မြန်မာပရိသတ်တွေအတွက်  မျှော်ရကျိုးနပ်မယ့်  အောင်လအန်ဆန်းရဲ့ ပွဲ

၃၀  အောက်တိုဘာ

ယနေ့ မြန်မာစံတော်ချိန် ၇ နာရီမှာ ယှဉ်ပြိုင်ထိုးသတ်မယ့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်းနဲ့   နယ်သာလန်နိုင်ငံသား ရိုင်နီယာဒီရစ်ဒါတို့ရဲ့ပွဲစဉ်ဟာ မြန်မာပရိသတ်တွေ အတွက်တော့ တစ်နှစ်ကျော်မှ အောင်လရဲ့ပွဲကို ပြန်လည် ကြည့်ရှုခွင့် ရခြင်းလည်း ဖြစ်ပါတယ်။ အောင်လက ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၃ ရက်က  ဂျပန်နိုင်ငံမှာ  တိုကျိုမြို့မှာ  အမေရိကန်နိုင်ငံဖွား ဖိလစ်ပိုင်နိုင်ငံသား  ဗီရာကို   အနိုင်ယူပြီးနောက်  လက်ချောင်းရိုးကျိုးသွားခဲ့တဲ့အတွက်  ဆေးကုသမှု ခံယူခဲ့ရသလို ကိုဗစ်-၁၉ ရောဂါ ပြန့်နှံ့နေမှုတို့ကြောင့်လည်း မြန်မာပရိသတ်တွေ အောင်လရဲ့ ပွဲကို ကြည့်ရှုခွင့်မရတာ  တစ်နှစ်ကျော်ကြာသွားခဲ့တာ ဖြစ်ပါတယ်။ 

 

အောင်လကို စိန်ခေါ်ထားတဲ့  ရိုင်နီယာ ဒီရစ်ဒါဟာ  ကိုယ်ခံပညာစုံ (MMA)  လောကထဲကို ရောက်ရှိလာကတည်းက ၁၂ ပွဲကစားပြီး ပွဲတိုင်းအနိုင်ရထားသူ ဖြစ်ပါတယ်။ သူဟာ ဘရာဇီးဂျူဂျစ်ဆုနဲ့ ဂျူဒိုတို့ကို အထူးကျွမ်းကျင်သူဖြစ်သလို ပြိုင်ဘက်အများစုကို အလဲထိုး အနိုင်ယူနိုင်ခဲ့တဲ့ပွဲက  ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ရတဲ့ ပွဲထက် ပိုများထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒီတော့ အောင်လအနေနဲ့  ဒီရစ်ဒါကို ရင်ဆိုင်ဖို့ ဘာတွေ ပြင်ဆင်ထားသလဲ၊ ဒီရစ်ဒါရဲ့ လက်ရှိအနေအထားက အောင်လကို အနိုင်ယူပြီး ခါးပတ်သိမ်းဖို့ ဖြစ်နိုင်မလား  အနည်းငယ် ပြန်ကြည့်ဖို့ လိုပါတယ်။

 

