မန်ယူ၊  အာဆင်နယ်တို့  နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်များ

၁၀ ဇန်နဝါရီ

 

ဒီနေ့ နံနက်အစောပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပြိုင်ပွဲ ပွဲစဉ်တွေမှာတော့ မန်ယူအသင်းက ဝက်ဖို့ဒ်ကို တစ်ဂိုး-ဂိုးမရှိ၊ အာဆင်နယ်က နယူးကာဆယ်ကို နှစ်ဂိုး-ဂိုးမရှိဆိုတဲ့ ရလဒ်တွေနဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

 

မန်ယူနဲ့ ဝက်ဖို့ဒ်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ မန်ယူက မက်တိုမီနေးရဲ့ ပွဲအစ ၅ မိနစ်ကတည်းက သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ယခုပွဲမှာ ဂိုးသွင်းခွင့်တွေ ရရှိခဲ့ပေမယ့် မာတာ၊ ရက်ရှ်ဖို့ဒ်နဲ့ ဒန်နီယဲလ်ဂျိမ်းစ်တို့က ရလာတဲ့အခွင့်အရေးတွေကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့လို့လည်း မန်ယူရဲ့ အနိုင်ရလဒ် ပြတ်ပြတ်သားသား မဖြစ်ခဲ့တာပါ။ 

 

မက်တိုမီနေး  မန်ယူအတွက် အဖွင့်ဂိုးသွင်းပြီး သိပ်မကြာခင်မှာပဲ ဝက်ဖို့ဒ်နောက်ခံလူ  မက်ဆီနာ အပိုင်အခွင့်အရေးတစ်ရပ် ရခဲ့ပေမယ့် အသုံးမချနိုင်လို့သာ ဝက်ဖို့ဒ်တို့လည်း ချေပဂိုးနဲ့ ဝေးကွာခဲ့ရတာ ဖြစ်ပါတယ်။

 

မန်ယူ အက်ဖ်အေဖလား တတိယအဆင့်မှာ နောက်ဆုံးအကြိမ် ရှုံးနိမ့်ခဲ့မှုက ၂၀၁၄ ခုနှစ် ဇန်နဝါရီလအတွင်း ဆွမ်ဆီးကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်တာကြောင့် ခုနစ်နှစ်ဆက်တိုက် အက်ဖ်အေဖလား တတိယအဆင့်မှာ ရှုံးနိမ့်ခြင်းမရှိတဲ့ မှတ်တမ်းကောင်းတစ်ရပ်ကို ဆက်လက်ရရှိခဲ့ပါတယ်။ ဝက်ဖို့ဒ်ကတော့ အိုးထရက်ဖို့ဒ်ကွင်း သွားရောက်ယှဉ်ပြိုင်ရတိုင်း ရလဒ်ဆိုးတတ်တဲ့ အစဉ်အလာအတိုင်း ယခုပွဲမှာလည်း မန်ယူရဲ့အိမ်ကွင်းမှာ အိမ်ရှင်အသင်းကို ထပ်မံအရေးနိမ့်ခဲ့ပြန်တာကြောင့် အိုးထရက်ဖို့ဒ်ကွင်းမှာ (၁၀)ကြိမ်ဆက် အရေးနိမ့်တဲ့ မှတ်တမ်းဆိုးကို ရရှိခဲ့ပါတယ်။

 

အာဆင်နယ်ကတော့ နယူးကာဆယ်ကို စမစ်ရိုဝီနဲ့ အူဘာမီယန်တို့ရဲ့ အချိန်ပိုမှာ သွင်းယူခဲ့တဲ့ ဂိုးတွေကြောင့် အက်ဖ်အေဖလား စတုတ္ထအဆင့်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်နည်းပြ အတီတာရဲ့ ဒုတိယပိုင်းအတွင်း ထည့်သွင်းကစားခဲ့တဲ့ ရိုဝီရဲ့ သွင်းဂိုးကြောင့် အာဆင်နယ်က ပွဲကစားချိန် ၁၀၉ မိနစ်မှာ အဖွင့်ဂိုးစရပြီး အဲဒီနောက် အူဘာမီယန်က ဒုတိယဂိုး ထပ်သွင်းခဲ့ပါတယ်။ အာဆင်နယ်ဟာ သာမန်ပွဲကစားချိန်မှာ အပိုင်အခွင့်အရေးတွေကို အသုံးမချနိုင်ဘဲ နယူးကာဆယ်တိုက်စစ်မှူး ကာရိုးရဲ့ ကန်ချက်နှစ်ခုလုံးသာ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့မယ်ဆို အာဆင်နယ်အသင်း  တတိယအဆင့်မှာပဲ ကျန်နေခဲ့ဖို့ရှိပါတယ်။

 

မေလဲ့သင်း

 

mdn