မြန်မာတို့က ဖန်ကို ဘယ်အချိန်မှာ စသိခဲ့ကြသလဲ..

၂ ဧပြီ

 

ကမ္ဘာပေါ်တွင် ဖန်ချက်နည်းကို မည်သည့်အချိန်တွင် မည်သည့်လူမျိုးက စတင်တွေ့ရှိ တတ်မြောက်ခဲ့သည်ဟု အတိအကျ မပြောနိုင်ခဲ့ကြပေ။ ပလင်းနီ ခေါ် ရောမ စာရေးဆရာတစ်ဦးကမူ ရှေးပဝေသဏီက အီဂျစ်ပြည်မှ ဆီးရီးယားပြည်သို့ ကူးသန်းသွားလာကာ ကုန်ရောင်းဝယ် မှုပြုကြသော ဖီနီရှန်လူမျိုး ရေကြောင်းကုန်သည်တစ်စုက ဖန်ချက်နည်းကို အမှတ်မထင်တွေ့ရှိခဲ့သည်ဟု ဒဏ္ဍာရီဆန်ဆန် ရေးသားထားခဲ့သည်။ ပလင်းနီ၏ အဆိုအရ ထိုဖီနီရှန်ကုန်သည်တို့သည် ပါလက်စတိုင်းကမ်းခြေ တစ်နေရာ၌ ခရီးတစ်ထောက်ရပ်နားကာ ချက်ပြုတ်စားသောက်ကြသည်။ လှေပေါ်၌ အသင့်ပါလာသော ဆိုဒါအရိုင်းတုံးများ အရည်ပျော်ကာ သောင်ပြင်ပေါ်ရှိသဲများနှင့် ပေါင်းစပ်မိရာမှ ထုတ်ချင်းပေါက်မြင်နိုင်သော ပျော်ရည်တစ်မျိုး ဖြစ်လာသည်ကို မမျှော်လင့်ဘဲ တွေ့ရှိ ခဲ့ကြသည်။ ထိုအရည်အေးသွားသောအခါ မာကျောလာပြီး ဖန်ဟုခေါ်တွင်သော ပစ္စည်းဖြစ်လာခဲ့သည်ဟု ဆိုထား သည်။

 

မီးပြင်းတိုက်ကျိုချက်ရနိုင်

 

ဖန်သည် ဓာတုဗေဒအခေါ်အားဖြင့် ဆီလီကာ အရပ် အခေါ်အားဖြင့် သဲဟု ခေါ်သောပစ္စည်းနှင့် ပိုတက်ရှ်၊ ဆိုဒါ စသော အယ်လ်ကာလီတစ်မျိုးမျိုးတို့ကို ရောစပ်ပြီးမီးပြင်း တိုက်ကျိုချက်လျှင် ရနိုင်သောပစ္စည်းဖြစ်သည်။ တစ်ခါတစ်ရံ ထုံး သို့မဟုတ် ခဲကို အသုံးပြု၍လည်း ကျိုချက်ကြသည်။ ယနေ့ထိတိုင် အဆိုပါနည်းလမ်းမျိုးဖြင့် ဖန်ချက်နေကြသောကြောင့် ပလင်းနီရေးသားသော ဖီနီ ရှန်ကုန်သည်များပုံပြင်မှာ ဖြစ်နိုင်ခြေရှိသည်ဟု ဆိုရပေမည်။

 

