မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝါဆိုသင်္ကန်း‌ဆက်ကပ်လှူဒါန်း

မန္တလေး    ဩဂုတ်

 

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့တော်ခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ တက်ရောက်၍ ဝါဆိုသင်္ကန်းတော်များ ဆက်ကပ်လှူဒါန်းသည်။

 

ရှေးဦးစွာ ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ တွဲဖက် အကျိုးတော်ဆောင်၊ မိုးကောင်းတိုက်၊ ဝါးတန်းကျောင်းဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ သီလာစာရာ ဘိဝံသထံမှ ဧည့်ပရိသတ်အပေါင်းတို့က သီလခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော်များ ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

 

ထို့နောက် ဆရာတော်သံဃာတော်များထံသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ၄င်းတို့၏ ဇနီးများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုကို ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင်၊ မဟာဓမ္မိကာရာမ ကျောင်းတိုက်၊ ရတနာပုံကျောင်းဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒထံမှ အနုမောဒနာ တရားတော်များကို နာယူကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအောင်မြင်ခဲ့သည်။

 

 ယနေ့ကျင်းပသော ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် သတ်မှတ်ထားသည့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကြွရောက်တော် မူကြသော ဆရာတော်သံဃာတော်များအား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)

 

116699554_2562113884101680_7109397039170859232_n