မန်ယူအသင်းက အိုင်ဟာလိုရဲ့ အငှားစာချုပ်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ သက်တမ်းတိုးမြှင့်

ငွေကြယ်

 

တိုက်စစ်မှူး အိုင်ဟာလိုဟာ မန်ယူအသင်းနဲ့ လက်ရှိချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ လအထိ သက်တမ်းတိုးမြှင့်လိုက်တယ်လို့ သိရပါတယ်။

 

အသက် (၃၀) အရွယ်ရှိ တိုက်စစ်မှူး အိုင်ဟာလိုဟာ ဇန်နဝါရီ ဈေးကွက်အတွင်းက တရုတ်စူပါလိဂ် ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းကနေ မန်ယူအသင်းဆီ ကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အဲဒီ စာချုပ်ဟာ မေ ၃၁ ရက်က သက်တမ်းကုန်ဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

 

မန်ယူအသင်းအနေနဲ့ ကနဦးစာချုပ်ချုပ်ဆိုစဉ်ကတည်းက နိုင်ဂျီးရီးယားကြယ်ပွင့် အိုင်ဟာလိုကို အမြဲတမ်းစာချုပ်နဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးမရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ အငှားစာချုပ်ကို သက်တမ်းတိုးလိုက်တဲ့အတွက် အိုင်ဟာလိုရဲ့ မန်ယူအသင်းနဲ့အတူ ဆုဖလားတွေရယူဖို့ မျှော်လင့်ထားတဲ့ မျှော်လင့်ချက် အိပ်မက်တစ်ခုကို ဖန်တီးပေးလိုက်တာဖြစ်တယ်လို့ မန်ယူအသင်းနည်းပြ ဆိုးရှားက ပြောကြားခဲ့ပါတယ်။

 

အိုင်ဟာလိုဟာ မတ်၁၂ ရက်က LASK အသင်းကို မန်ယူအသင်းက ငါးဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးတစ်ဂိုးအပါအဝင် မန်ယူအသင်းအတွက် ရှစ်ပွဲကစားပေးခဲ့ရာမှာ သွင်းဂိုးလေး ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။

 

ပရီမီယာလိဂ် ဘောလုံးရာသီကို ဇွန် ၁၇ ရက်မှာ ပြန်လည်စတင်မှာဖြစ်ပြီး လက်ရှိမှာ မန်ယူအသင်းဟာ ကစားဖို့ ကိုးပွဲကျန်နေချိန်မှာ အဆင့် ၄ နေရာက ချယ်လ်ဆီးအသင်းနဲ့ သုံးမှတ်အကွာ အမှတ်ပေးဇယားရဲ့ အဆင့်ငါးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။