ဖန်လုပ်ငန်းအစ ဖီနီရှန်လူမျိုးကဟု ဆိုရိုးစကားရှိ သော်လည်း စင်စစ်အားဖြင့် ဖီနီရှန်ကုန်သည်များ ဥရောပ တစ်ခွင်တွင် လှည့်လည်ကူးသန်း ရောင်းဝယ်မှုမပြုမီ စောစီးစွာကပင် အီဂျစ်လူမျိုးတို့က လှပသော ဖန်ထည်များကို ပြုလုပ်နိုင်နေကြပြီဖြစ်သည်။ အီဂျစ်တို့သည် ဘီစီ ၃၀၀၀ ၌ ဖန်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ချက်လုပ်နိုင်ကြပြီ ဖြစ်သည်။ ၁၅ရာစုဘီစီ အထူးသဖြင့် ဒုတိယ အမင်ဟိုတပ် မင်း (၁၄၄၈-၁၄၂၀ ဘီစီ) လက်ထက်ကဖန်ချက်ရုံများမှာ နိုင်ငံအနှံ့အပြားတွင် ရှိခဲ့သည်။ ထိုကာလ၏ လက်ရာ ဖြစ်သော လုပ်လက်စ ဖန်ထည်ပစ္စည်းအမျိုးမျိုးနှင့် ဖန် ဖြင့်ဆောက်ထားသောအိမ်မှ ဖန်အစအနများကို တူးဖော်တွေ့ရှိရပြီး ရှေးအီဂျစ်တို့၏ ဖန်ဘူးဖန်ခွက်များက ယနေ့ ခေတ် ကြွေထည်များနှင့် သဏ္ဌာန်တူသည်။ အလင်းပိတ် နှင့် ထုတ်ချင်းပေါက်မြင်နိုင်သော ရောင်စုံဖန်ပုတီးစေ့ များကိုလည်း ပြုလုပ်ခဲ့ကြသည်။ ရောင်စုံဖန်ထည်အချို့ကို ရွှေချပြီး လှပအောင် ပြုပြင်မွမ်းမံကြသည်။ ဖန်ဖြင့် ကျောက်မျက်ရတနာအတု ပြုလုပ်ခြင်းနှင့် ပရိဘောဂများကို ရောင်စုံဖန်တို့ဖြင့် ခြယ်သခြင်းအတတ်တွင် ကျွမ်းကျင် ကြသည်။ အီဂျစ်ရှေးဟောင်း သင်္ချိုင်းကြီးများထဲတွင် ဖန် လက်ဝတ်ရတနာများ၊ ဖန်ခေါင်းများကို တွေ့ရှိရသည်။ အီဂျစ်ပြည် အလက်ဇန္ဒြီးယား မြို့တော်သည် ရောမအင်ပါယာကြီး ထွန်းကားစည်ပင်လာသည့် ခေတ်အထိတိုင်အောင် ဖန်လုပ်ငန်းတွင် ထိပ်တန်းနေရာ၌ ရှိနေခဲ့သည်။

 

အချို့ပညာရှင်များက ဖန်ကို မည်သည့်နိုင်ငံ၌ စတင် ပြုလုပ်သည်ကို အတိအကျ မသိရကြောင်း၊ အီဂျစ် သို့မဟုတ် မက်ဆိုပိုတေးမီးယားတွင် စတင်သည်ဟု ထင်မြင်ရကြောင်း ပြောဆိုခဲ့ကြသည်။ မက်ဆိုပိုတေးမီးယားရှိ တလ်အက်စကီမြို့၌ ၂၇၀၀-၂၆၀ဝ ဘီစီခေတ်က ချက်လုပ်သော အပြာရောင်ဖန်များကို တူးဖော်ရရှိခဲ့သည်။ ၂၁၀၀ ဘီစီနှင့် ၁၈၀၀ ဘီစီ ကာလအတွင်းက သချိုင်း ဟောင်းကြီးများ၌လည်း ဖန်ပုတီးစေ့များကို တွေ့ရှိရသည်။

 

အထူးအခွင့်အရေးရခဲ့ ။ ရောမခေတ်တွင် ဖန်လုပ်ငန်းမှာ ရှေးကထက် ပို၍ တိုးတက်လာပြီး၊ ဖန်ချက် ပညာရှင်များမှာ အထူး အခွင့်အရေး ရခဲ့ကြသည်။ ထိုအချိန်တွင် စပိန်၊ ပေါ်တူဂီ၊ ပြင် သစ်၊ ဘယ်ဂျီယံ၊ ဂျာမနီနှင့် အင်္ဂလန်တို့တွင်လည်း ဖန် ချက်လုပ်ငန်းများ ပေါ်ထွန်းလာသည်။ ရောမဖန်ချက်ပညာ ရှင်များက ဖန်ဖြင့် ကျောက်မျက်ရတနာအတုများကို ပြုလုပ်နိုင်ကြပြီး ဖန်ထည်အလှ မွမ်းမံမှုအတတ်တွင် ရောမတို့ကိုမယှဉ်နိုင်ခဲ့ကြပေ။ ရောမအမျိုးသမီးများသည် ဖန်နားသံသီး၊ ဖန်လက်ကောက်၊ ဖန်လည်ဆွဲ၊ ဖန်ပုတီး စသော ဝတ်စားတန်ဆာများကို အမြတ်တနိုး ဝတ်ဆင် ခဲ့ကြသည်။ ဘုရားကျောင်း၊ ဝတ်ကျောင်းများ၌ ကြီးကျယ် ခမ်းနားသော ဖန်အိုးကြီးများ၊ ဖန်ဖြင့်ပြုလုပ်အပ်သော လူရုပ်တုကြီးများ၊ တိရစ္ဆာန်ရုပ်တုကြီးများကို ထားရှိခဲ့ကြသည်။ ရောင်စုံဖန်၊ မှန်တို့ဖြင့် မွမ်းမံတန်ဆာဆင်ထားသော ဇာတ်ပွဲရုံများ၊ ဖန်ဖြင့်ပြုလုပ်သော အိမ်အမိုးများ၊ မျက်နှာ ကြက်များလည်း ရှိခဲ့သည်။

