မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ဟိုတယ်  ၁၇၀ ခန့် ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေး

မန္တလေး  ၁၃  ဇူလိုင်

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ဟိုတယ် လုံးရေ ၄၉၀ အနက် ၁၇၀ ခန့် ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိ ကြောင်း မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ပြောသည်။

အခုလ ၁၂  ရက်ကပြုလုပ်သော  မြန်မာ့စီးပွားရေး သုံးသပ်ချက်များ နဲ့ ပြန်လည်ဦးမော့လာနိုင်မယ့် အခွင့်အလမ်းများ "COVID-19 & Myanmar Economy; Past, Present & Future" တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ခရီးသွားလုပ်ငန်းများ ယာယီရပ်တန့်ခဲ့ရပြီး လတ်တလောကာလ ဖြေလျော့မှုဖြင့်  ဖွင့်လှစ်ခွင့်များရထားသော်လည်း ဧည့်သည်များ ဝင်ရောက်မှု ကျဆင်းသဖြင့်ဟိုတယ်များ ပြန်လည်ဖွင့်လှစ်ရန် ခက်ခဲလျက်ရှိကြောင်း သိရသည်။

"ဟိုတယ် ၄၉၀ ကျော်မှာ ၁၇၀ လောက်က ပြန်မဖွင့်နိုင်သေးပါဘူး၊ ရှိတဲ့ ဟိုတယ်ဝန်ထမ်း နှစ်သောင်းကျော်ဟာလည်း အလုပ်ရှိရက်နဲ့ ဝင်ငွေရတဲ့ အရာမရှိဘူးဖြစ်နေတယ် " ဟု မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဦးမြတ်သူက ပြောသည်။

ခရီးသွားလုပ်ငန်းအတွင်းရှိ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ စားသောက်ဆိုင်လုပ်ငန်း၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်လုပ်ငန်း၊ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်း လုပ်ငန်းများ အပြင် ဧည့်လမ်းညွှန်များ စသဖြင့် ကဏ္ဍအသီးသီးတွင် ထိခိုက်မှုများ ရှိနေကြောင်း သိရသည်။

နိုင်ငံတော် အစိုးရမှ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းတွင်ကြုံတွေ့ရသော ထိခိုက်မှုများအား ကုစားနိုင်ရန်အတွက် ချေးငွေများ ချထားပေးလျက်ရှိသော်လည်း ခရီးသွားကဏ္ဍ တစ်ခုလုံးအား လွှမ်းခြုံနိုင်ခြင်း မရှိဟု ဧည့်လမ်းညွှန် ကိုစိုင်းကျော်ကျော်က ပြောကြားသည်။

၂၀၁၉ ခုနှစ် ခရီးသွားလုပ်ငန်းနှင့် ဆိုင်သောတွက်ချက်မှုများအရ နိုင်ငံတကာလေ ကြောင်းလိုင်စများ အနေဖြင့် ရရှိသည့်ဝင်ငွေမှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ မေလအထိ အမေရိကန်ဒေါ်လာ ၃၆၅ ဒသမ ၀၇၁ သန်း ရရှိခဲ့ပြီး၊ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ မေလအထိ အမေရိကန် ဒေါ်လာ ၁၇၀ ဒသမ ၃၁၄ သန်းသာ ရရှိခဲ့သည်။ ပြည်တွင်းသယ်ယူပိူ့တောင်ရေး ကဏ္ဍတွင်လည်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ မေလအထိ အမေရိကန်ဒေါ်လာ ၁၁၄ ဒသမ ၀၈၅ သန်း ရရှိခဲ့ပြီး၊ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ၅၃ ဒသမ ၂၂၃ သန်း ရှိခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

မေသက်ထား

 

2131

 

received_554269865112540