မန္တလေး ဩဂုတ် ၂၃
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဦးဆောင်မှု၊ မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်း၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် မြန်မာ့ ရိုးရာအစားအစာ ပြိုင်ပွဲနှင့် ပြပွဲ- ၂၀၂၆ (မန္တလေး)ကို “Taste of the Golden Land 2026 (Mandalay)”ဟူသော ဆောင်ပုဒ်ဖြင့် မန္တလေးမြို့ရှိ မန္တလေးကွန်ဗင်း ရှင်းစင်တာ၌ ဩဂုတ် ၂၂ ရက်နှင့် ၂၃ ရက် နှစ်ရက်တာ ကျင်းပသည်။
မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့်ပြပွဲ -၂၀၂၆ (မန္တလေး) ဒုတိယနေ့ အစီအစဉ်များအဖြစ် မြန်မာ့ရိုးရာ အစားအစာများကို နိုင်ငံတကာ အဆင့်မီ Fine Dining အသွင်ဖြင့် တည်ခင်းပြသခြင်း၊ မြန်မာနိုင်ငံ လက်ဖက်နှင့် ကော်ဖီအသင်းများမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးတင်ပြခြင်း၊ “ဒေသအစားအစာအရသာမှ ကမ္ဘာ့အဆင့်မြင့် ထူးချွန်မှုဆီသို့ ကမ်းလှမ်းခြင်း” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးခြင်း၊ မြန်မာ့ရိုးရာ ထုတ်ကုန်ပစ္စည်းများကို အသုံးပြု၍ ကော့တေးပြုလုပ်ပြသခြင်း တို့ကို ဆောင်ရွက်ကြသည်။
ယနေ့ ပြိုင်ပွဲနှင့်ပြပွဲ ဒုတိယနေ့ ကျင်းပမှုကို ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး သည် တာဝန်ရှိသူများနှင့်အတူ သွားရောက် ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စားသောက်ဆိုင် လုပ်ငန်းရှင် အသင်းများအား ဂုဏ်ပြုမှတ်တမ်း လွှာများပေးအပ်ကာ အမှာစကား ပြောကြားသည်။
မြန်မာ့ရိုးရာအစားအစာ ပြိုင်ပွဲနှင့်ပြပွဲ -၂၀၂၆ (မန္တလေး) ကျင်းပရာတွင် အစားအသောက်လုပ်ငန်း နယ်ပယ်မှ ဝါရင့်လုပ်ငန်းရှင်များ၊ ကျွမ်းကျင်ပညာရှင်များ၏ အတွေ့အကြုံများကို မျှဝေပေးသည့် စကားဝိုင်း ဆွေးနွေးပွဲများအပြင် ဖျော်ဖြေရေး အစီအစဉ်များနှင့် ကံစမ်းမဲ အစီအစဉ်များကိုပါ ထည့်သွင်းဆောင်ရွက်ခဲ့သည်။
ထို့ပြင် ပြိုင်ပွဲသို့ ပြိုင်ပွဲဝင် ၁၁ ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြခန်းပေါင်း ၁၄၁ ခန်း ခင်းကျင်းပြသရောင်းချကာ အဆိုပါပြိုင်ပွဲနှင့် ပြပွဲသို့ လာရောက်လေ့လာ ဝယ်ယူ အားပေးကြသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