 

ရှေးခေတ်ကပြုလုပ်သော ဖန်ထည်များသည် အသုံးပြုသော ပစ္စည်းများ၏ မသန့်ရှင်းမှုကြောင့် အရောင် မကြည်လင်ကြပေ။ ထို့ကြောင့်ပင် ရောင်စုံဖန်နှင့် ဖန်ထည်များကို ပြုလုပ်ကြသည်ဟု ယူဆရသည်။ ဖန်လုပ်ငန်းတွင် အသုံးပြုသော ကိရိယာများမှာ အခုအချိန်အထိ များစွာပြောင်းလဲခြင်း မရှိသေးပေ။ ဖန်ရည်ကို ပြောင်း ရှည်ဖြင့် ကော်ယူပြီး လိုရာပုံကို မှုတ်ယူပုံဖော်ကြသလို ပုံစံခွက်ထဲသို့မှုတ်ထည့်ပြီး ပုံဖော်ခြင်းများလည်း ရှိကြသည်။

 

ဥရောပ၌ကျော်ကြားခဲ့သော ဖန်လုပ်ငန်းအတတ် ပညာသည် ရောမခေတ် ကုန်ဆုံးမှုနှင့်အတူ တိမ်ကော သွားပြီးနောက် အီတလီပြည် ဗင်းနစ်ခေတ်တွင် ပြန်လည် ထွန်းကားလာခဲ့ပြန်သည်။ ဗင်းနစ်ခေတ်တွင် ဖန်မျှင် ကလေးများဖြင့် ခက်ခဲစွာ ပုံဖော်ပြုလုပ်သောနည်းကို တီထွင်ခဲ့ကြသည်။ ရှေးဟောင်းနည်းများကိုလည်း ပြန်လည် ဖော်ထုတ်ခဲ့ကြသည်။

 

ဗင်းနစ်မြို့ တွင် အာဏာပိုင်တို့က ဖန်လုပ်ငန်း အတတ်ပညာရှင်နှင့်တကွ ပညာရှင်များကိုပါ လျှို့ဝှက်စွာ ချုပ်ကိုင်ထားသည်။ တခြားအရပ်ဒေသများသို့ ပညာ ပြန့်ပွားသွားမည်ကို မလိုလားသောကြောင့်ပင် ဖြစ်သည်။ သို့ရာတွင် ဖန်ထည်ပညာရှင်အချို့က အခြားမြို့ရွာများသို့ ထွက်ပြေးကာ ပြောင်းရွှေ့သွားကြရာမှတစ်ဆင့် ဖန်ထည် လုပ်သောပညာက ဟော်လန်နှင့် အင်္ဂလန်တို့သို့ ရောက်ရှိ သွားခဲ့သည်။ နောက်ဆုံး၌ ဥရောပတစ်တိုက်လုံးသို့ပင် ပြန့်ပွားသွားတော့သည်။

 

