးစိုတင့်က ပြောလိုက်ရာ ....
“ဒီမုံရွာမြို့မှာက ချေးငွေထုတ်ချေးထားတဲ့ လုပ်ငန်းတွေရှိတယ်လေ” ဟု ဦးဇော်ထိုက်ကလည်း သူသိထားတာပြောလိုက်ပါသည်။
“ငွေထုတ်ချေးပေးတဲ့ စီးပွားရေးလုပ်ငန်းအမျိုး အစားတွေကတော့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများထုတ်လုပ်ခြင်းလုပ်ငန်း၊ စားသောက်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဓာတုထုတ်ကုန်များ၊ ပလတ်စတစ်ထုတ်ကုန် ပုံသွန်းလောင်းခြင်းလုပ်ငန်း၊ အထည်အလိပ်ထုတ်လုပ်ခြင်းလုပ်ငန်း၊ လုပ်သားအင်အားအသုံးပြုရသော အခြားလုပ်ငန်း၊ ရော်ဘာပစ္စည်းထုတ်ကုန်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ လက်မှုလုပ်ငန်းနှင့် အမှတ်တရပစ္စည်း ထုတ်လုပ်ရောင်းဝယ်ခြင်းလုပ်ငန်း၊ သတင်းနဲ့ နည်းပညာဖွံ့ဖြိုးမှုလုပ်ငန်း စတဲ့လုပ်ငန်းအမျိုးစုံအောင် ထုတ်ချေးပါတယ်”
“အဲဒီလိုဆို ထုတ်မချေးပေးတဲ့လုပ်ငန်းတွေရှိသေးလား မန်နေဂျာကြီး” ဦးဇော်ထိုက်က မေးလိုက်ရာ .......
“ဒါလည်းမေးရမယ်လေ။ ငွေထုတ်မချေးဖို့ တားမြစ်ထားတဲ့ လုပ်ငန်းတွေလည်း ရှိပါတယ်။ ဘာတွေလဲဆိုတော့ လယ်ယာစိုက်ပျိုးရေး၊ ဒီကဏ္ဍကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးပါတယ်။’’
“အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း၊ ဘဏ္ဍာရေးအာမခံလုပ်ငန်း၊ အဖိုးတန်သတ္တုကျောက်များရောင်းဝယ်ခြင်း၊ အရက်ဆိုင်နှင့် ပျော်ပွဲစားရုံများ (ခရီးသွားလုပ်ငန်းမှအပ)၊ ဖျော်ဖြေရေး၊ ပျော်ပွဲရွှင်ပွဲဆိုင်ရာလုပ်ငန်း၊ လက်နက်များ၊ ခဲယမ်းမီးကျောက်ထုတ်လုပ်ရောင်းဝယ်ခြင်း၊ လူမှုရေးရာတည်ငြိမ်မှုကို ထိခိုက်စေသော (သို့) အခြားမည်သည့်ကဏ္ဍမျိုးကိုမဆို စတဲ့လုပ်ငန်းတွေကို ချေးငွေ ထုတ်မချေးပေးပါဘူး”
“ငွေချေးဖို့အတွက် ဘာတွေအာမခံပေးရလဲ ရှင်းပြပါဦး မန်နေဂျာကြီး”
“ဘဏ်ကလက်ခံနိုင်တဲ့ အာမခံတွေကမြေဆိုရင် ဘိုးဘပိုင်မြေ၊ ဂရန်မြေ၊ လန (၃၉) မြေ၊ (၃-ခ) မြေ၊ လယ (၃၀) (က) (ခ) မြေတွေ ဆိုရင်ရပါတယ်”
“အဆောက်အအုံဆိုရင်လည်း ကွန်ကရစ်တိုက် (RC)၊ အုတ်ညှပ်အဆောက်အအုံ၊ တိုက်ခံအိမ်၊ Steel Structure တွေ ဖြစ်ရပါမယ်”
“ချေးငွေအာမခံပစ္စည်းအပေါ် အမြင့်ဆုံးထုတ်ချေးနိုင်တဲ့ချေးငွေ မာဂျင်သတ်မှတ်ချက်က မြေတန်ဖိုးရဲ့ ၇၅ ရာခိုင်နှုန်းနဲ့ အဆောက်အအုံတန်ဖိုးရဲ့ ၆၅ ရာခိုင်နှုန်း ဖြစ်ပါတယ်”
“ ဒီလိုဆို အာမခံမပေးနိုင်ရင် ငွေချေးလို့မရတော့ဘူးလား ခင်ဗျာ”
“အာမခံမပေးနိုင်ရင်တော့ CGI အာမခံမဲ့ချေးငွေအဖြစ် အများဆုံး ကျပ်သန်း ၅၀ အထိ ထုတ်ချေးပေးပါတယ်။ အာမခံပေးတဲ့ ချေးငွေများကို အများဆုံးကျပ်သန်း ၅၀၀ အထိ ထုတ်ချေးပေးပါတယ်”
“ချေးငွေသက်တမ်းက ဘယ်လောက်ကြာသလဲဗျ”
