မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာခရီးသွားဧည့်သည် ၆၈၀၀၀၀ ကျော် ဝင်ရောက်

မန္တလေး  ၂၂  ဇန်နဝါရီ

 

၂၀၁၉ ခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးအတွင်းသို့ နိုင်ငံတကာခရီးသွားဧည့်သည် ၆၈၀၀၀၀ ကျော် ဝင်ရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်ထက် ၁၉၀၀၀၀ ကျော် ပိုမိုတိုးတက်ဝင်ရောက်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန စာရင်းများအရ သိရသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ၂၀၁၈ ခုနှစ်တွင် နိုင်ငံတကာခရီးသွားဧည့်သည် ၄၉၀၀၀၀ ကျော်၊ ၂၀၁၉ ခုနှစ်တွင် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ၆၈၀၀၀၀ ကျော် ဝင်ရောက်ခဲ့သဖြင့် ၂၀၁၈ ခုနှစ် ဝင်ရောက်မှုထက် ၁၉၀၀၀၀ ကျော် ပိုမိုဝင်ရောက်လာပြီး အရှေ့တိုင်းခရီးသွားများ အများဆုံးဝင်ရောက်ကာ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ စပိန်၊ အမေရိကန်နှင့် အင်္ဂလန် စသည့် အနောက်တိုင်း ခရီးသွားများလည်း အစဉ်လိုက် တိုးတက်ဝင်ရောက်လာကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောသည်။

 

“ကျွန်တော်တို့ ဝန်ကြီးဌာနက ခရီးသွားကဏ္ဍမှာ ပါဝင်ပတ်သက်သူတွေရဲ့ အကျိုးစီးပွား၊ ဒေသခံပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို တိုက်ရိုက်ဆက်စပ်ပြီး အကျိုးပြုမယ့် ခရီးသွားဧည့်သည်တွေ နိုင်ငံအတွင်းကို ပိုမိုဝင်ရောက်လာဖို့ ဆက်စပ်ဌာနဆိုင်ရာတွေနဲ့ ပေါင်းစပ်ပြီး ဗီဇာဖြေလျော့မှုတွေနဲ့ ဝင်ရောက်မှု လွယ်ကူချောမွေ့စေဖို့ ဆောင်ရွက်ပေးခဲ့သလို ခရီးစဉ်ဒေသနဲ့ ခရီးသွားဧည့်သည်တွေ တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်နိုင်စေဖို့ Digital platform ပေါ်ကိုလည်း တက်လမ်းဆောင်ရွက်နေတဲ့အတွက် ခရီးသွားဧည့်သည်တွေ ပိုမိုဝင်ရောက်လာတာဖြစ်ပါတယ်။ ဒီလောက်နဲ့ ကျေနပ်မနေဘဲ ၂၀၂၀ ခုနှစ်မှာ ဒီထက်ပိုမို ဝင်ရောက်လာစေမယ့် အစီအမံတွေလည်း ဆက်လက်ဆောင်ရွက်နေပါတယ်”ဟု ၎င်းက ပြောသည်။

 

မြန်မာနိုင်ငံအတွင်းသို့ အရှေ့တိုင်းခရီးသွားများသာမက အနောက်တိုင်းခရီးသွားများလည်း တိုးတက်ဝင်ရောက် လာနိုင်စေရေးအတွက် ယခုနှစ်ဆန်းပိုင်းတွင် အီတလီနိုင်ငံသား စက်ဘီးအားကစားသမား လေးဦးအား နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ရှမ်းပြည်နယ်မြို့များသို့ ဇန်နဝါရီ ၁၄ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ စက်ဘီး စီးနင်း၍ ဝင်ရောက်လည်ပတ်ခွင့်ပြုကာ အားကစားလှုပ်ရှားမှုဖြင့် ခရီးသွားကဏ္ဍ မြင့်တင်ရေးအစီအစဉ်ကို ဆောင်ရွက်လျက်ရှိသည်။

 

“ပြည်တွင်းမှာ Sport Tourism လှုပ်ရှားမှုအနေနဲ့ စက်ဘီးစီးနင်းပြီး လည်ပတ်ခွင့်ပြုတဲ့အတွက် မြန်မာနိုင်ငံရဲ့ ဆွဲဆောင်ရွက်မှုရှိတဲ့ ခရီးစဉ်ဒေသတွေကို ကမ္ဘာကသိရှိနိုင်မယ့်အပြင် ဝေးလံခေါင်ဖျားမှာရှိတဲ့ ခရီးစဉ်ဒေသ အသစ်တွေကိုလည်း သွားရောက်နိုင်ရေးအတွက် ရည်ရွယ်ပြီး ဆောင်ရွက်တာဖြစ်ပါတယ်၊ ဒါအပြင် ကမ္ဘာခရီးသွား ဈေးကွက်မှာ မြန်မာနိုင်ငံရဲ့ အမည်နဲ့ အမှတ်တံဆိပ်ကို ပေါ်လွင်ထင်ရှားစေဖို့နဲ့ ဒီခရီးစဉ်မှတ်တမ်းကို သူတို့ အီတလီနိုင်ငံရဲ့ website မှာ ပြန်လည်ဖော်ပြပေးခြင်းအားဖြင့် ဥရောပဈေးကွက်ကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပြီး ဆောင်ရွက်တာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်းသို့ နိုင်ငံတကာ ခရီးသွားဝင်ရောက်မှု တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လျက်ရှိရာ ၂၀၁၆ ခုနှစ်တွင် ၃၈၅၀၃၁ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၄၈၃၇၈၄ ဦးနှင့် ၂၀၁၈ ခုနှစ်တွင် ၄၉၂၀၉၇ ဦး ဝင်ရောက်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)