ထင်ရှားကျော်ကြားနေဆဲ ဗင်းနစ်မြို့သားတို့၏ ရောင်စုံဖန်ပုတီးစေ့များမှာ အလွန်ထင်ရှား လူကြိုက်များခဲ့သည်။ အာဖရိကတိုက်နှင့် အမေရိကတိုက်ရှိ လူရိုင်းများက ထိုပုတီးစေ့များကို အလွန်နှစ်သက်ကြသဖြင့် အရောင်းအဝယ် တွင်ကျယ်ခဲ့သည်။ အနက်ရောင် ဖန်ပုတီးစေ့များမှာ အလွန်ခေတ်စားသောကြောင့် နန်းတွင်းသူများကပင် ဝတ်စားတန်ဆာများ၌ တပ်ဆင်သုံးစွဲခဲ့ကြသည်။ ဗင်းနစ်ပညာရှင်များအဖို့ ရှေးအီဂျစ်တို့၏ ဖန်ပုလဲတုလုပ်ငန်းကို ၁၄ ရာစုတွင် ပြန်လည် ဖော်ထုတ်နိုင်ခဲ့ကြသည်။ ဖန်ထည်အလှအပနှင့် အသုံးအဆောင် ပစ္စည်းများပြုလုပ်ရာ၌ လွန်စွာ လက်ရာမြောက်ခဲ့သဖြင့် ဗင်းနစ်ပညာရှင်တို့၏ လက်ရာများမှာ ယနေ့ထိတိုင် ထင်ရှားကျော်ကြားနေဆဲ ဖြစ်သည်။

 

အမေရိကတိုက်သို့ ပထမဦးစွာ သွားရောက်နေထိုင်ကြသော အင်္ဂလိပ်လူမျိုးများမှတစ်ဆင့် ဖန်ချက် အတတ် ပညာမှာ အမေရိကတိုက်သို့ ရောက်ရှိပြန့်ပွားခဲ့ပြန်သည်။ တောက်ပြောင်သော ရောင်စုံဖန်ပုတီးစေ့များကို ပေးပြီး မြေရိုင်းများနှင့် လဲလှယ်ရယူနိုင်သဖြင့် ပထမဦးဆုံးသော ဖန်ချက်စက်ရုံကို ဂျိမ်းစတောင်းမြို့၌ ၁၆၀၉ ခုနှစ်က တည်ထောင်ခဲ့ကြသည်။ နှစ်ပေါင်းတစ်ရာခန့်အတွင်း ဖန်ချက်စက်ရုံများမှာ တစ်စတစ်စ ပို၍များပြားလာကာ ဖန်ထည်ပေါ်၌ ရုပ်လုံးဖော်ခြင်း၊ ပန်းပွင့်ပန်းစက်များ ထွင်းခြင်း၊ အစင်းအကွက်များဖော်ခြင်းစသည့် အနုပညာ လက်ရာများ ပေါ်ထွက်ကာ တိုးတက် ထွန်းကားလာခဲ့သည်။ ၁၈၂၇ ခုနှစ်တွင် အမေရိကန်တို့က ပုံဖော်စက်ကို တီထွင်နိုင်ခဲ့ပြီး၊ ယခုအခါ၌မူ အမေရိကန် ပြည်ထောင်စုသည် ကမ္ဘာပေါ်၌ ဖန်ချက်လုပ်ငန်း အကြီးကျယ်ဆုံးသော နိုင်ငံအဖြစ် ရပ်တည်လျက်ရှိနေသည်။

 

မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်သော အိန္ဒိယတွင် ဘီစီ ခေတ်ကတည်းက ဖန်လုပ်ငန်း ရှိခဲ့ကြောင်း စာပေ အထောက်အထားများနှင့် တူးဖော်ရရှိသည့် ပစ္စည်း အထောက်အထားများက ပြဆိုလျက်ရှိသည်။ ဖန်ကို ဖော်ညွှန်းသော၊ ဖန်ဟုဆိုလိုသော ဝေါဟာရကို ၁၀၀၀ ဘီစီမှ ၅၀၀ ဘီစီအတွင်းက အိန္ဒိယရှေးဟောင်းစာပေများနှင့် သင်္သကရိုက်ကျမ်းများ၌ တွေ့ရှိရသည်။ အိန္ဒိယဂန္ထဝင် စာပေအဖြစ်ဖြင့် ထင်ရှားခဲ့သော ရာမာယန (၅၀၀ ဘီစီခန့်) နှင့် မဟာဘာရတ (၂၀၀ ဘီစီခန့်)တို့တွင် ဖန်ချက် သမားအကြောင်းနှင့် ဖန်ချက်လုပ်ငန်း အကြောင်းများ ပါရှိသည်။ ထိုအချိန်က ဖန်ချက်လုပ်ငန်းသည် အိန္ဒိယတွင် အသက်မွေးဝမ်းကျောင်း အတတ်ပညာတစ်ရပ်အဖြစ်ပင် ရပ်တည်နေခဲ့ပြီဖြစ်သည်။ အိန္ဒိယဆေးကျမ်းများ၌လည်း ဖန်ဘူးဖန်ခွက်စသော ထည့်စရာ ဖန်ထည်အမျိုးမျိုးကို တွေ့ရှိရသည်။ မောရိယအင်ပါယာထွန်းကားစဉ် ဘီစီ သုံးရာကျော်ခေတ်က ဖန်လုပ်ငန်းများက လွန်စွာတိုးတက် ထွန်းကားခဲ့သည်။ အေအကုမာရဆွာမိ၏ အဆိုအရမောရိယခေတ် မတိုင်မီကပင် အိန္ဒိယဖန်လုပ်ငန်းမှာ အဆင့်အတန်း မြင့်မားထင်ရှားနေပြီဖြစ်ကြောင်း သိရှိရသည်။