“ ချေးငွေသက်တမ်းက သုံးနှစ်ကနေ ငါးနှစ်ထိ ချေးပေးပါတယ်၊
- သုံးနှစ်ဆိုရင် တစ်နှစ်ဆိုင်းငံ့၊ နှစ်နှစ် လေးရစ်ဆပ်၊
- လေးနှစ်ဆိုရင် တစ်နှစ်ခြောက်လဆိုင်းငံ့၊ နှစ်နှစ်ခြောက်လ ငါးရစ်ဆပ်၊
- ငါးနှစ်ဆိုရင် နှစ်နှစ်ဆိုင်းငံ့၊ သုံးနှစ် ခြောက်ရစ်ဆပ်ရမှာ ဖြစ်ပါတယ် ”
“အတိုးနှုန်းတွေက မြေနှင့်အဆောက်အအုံကို အာမခံပေးပါက ၇ ဒသမ ၅ ရာခိုင်နှုန်း၊ CGI အပေါင်ရှိ/ အပေါင်မဲ့ ၈ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်း ဖြစ်ပါတယ်”
“အခုပြောပြခဲ့တဲ့ JICA MSME Two-Step Loan က အနည်းငယ်ထူးခြားပါတယ်။ ဘဏ်ချေးငွေတွေအားလုံးကို ကိုယ်သုံးချင်တာ သုံးလို့မရပါဘူး။ ခွင့်ပြုချေးငွေပမာဏရဲ့ အနည်းဆုံး ၈၀ ရာခိုင်နှုန်းကို ပုံသေပစ္စည်းဝယ်ယူရင်းနှီးရပါမယ်။ ကျန်တဲ့အများဆုံး ၂၀ ရာခိုင်နှုန်းကိုပဲ လှည့်ပတ်ငွေရင်းမှာ သုံးကြရမှာပါ”
“ဆိုလိုတာက ချေးငွေရဲ့ ၈၀ ရာခိုင်နှုန်းကို ပုံသေရင်းနှီးငွေအဖြစ် စက်ရုံ၊ အဆောက်အအုံ၊ စက်ပစ္စည်း၊ စက်ကိရိယာများ၊ မော်တော်ယာဉ်များ ဝယ်ယူရင်းနှီးရမှာဖြစ်ပါတယ်။ ဒါက JICA MSME Two-Step Loan အကြောင်းပါ”
“နောက်ချေးငွေတစ်မျိုးက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေဖြစ်ပါတယ်။ ပြည်ပမှ စားသုံးဆီ တင်သွင်းမှုလျှော့ချရန်၊ ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှုတိုးတက်ပြီး စားသုံးဆီဖူလုံရန်နဲ့ အရည်အသွေးကောင်းမွန်တဲ့ စားသုံးဆီထုတ်လုပ်ရန် ရည်ရွယ်ပြီး နိုင်ငံတော်မှ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှု လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပြီး အထောက်အကူပြု လုပ်ငန်းအဖွဲ့လေးဖွဲ့ကို ဖွဲ့စည်းထားကာ ချေးငွေများကို ထုတ်ချေးပေးလျက်ရှိပါတယ်”
ထိုအခါ ဦးစိုးတင့်က “ဒီချေးငွေက ဆီစက်လုပ်ငန်းရှင်များပဲ ထုတ်ချေးပေးတာပေါ့နော်။ ကျန်တဲ့လုပ်ငန်းတွေကိုတော့ မချေးပေးဘူးပေါ့” ဟု မေးလိုက်ပါသည်။
“MSME အသိအမှတ်ပြုကတ်ရရှိပြီး ပုဂ္ဂလိကစက်မှုလုပ်ငန်း မှတ်ပုံတင်ရရှိပြီးသူ၊ စားသုံးဆီ ကြိတ်ခွဲထုတ်လုပ်ဖြန့်ဖြူးခြင်းကို လက်ရှိလုပ်ကိုင်နေသူတွေကိုပဲ ထုတ်ချေးပေးတာပါ”
“လုပ်ငန်းလှည့်လည်ရင်းနှီးငွေ (Working Capital) အတွက် ချေးယူပါက အများဆုံးသက်တမ်း တစ်နှစ်၊ ပုံသေရင်းနှီးငွေ( Fixed Capital ) အတွက် ချေးယူခြင်းဖြစ်ပါက ချေးငွေရဲ့ ၅၀ ရာခိုင်နှုန်း အနည်းဆုံးအသုံးပြုရန်ဖြစ်ပြီး ချေးငွေသက်တမ်းမှာ အများဆုံးသုံးနှစ်ချေးမှာဖြစ်ပါတယ်။ အတိုးက တစ်နှစ်မှာ ၅ ရာခိုင်နှုန်းဖြစ်ပြီး သုံးလတစ်ကြိမ် အတိုးငွေပေးသွင်းရမှာပါ”
