နေပြည်တော် အောက်တိုဘာ ၁၇
MSME လုပ်ငန်းရှင်များနှင့် အစပျိုးစီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းစွမ်းရည်မြှင့်တင်ရေး အစီအစဉ်တွင် ပါဝင်သည့် သင်တန်းသားများအနေဖြင့် သင်တန်းပြီးဆုံးချိန်တွင် စမ်းသပ်မည့် အကြံဉာဏ် တစ်ခု၊ ရက်ပေါင်း ၃၀ လုပ်ငန်းအစီအစဉ်တစ်ခုဖြင့် စတင်ဆောင်ရွက်သွားကြစေလိုကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် MSME လုပ်ငန်းရှင်များနှင့် အစပျိုးစီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းစွမ်းရည်မြှင့်တင်ရေး အစီအစဉ်၌ တိုက်တွန်းပြောကြားခဲ့သည်။
ထို့ပြင် လူငယ်များအနေဖြင့် မိမိတို့၏ အသိပညာ၊ ကျွမ်းကျင်မှုနှင့် ဒေသအရင်းအမြစ်များကို အသုံးချဆောင်ရွက်ကြရန်လိုကြောင်း၊ MSME တစ်ခု အောင်မြင်လာပါက အလုပ်အကိုင်များ ဖန်တီးနိုင်မည်ဖြစ်ပြီး MSME များစွာအောင်မြင်လာပါက ဒေသစီးပွားရေး တိုးတက်လာစေနိုင်မည်ဖြစ်ကြောင်း၊ ထို့အတူ ဒေသစီးပွားရေးများ တိုးတက်လာမှုနှင့်အတူ နိုင်ငံ့ထုတ်လုပ်မှု၊ ပို့ကုန်နှင့် နိုင်ငံ့ဝင်ငွေလည်း တိုးတက်လာမည် ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် လူမှုအသိုက်အဝန်းနှင့် နိုင်ငံတော်အတွက်ပါ တန်ဖိုးရှိသည့် လုပ်ငန်းများ ဖန်တီးကြရန်နှင့် ယခုသင်တန်းမှ လက်တွေ့အောင်မြင်သော အစပျိုးစီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွက်လာ စေရန် ဆန္ဒပြုကြောင်း ပြောကြားသည်။
ထို့အတူ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌက အစပျိုးစီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းစွမ်းရည်မြှင့်တင်ရေးအစီအစဉ် - ၂၀၂၆ နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများသည် ခင်းကျင်းပြသထားသည့် MSME ထုတ်ကုန်ပစ္စည်းများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါအစီအစဉ်ကို အောက်တိုဘာ ၁၇ ရက်နှင့် ၁၈ ရက် နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး ယနေ့ ဆွေးနွေးမှုများအဖြစ် တာဝန်ရှိသူများက စီးပွားရေးစတင်ခြင်းမှ ရေရှည်တည်တံ့သော စီးပွားရေးလုပ်ငန်းအဖြစ် တည်ဆောက်ခြင်း၊ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများနှင့် လုပ်ငန်းတိုးချဲ့ရန် အခွင့်အလမ်းများ၊ ဈေးကွက်ဝင်ရောက်မှု မဟာဗျူဟာ၊ စွန့်ဦးတီထွင်လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းဆွေးနွေးကြသည်။
ထို့ပြင် မျှော်မှန်းချက်မှ လက်တွေ့စီးပွားရေးလုပ်ငန်းဆီသို့ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များ၏ စီးပွားရေး စတင်တည်ဆောက်မှုခရီး ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
သတင်းစဉ်