 

တူးဖော်ရရှိသော ရှေးဟောင်းဖန်ပစ္စည်း အထောက်အထားများကမူ ၇ ရာစုဘီစီ ၆ ရာစုဘီစီတို့ထက် မစောသော ခေတ်ကာလများက ပစ္စည်းများဖြစ်ကြသည်။ အိန္ဒူ မြစ်ဝှမ်းဒေသကို တူးဖော်ရာ၌ ဖန်ထည်ပစ္စည်း အထောက် အထား တစ်စုံတစ်ရာကိုမျှ မတွေ့ရဘဲ စဉ်ပစ္စည်းများကိုသာ တွေ့ရှိရသည်။ တက္ကသီလတွင် ၅ ရာစုဘီစီကဟု သတ်မှတ်နိုင်သော ဖန်ထည်ပစ္စည်းအမျိုးမျိုးကို တွေ့ရှိရသည်။ တွေ့ရှိရသောပစ္စည်းများမှာ လက်ကောက်၊ ပုတီးစေ့၊ ပုလင်း၊ ဖန်အမိုး၊ ဖန်အကောပစ္စည်းများ ဖြစ်ကြသည်။ လက်ကောက်များမှာ ကြေး သို့မဟုတ် ကိုတော့ဖြင့် ချက်လုပ်သော ဖန်အပြာရောင် အသွေးအမျိုးမျိုးနှင့် ပယင်း ရောင်၊ အမည်းရောင်၊ အဝါရောင်များပင် ဖြစ်ကြသည်။

 

လုပ်နေကျလုပ်ငန်းတစ်ခုဖြစ်

 

တက္ကသီလရှိ ဖန်ချက်အတတ်ပညာနှင့် နည်းပညာများက အိန္ဒိယပြည်၏ အခြားဒေသများကထက် အဆင့်အတန်း ပို၍မြင့်မားသည်။ ဖန်မှုတ်တတ်သော အတတ်ပညာကိုသာမက မင်းဂနိစ်ဖြင့် ဖန်အရောင်ချွတ်သော နည်းပညာ၊ သတ္တုအောက်ဆိုက်များဖြင့် ဖန်အရောင်တင်သော နည်းပညာများကိုလည်း တတ်မြောက်ခဲ့ကြသည်။ ကျောက်မျက်ရတနာ အစစ်နှင့်မခြား တုပထားသော ဖန် လက်ဝတ်ရတနာများနှင့် အဆင်တန်ဆာများကိုလည်း လုပ်တတ်ခဲ့ကြသည်။ တက္ကသီလရှိ ဓမ္မရာဇိကစေတီ (၃၀၀ ဘီစီခန့်)တွင် ထုတ်ချင်းပေါက်မြင်နိုင်သော ဖန် အမိုးနှင့် နံရံကပ်ပစ္စည်းများကို တွေ့ရှိရသည်။ ပွန်ဒီ ချယ်ရီအနီး ကိုရိုမန်ဒလ်ကမ်းခြေ၌ ဖန်ချောင်းအများအပြားကို တွေ့ရှိရသဖြင့် ဖန်ချက်လုပ်ငန်းသည် ထိုဒေသနေ တိုင်းရင်းသားတို့၏ လုပ်နေကျ လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိသာထင်ရှားသည်။