“လုပ်ငန်းလှည့်လည်ရင်းနှီးငွေအတွက် ချေးယူပါက ချေးငွေပမာဏ အနည်းဆုံးကျပ် ၁၀ သန်းမှ အများဆုံးကျပ်သန်း ၅၀၀ ထိ၊ ပုံသေရင်းနှီးငွေအတွက် ချေးယူပါက ချေးငွေပမာဏအနည်းဆုံး ကျပ်သန်း ၂၀ မှ အများဆုံး ကျပ်သန်း ၅၀၀ ထိနဲ့ ဆီစက်အကြီးများ၊ ကုမ္ပဏီအစုအဖွဲ့များအနေနဲ့ စက်အသစ်တည်ဆောက်ခြင်း၊ တိုးချဲ့တပ်ဆင်ခြင်းများအတွက် ချေးငွေပမာဏ ကျပ်သန်း ၁၀၀၀ ထိ ထုတ်ချေးပေးနေပါတယ်”
“ဘဏ်ကိုပေးအပ်ရတဲ့ အာမခံပစ္စည်းကလည်း JICA MSME Two-Step Loan ချေးငွေထုတ်ချေးရင် ပေးအပ်ရတဲ့အတိုင်းပဲ သတ်မှတ်ခွင့်ပြုထားပါတယ်။ ယခုအချိန်အထိ မြန်မာ့စီးပွားရေးဘဏ်ကနေ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေကို လုပ်ငန်းရှင် ၃၁ ဦးကို ငွေပမာဏ ကျပ်သန်း ၆၁၄၀ ထုတ်ချေးထားပါတယ်”
“နောက်ချေးငွေတစ်မျိုးကတော့ MSME ဖွံ့ဖြိုးတိုးတက်ရေးချေးငွေ ဖြစ်ပါတယ်။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနနဲ့ စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က မတည်ထောက်ပံ့ငွေကျပ် ဘီလီယံ ၁၇၀ ကို မတည်ပေးခဲ့ပါတယ်”
“အဲဒီ မတည်ငွေအနက် ကျပ် ဘီလီယံ ၁၅၀ ကို MSME လုပ်ငန်းရှင်တွေကို ချေးငွေထုတ်ချေးနိုင်ဖို့အတွက် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့များကို ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိပါတယ်”
“အများဆုံးထုတ်ချေးတဲ့ ပမာဏအနေနဲ့ အသေးစားနှင့် အငယ်စား စီးပွားရေးလုပ်ငန်းတွေကို ကျပ်သန်း ၅၀၊ အလတ်စားစီးပွားရေးလုပ်ငန်းတွေကို ကျပ်သန်း ၁၀၀၊ CGI စနစ်နဲ့ ထုတ်ချေးလိုပါကမြန်မာ့အာမခံလုပ်ငန်း၊ ပုဂ္ဂလိကအထွေထွေအာမခံကုမ္ပဏီ ကိုးခုနဲ့ အများဆုံးကျပ်သန်း ၅၀ ထုတ်ချေးပေးမှာ ဖြစ်ပါတယ်”
“Fixed Capital အနည်းဆုံး ၃၀ ရာခိုင်နှုန်းနဲ့အထက် အသုံးပြုမယ့် ချေးငွေမှာ အတိုးနှုန်း သုံးရာခိုင်နှုန်း၊ ချေးငွေသက်တမ်းက အများဆုံး သုံးနှစ် (တစ်နှစ်ဆိုင်းငံ့၊ နှစ်နှစ် လေးရစ်ဆပ်)၊ Working Capital ၁၀၀ ရာခိုင်နှုန်း အသုံးပြုမယ့် ချေးငွေမှာ အတိုးနှုန်း လေးရာခိုင်နှုန်း ချေးငွေသက်တမ်းက အများဆုံး တစ်နှစ်ခြောက်လ၊ (ခြောက်လဆိုင်းငံ့ တစ်နှစ် နှစ်ရစ်ဆပ်)၊ CGI စနစ်နဲ့ ထုတ်ချေးမယ့် ချေးငွေအတိုးနှုန်း ငါးရာခိုင်နှုန်း၊ Fixed Capital ချေးငွေရယူထားသူတွေကို ချေးငွေအများဆုံး နှစ်ကြိမ်၊ Working Capital ချေးငွေရယူထားသူများအား ချေးငွေအများဆုံး သုံးကြိမ်ထိသာ ထုတ်ချေးပါတယ်”
“ဘဏ်ကို အာမခံပေးရမယ့် မြေနဲ့ အဆောက်အအုံအမျိုးအစားမှာ အခြား MSME ချေးငွေတွေအတိုင်းပဲ ဖြစ်ပါတယ်။ ဒီချေးငွေကို နိုင်ငံတော်ပိုင်ဘဏ်ဖြစ်တဲ့ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နဲ့ အခြားပုဂ္ဂလိကဘဏ် ၁၆ ဘဏ်ကနေ ချေးယူရရှိနိုင်မှာ ဖြစ်ပါတယ်”
