မန္တလေးမြို့တွင် ဟိုတယ်ဧည့်ဝန်ဆောင်မှုလုပ်ငန်း  သင်တန်းဆင်းများအတွက် အလုပ်အကိုင်ပြပွဲကျင်းပ

မန္တလေး  ၂၄   အောက်တိုဘာ 

ဟိုတယ်ဧည့်ဝန်ဆောင်မှုလုပ်ငန်းသင်တန်းများဆင်းပွဲနှင့် သင်တန်းဆင်းများအတွက် အလုပ်အကိုင်ပြပွဲ ကို မန္တလေးမြို့၊ ၃၂ နှင့် ၃၃ လမ်းကြားရှိ ဆာကူယာဟိုတယ်တွင် ယနေ့မွန်းလွဲ ၂ နာရီ က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးမြတ်သူနှင့် မန္တလေးတိုင်း ဒေသကြီးလွှတ်တော်ဒုတိယဉက္ကဌ ဒေါက်တာခင်မောင်ဌေး တို့ က အမှာစကားပြောကြားသည်။ထို့နောက် မန္တလေးတိုင်းဒေသ ကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးနှင့်တာဝန်ရှိသူများက သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီးဧည့်ဝန်ဆောင်မှုလုပ်ငန်း သင်တန်းများ ပို့ချရာတွင် မိတ်ဖက်အဖြစ် ပူးပေါင်းလုပ်ဆောင်လျက်ရှိသည့် မန္တလေးမြို့မှ ဟိုတယ်(၈)လုံးမှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။ ၄င်းနောက် Swisscontact မှ မန်နေဂျာ မထက်ထက်ဦး သင်တန်းဆင်းအမှာစကားပြောကြားသည်။ ယင်းနောက် တာဝန်ရှိသူများက သင်တန်းဆင်းများအတွက် အလုပ်အကိုင်ပြပွဲကျင်းပပေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

အဆိုပါ သင်တန်းအား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ကြီးကြပ်မှုဖြင့် အသက်မွေးအတတ်ပညာ ဖွံ့ဖြိုးမှုအစီအစဉ်၏ ကဏ္ဍတစ်ခုအဖြစ် ဆွစ်ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ရန်ပုံငွေ ထောက်ပံ့ကာ Swisscontact မှ အကောင်အထည်ဖော်ဆောင်ရွက်ရှိသည့် ဟိုတယ်လေ့ကျင့်ရေး ဆောင်ရွက်မှုလုပ်ငန်းစဉ်တစ်ခု ဖြစ်ပြီး သင်တန်းသားများအား မိတ်ဖက်ဟိုတယ်များတွင် ဖွင့်လှစ်ခဲ့ကာ မန္တလေးမြို့၌ သင်တန်းသား စုစုပေါင်း(၆၅၇)ဦး လေ့ကျင့်သင်ကြားပေးခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ Swisscontact မှ တာဝန်ရှိသူများ၊ ဟိုတယ်အသီးသီးမှ အထွေထွေမန်နေဂျာများ၊ သင်တန်း/သင်တန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

သန်းဇော်မင်း(ပြန်/ဆက်)