 

ရှေးမြန်မာတို့အနေဖြင့် ဖန်ကို စတင်သိခဲ့၊ သုံးခဲ့ကြသော အထောက်အထားတချို့ကို ရှာဖွေရာ၌ အောက်ပါ ရှေးရိုးစဉ်လာယုံကြည်မှုက အဓိကကျနေသည်ကို တွေ့ရှိ ရမည်ဖြစ်သည်။

 

မြန်မာတို့တွင် စကြဝဠာအတွင်း၌ ကမ္ဘာကြီးတည် နေပုံနှင့် ပတ်သက်၍ အစဉ်အလာ ယုံကြည်မှုတစ်ရပ် ရှိခဲ့သည်။ ကမ္ဘာတွင် ကျွန်းကြီးလေးကျွန်းရှိပြီး ကျွန်းကြီး လေးကျွန်း၏အလယ်၌ မြင်းမိုရ်တောင်ရှိသည်။ မြင်းမိုရ် တောင်ထိပ်တွင် နတ်ပြည်ခြောက်ထပ်ရှိပြီး၊ နေ၊ လ၊ နက္ခတ် တာရာတို့သည် မြင်းမိုရ်တောင်ခါးပန်းကို လှည့်ပတ်သွား လာနေကြသည်ဟု ယုံကြည်ခဲ့ကြသည်။ ထို့ပြင် မြင်းမိုရ် တောင်တွင် အရောင်လေးမျိုးရှိကြောင်းကို ...

 

အရှေ့ငွေရောင်၊ ထွန်းလင်းပြောင်၊ တောင်ကား မြပမာ၊ ဖန်ရောင်အနောက်၊ ထွန်းလင်းတောက်၊ မြောက် ကားရွှေတိသာ ဟူ၍ မှတ်သားပြောဆိုခဲ့ကြသည်။ ဤ ရှေးရိုးစဉ်လာယုံကြည်မှုအရ မြန်မာတို့သည် မြင်းမိုရ် တောင်ကိုသိသည့်အချိန်ကစ၍ သို့တည်းမဟုတ် ထို့ထက်စော၍ ဖန်ကိုသိကြသည်ဟု ဆိုရပေမည်။

 

မြန်မာတို့ ယုံကြည်လက်ခံထားသည့်အတိုင်းဆိုရလျှင် မြင်းမိုရ်တောင်၏ အရှေ့မျက်နှာသည် ငွေရောင်ရှိ၍တောင်မျက်နှာသည် မြကဲ့သို့ အစိမ်းရောင်ရှိပြီးလျှင် အနောက် မျက်နှာက ဖန်ရောင်၊ မြောက်မျက်နှာက ရွှေရောင်ရှိသည်။ မြင်းမိုရ်တောင် အနောက်မျက်နှာ၏ အရောင်နှင့်ပတ်သက်၍ မူကွဲရှိနေခဲ့ရာ တချို့ကဖန်ရင်၊ တချို့က အမောင်းရောင်၊ အဆိပ်ရောင်ဟုလည်း ဆိုကြသည်။ အချိပ်ရောင်ကို နီပြေပြေအရောင်၊ ယနေ့ခေတ် ချောကလက် အရောင်ဟု မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းက ဖွင့်ဆိုထားသည်။ ထို့ကြောင့်ပင် ဖန်ရောင်ကို အချိပ်ရောင်၊ နီပြေပြေ အရောင်ဟု ကောက်ယူနိုင်သည်။

 

မြင်းမိုရ်တောင်၏ အရောင်များကို ငွေ၊ ရွှေ၊ မြ၊ ဖန်တို့ ဖြင့် ခိုင်းနှိုင်းဖော်ပြခဲ့ကြသည်။ ငွေ၊ ရွှေ၊ မြတို့သည် အဖိုးထိုက်ရတနာများ ဖြစ်ကြသည်။ ငွေ၊ ရွှေ၊ မြတို့နှင့်တွဲ၍ ဖန်ကို ထည့်သွင်းမှတ်သားကြသည်ကို ထောက်ရှု၍ ရှေး မြန်မာတို့က ဖန်ကိုလည်း ရတနာတစ်ပါးအဖြစ် တန်ဖိုး ထားခဲ့သည်။ သို့တည်းမဟုတ် တန်ဖိုးရှိသော၊ တန်ဖိုး မနည်းသော ရတနာအတုတစ်ခုဟု မှတ်ထားသားခဲ့ပုံရ သည်။ ထို့အတူ ဖန်တွင် အရောင်တစ်မျိုးတည်းရှိသည်ဟုလည်း မှတ်သားထားခဲ့ဟန် တူသည်။