“စက်မှု/ ကြီးကြပ်မှာ မှတ်ပုံတင်ထားသူ (သို့မဟုတ်) MSME Member Card ရရှိပြီးသူ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရှိ MSME Agency များမှ လုပ်ငန်းအမှန်တကယ် လုပ်ကိုင်ကြောင်း ထောက်ခံချက်၊ ဤချေးငွေကို မရယူမီ မြန်မာ့စီးပွားရေးဘဏ်၊ အခြားဘဏ်နဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းတွေမှာ ချေးငွေရယူထားပါက ချေးငွေပြေကျေပြီးသူ (သို့မဟုတ်) ချေးငွေအရင်းနဲ့ ကျသင့်အတိုးကို ပုံမှန်ပေးဆပ်နေပြီး သီးခြားအာမခံပေးနိုင်သူ၊ ချေးငွေအတွက် ဘဏ်လုပ်ထုံး လုပ်နည်းနဲ့အညီ လုံလောက်တဲ့ အာမခံပေးအပ်ရမယ်၊ အာမခံပစ္စည်းတင်ပြရန်မရှိရင် CGI စနစ်နဲ့ ချေးငွေလျှောက်ထားနိုင်ပါတယ်။ ဘဏ္ဍာရေးရှင်းတမ်းကို တစ်နှစ်တစ်ကြိမ် တင်ပြရမယ် စတဲ့ အချက်တွေကို လိုက်နာရမှာ ဖြစ်ပါတယ်”
“အခု MSME ဖွံ့ဖြိုးတိုးတက်ရေးချေးငွေကို ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့မှ MSME လုပ်ငန်းရှင် ၂၅၃ ဦး ချေးငွေပမာဏကျပ် ၉၉၅၅ သန်းကို PFI ဘဏ် ၁၁ ဘဏ်ကတစ်ဆင့် ထုတ်ချေးပေးခဲ့ပြီး ဖြစ်ပါတယ်။ နောက်ထပ်ငွေထုတ်ချေးဖို့ စိစစ်နေဆဲ ချေးငွေအမှုတွဲများလည်း ရှိနေပါသေးတယ်”
“ဪ ဒီချေးငွေကလည်း အများကြီးထုတ်ချေး ပေးထားတာပဲနော်” ဦးစိုးတင့်က အံ့ဩစွာ ပြောလိုက်ပါသည်။
“အမှန်ပါ့ဗျာ။ MSME ထုတ်ကုန်တွေကို တိုးမြှင့်ထုတ်လုပ်နိုင်ပြီး နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ဖို့ ငွေကြေးအရင်းအနှီး အခက်အခဲမဖြစ်စေရေး နိုင်ငံတော်က ထုတ်ချေးပြီး ပံ့ပိုးပေးနေတာပါ။ ယခုလို နိုင်ငံတော်ရဲ့ စေတနာကို နားလည်ပြီး မိမိတို့ရဲ့ထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်ကာ နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု တိုးတက်ရေးကို ဝိုင်းဝန်းဆောင်ရွက်ကြရမှာ MSME လုပ်ငန်းရှင် အပါအဝင် လုပ်ငန်းရှင်တိုင်းရဲ့တာဝန်ပါ”
“အခုလို ပြည့်ပြည့်စုံစုံရှင်းပြပေးတဲ့ မန်နေဂျာကြီးကို ကျွန်တော်တို့အားလုံးက ကျေးဇူးအထူးတင်ပါတယ်။ နောင်လည်း သိချင်တာလေးတွေရှိရင်လည်း ရှင်းပြပေးပါဦး”
“ဒီလိုရှင်းပြခွင့်ရလို့ ကျွန်တော်ကလည်း ခင်ဗျားတို့အားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်ထပ်သိချင်တာရှိရင်လည်း မေးကြပါ၊ အကူအညီလိုရင်လည်း ပြောကြပါ။ ကဲ အားလုံးပဲ ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦး”
“နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ဆောင်ပုဒ်နှင့်အညီ MSME ထုတ်ကုန်တိုးမြှင့်ရန် ငွေကြေးအရင်းအနှီးများရယူ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ကြိုးပမ်းကြပါစို့ဟု တိုက်တွန်းလိုက်ရပါကြောင်း ........ ။


