မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ်ဂုဏ်ပြုဖျော်ဖြေပွဲ ကျင်းပ

ရန်ကုန် ၂၉ သြဂုတ်

မြန်မာ့ရုပ်ရှင်ရာပြည့်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ရုပ်ရှင် တေးသီချင်းအပုဒ် (၁၀၀)ကို တစ်ပတ်လျှင် (၁၀)ပုဒ်ဖြင့် အပတ်စဉ် သောကြာနေ့တိုင်း MRTV ၏ ည ၈ နာရီသတင်းအပြီးတွင် ထုတ်လွှင့်ပြသ လျက်ရှိရာ ယမန်နေ့ညတွင် ပွဲစဉ်(၄)အဖြစ် ထုတ်လွှင့်ပြသခြင်းကို ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယိုခန်းမတွင် တင်ဆက်ဖျော်ဖြေကြရာ၊ စန္ဒရားကိုခင်လှ၊ စန္ဒရားတင်ကိုကို တေးဂီတအဖွဲ့နှင့် နိုင်ငံကျော်တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှု များကို တိုက်ရိုက်၊ ရိုက်ကူးထုတ်လွှင့်ခဲ့ပြီး၊ MRTV FACEBOOK  PAGE မှလည်း Live stream ထုတ်လွှင့်ပြသခဲ့သည်။

 

ယခုပွဲစဉ်(၄)တွင် နိုင်ငံကျော် အဆိုတော်များဖြစ်ကြသည့် ထား၊ ရီရီသန့်၊ ခင်စိုးဝင်း၊ စိမ်းလဲ့လဲ့၊ သူဇာအောင်၊ မေသက်ထားဆွေ၊ တင်ဦးလေး၊ သန်းမြတ်စိုး၊ မောင်သိန်းဝင်း၊ ကျော်ကျော်ဟန်၊ ဝိုင်းလမင်းအောင်၊ စန္ဒရားတင်ကိုကိုတို့က မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် ဂုဏ်ပြုတေးသီချင်းများ ဖျော်ဖြေသီဆိုခဲ့ကြကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)