 

အစောဆုံးတွေ့ရှိရ

 

မြန်မာ့ရှေးဟောင်းစာပေများတွင် ဖန်ဟူသော ဝေါဟာရကို ပုဂံခေတ် မြန်မာသက္ကရာဇ် ၅၈၅ ခုနှစ်ကရေးထိုးသော မဟာသေနာပတိ အနန္တသူရမောင်နှံကျောက်စာ၌ အစောဆုံးတွေ့ရှိရသည်။ ဂူဘုရားတည်ထားရ၌ သရီရ ဓာတ်တော်များကို စန္ဒကူးကြုတ်၊ ဖန်ကြတ်၊ ရွှေကြုတ်၊ ငွေကြုတ်တို့တွင် အထပ်ထပ်ထည့်၍ ဌာပနာကြောင်း ရေးထိုးထားသည်။

 

ထိုကာလနောက်ပိုင်း မြန်မာသက္ကရာဇ် ၈၉၇ (အေဒီ၁၅၃၅)ခုနှစ်ခန့်က ရှင်အဂ္ဂသမာဓိ ပြုစုသော နေမိငရဲခန်း ပျို့တွင် "ပုလဲသန္တာ၊ နီလာစိန်ကြောင်၊ ဖလ်ရောင် ချက် ချက်"ဟု ဖွဲ့ဆိုထားသည်ကို တွေ့ရှိရသည်။

 

တစ်ဖန် မြန်မာသက္ကရာဇ် ၉၈၄ (အေဒီ ၁၆၂၂) ခုနှစ်တွင် ထိုဆရာ တော်ကပင် ရေးသားပြုစုခဲ့သော နေမိဘုံခန်းပျို့၊ ဖလိက ဝိမာန ဘုံခန်းတွင် ဘုံဗိမာန်များကိုဖွဲ့ဆိုရာ၌-

  • နတ်နန်းတသီး၊ ဖလ်သားပြီးလျက်
  • ကြံစည်တမျိုး၊ ဖလ်သားမိုးသား
  • တိုင်ကားသုဝဏ်၊ ဖလ်ကားအမိုး
  • လတ်လတ်လှနိုး၊ ဖလ်မိုးအိမ်ဝန်း
  • ဗိမာန်ကျယ်ဝန်း၊ ဖလ်မိုးနန်းကို

စသည်ဖြင့် ဖန်ဖြင့်မိုးထားကြောင်း ဖော်ပြချက်များ ပါရှိခဲ့သည်။ ငရဲခန်းတွင် ဖန်ကို ပုလဲ၊ နီလာ၊ စိန်၊ ကြောင်တို့ကဲ့သို့ အရောင်တောက်ပသော ပစ္စည်းအဖြစ် ပြဆိုထားသည်။ ပုလဲ၊ နီလာ၊ စိန်၊ ကြောင်ရတနာများနှင့် တွဲဖက်ဖွဲ့ဆို ခဲ့သဖြင့် ဖန်ကိုလည်း ရတနာတစ်ပါးအဖြစ် တန်ဖိုးထားသည်ဟု ယူဆရသည်။ ဘုံခန်းတွင်မူ ဖန်ကို အမိုးအကာ ဖန်ထည်ပစ္စည်းအဖြစ် ဖွဲ့ဆို ထားခဲ့သည်။

 

ငရဲခန်းပျို့၊ ဘုံခန်းပျို့တို့သည် ဗုဒ္ဓစာပေကျမ်းဂန်လာ နေမိဇာတ်တော်မှ ထုတ်နုတ် ဖွဲ့ဆိုထားသဖြင့် အိန္ဒိယ ယဉ်ကျေးမှုအရိပ်က လွှမ်းမိုးနေသည်။ ရှေးခေတ်အိန္ဒိယ နှင့် အီဂျစ်၊ ရောမ၊ ခေါမတို့တွင် ဖန်သားဖြင့် အမိုးအကာများ ပြုလုပ်ခဲ့သည်ကို ထင်ဟပ်ဖော်ညွှန်းသည်ဟု ဆိုရမည်ဖြစ်သည်။

