မန္တလေး စက်တင်ဘာ ၂၇
မန္တလေးရှေ့နေများစစ်တုရင်ပြိုင်ပွဲကို စက်တင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် နံနက် ၉ နာရီမှစတင်၍ ချမ်းအေးသာစံမြို့နယ် ၂၉ လမ်းနှင့် လမ်း ၃၀ ကြား၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြား ဗထူးအားကစားကွင်းအတွင်း မန္တလေးတိုင်းဒေသကြီးစစ်တုရင်ကော်မတီရုံးခန်း၌ ကျင်းပသည်။
ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်းမှ တရားလွှတ်တော်ရှေ့နေများ၊ အထက်တန်းရှေ့နေများနှင့် အလုပ်သင်ရှေ့နေများပါဝင်ယှဉ်ပြိုင်ကြပြီးပြိုင်ပွဲကို Swiss System ဖြင့် ကျင်းပသည်။
မန္တလေးရှေ့နေအသင်းစစ်တုရင်ပြိုင်ပွဲ ၂၀၂၆ ဖွင့်ပွဲကို စက်တင်ဘာ ၂၆ ရက် နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီးစစ်တုရင်ကော်မတီရုံး၌ ကျင်းပရာ မန္တလေးရှေ့နေအသင်းဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးဝမ်းမောင်က အမှာစကားပြောကြားပြီး စစ်တုရင်ရုပ်ကိုရွှေ့၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။ အခမ်းအနားသို့ မန္တလေးရှေ့နေအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်ငွေနှင့် အမှုဆောင်များ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။
မောင်ပြည်သူ