 

ကုန်းဘောင်ခေတ် စာပေတို့တွင်မူ ဖန်အသုံးအနှုန်းကို အများအပြား တွေ့ရှိလာရသည်။ ဖန်ကိုနေအဖြစ်လည်းကောင်း၊ အဆောက်အအုံ၏ အဆင်တန်ဆာအဖြစ် လည်းကောင်း၊ အသုံးအဆောင် ဖန်ထည်ပစ္စည်းအဖြစ်လည်းကောင်း၊ နန်းတော်အဖြစ်လည်းကောင်း ရေးသား ဖော်ပြခဲ့ကြသည်။

 

ဖန်ဖြင့် တင်စားဖွဲ့ဆို

 

ရှေးမြန်မာတို့က နေဆိုသည်မှာ အတွင်း၌ ရွှေသား အတိပြီး၍ အပေါ်ယံ၌ ဖန်သားဖုံးထားသော ဖန်လုံးကြီးဟု လက်ခံယုံကြည်ခဲ့ကြသည်။ ထို့ကြောင့် ရှေးမြန်မာ့စာပေများ၌ အထူးသဖြင့် ကုန်းဘောင်ခေတ်စာပေများ၌ နေကို ဖန်ဖြင့်တင်စားကာ ဖွဲ့ဆိုချက်များကို တွေ့ရှိရသည်။ သာဓကအားဖြင့် ...

- ဖုသျှနက္ခတ်၊ ဖလ်နေနတ်နှင့် ဟူ၍လည်းကောင်း၊

- သိဂီရွှေစင်၊ ဖန်စက်ရှင်လည်း ဟူ၍လည်းကောင်း၊

- ဝေးမြေခေါင်မှာ၊ လောင်ဥဏှဂူ၊ ဖလ်ဆယ်ဆူသို့၊ ပူတဲ့ ဖြစ်ကယ် ဟူ၍ လည်းကောင်း ဖွဲ့ဆိုခဲ့ခြင်း များဖြစ်သည်။ ၂၀ရာစု မြန်မာစာပေများတွင်လည်း ဒေါင်းဖန်ဝါ နေမင်းဟူသော အသုံးအနှုန်း၊ ဖန်နေ၀န်းသို့အညီ အလင်းဆောင်နေသည်ဟူသော အစီအကုံးအနှုန်းအဖွဲ့များကို တွေ့ရှိနိုင်သည်။

 

တရုတ်မှတ်တမ်းတစ်ခုကလည်း မြန်မာနိုင်ငံတွင် ပျူတို့သည် ဘုန်းကြီး ကျောင်းများကို ဖန်အုတ်၊ ဖန်အမိုးများဖြင့် ဆောက်လုပ်ကြသည်ဟု ဆိုသည်။ အင်းဝခေတ်၌လည်း နတ်ဘုံနတ်နန်းများတွင် ဖန်သားဖြင့်မိုးကာထားပုံကို ဖွဲ့ဆိုခဲ့ကြသည်။ ထိုထက် ပို၍တိကျသော လက်တွေ့ကျသော စာပေအထောက် အထားများကို ကုန်းဘောင်ခေတ်တွင် တွေ့ရပြန်သည်။

 

ကုန်းဘောင်ခေတ်အစ မြန်မာသက္ကရာဇ် ၁၁၂၁ ခုနှစ် (အေဒီ ၁၇၅၉)တွင် ရေးကူးပြီးသည်ဆိုသော သင်္ဘောဆေးစာအမည်ရှိပေတွင် ရေပြွင်းချက်နည်း၊ မီးစုန်းထုတ်နည်းစသော ဓာတုဗေဒဆိုင်ရာ ထုတ်လုပ်နည်းများကို ပြဆိုရာ၌ ဖန်အိုးအသုံးပြုပုံကို တွေ့ရပြီး ဖန်အိုးဟူသော ဝေါဟာရကိုလည်း အကြိမ်ကြိမ်ဖော်ပြထားသည်။ ။

 

သိပ္ပံစာရေးဆရာကိုကိုအောင်