ဘာတွေပြင်ဆင်ထားလဲ

MMA မှာ ကစားသမားတွေဟာ ပွဲတစ်ပွဲ ထိုးသတ်ဖို့အတွက် အကြိုပြင်ဆင်မှုတွေ လုပ်တဲ့အခါ ကိုယ့်ပြိုင်ဘက်နဲ့ အနီးစပ်ဆုံး ထိုးသတ်ဟန်ရှိတဲ့ ကစားသမားတွေနဲ့ လေ့ကျင့်လေ့ရှိပါတယ်။ အောင်လအန်ဆန်းက  ဒီရစ်ဒါ နဲ့ ထိုးသတ်ပုံ ဆင်တူသလို အရပ်အမောင်းလည်းတူတဲ့ ဘရာဇီး UFC fighter  ဆီဆာ မူတန်တီ၊ ဒဲရက်ဘရက်ဆန်၊ ရမ်ဒန်အဲလန်တို့လို ကစားသမားတွေနဲ့ တောက်လျှောက် လေ့ကျင့်ထားပြီး ပြင်ဆင်ချိန် အများကြီး ရထားတာကြောင့် ယုံကြည်မှု အပြည့်ရှိနေကြောင်း  ဆိုထားပါတယ်။ ဒီရစ်ဒါလို ချုပ်ကွက် အားသန်တဲ့ ကစားသမားကို ရင်ဆိုင်ဖို့အတွက် နပန်းနည်းပြတွေဖြစ်တဲ့   ဂါမီဘာဇီနီ၊ ဂရက်ဂျုံးစ် တို့နဲ့လည်း   သီးခြားလေ့ကျင် ပြင်ဆင်ထားပါတယ်။

 

အောင်လကို စိန်ခေါ်သူ ဒီရစ်ဒါကတော့  သူဟာ အောင်လကို ဂျူဂျစ်ဆု ချုပ်ကွက်နည်းနဲ့ အနိုင်ယူပြမှာဖြစ်ပြီး သူ့ရဲ့ ချုပ်ကွက်ကို ခုထိ ဘယ်ကစားသမားကမျှ  ခုခံတုံ့ပြန်နိုင်ခြင်း မရှိသေးဘူးလို့ ကြွေးကြော်ထားခဲ့ပါတယ်။ ကိုယ်တိုင် အားကစားရုံ ပိုင်ဆိုင်သူဖြစ်တာကြောင့် ပုံမှန်လေ့ကျင့်ရေးတွေ လုပ်ဆောင်ပြီး အောင်လလို ခြေကန်ချက် ကောင်းတဲ့  ကစားသမားတွေအများကြီးနဲ လေ့ကျင့်ထား တာကြောင့်အောင်လရဲ့ လည်ပင်းကို ရအောင်ချုပ်ကာ အနိုင်ယူပြမယ်လို့  ပွဲကြိုစကားဆိုထားပါတယ်။

 

ဒီရစ်ဒါရဲ့ စကားအပေါ် အောင်လကတော့ သူဟာ ဒီရစ်ဒါ ကလေးဘဝကတည်းက သူ့အနေနဲ့ ဂျူဂျစ်ဆု  ကစားထားပြီးဖြစ်တာကြောင့် သူ့ကို ချုပ်နိုင်ဖို့ ဆိုတာ မဖြစ်နိုင်ဘဲ သူ့ရဲ့ လက်သီးချက်တွေနဲ့  ဒီရစ်ဒါကို  ပွဲသိမ်း အနိုင်ယူမှာဖြစ်ကြောင်း  တုံ့ပြန်ထားပါတယ်။ အောင်လရဲ့ နည်းပြဖြစ်သူ နယ်သာလန်နိုင်ငံသား  ဟင်နရီဟုဖ်ကလည်း သူ့ကစားသမား အနေနဲ့  ပြိုင်ဘက်ကို အလဲထိုး အနိုင်ကစားဖို့ အဆင်သင့် အနေအထား ရှိနေပြီလို့  အင်စတာဂရမ်ပေါ်ကနေ သတင်းစကား ပါးထားပါတယ်။

 

MMA အားကစားအသိုင်းအဝိုင်းက ကစားသမားတွေကလည်း  ဒီရစ်ဒါ  အနေနဲ့ တစ်ခါမှ ရှုံးပွဲ မရှိသေးတဲ့ မှတ်တမ်းကောင်း ပိုင်ဆိုင်ထားပေမယ့် အောင်လရဲ့ လက်ရှိ စွမ်းဆောင်ရည်ဟာ အကောင်းဆုံး အနေအထားမှာ ရှိနေသလို  တစ်ပွဲထက် တစ်ပွဲ ပိုကောင်းလာတာကြောင့်  အောင်လကို အနိုင်ယူဖို့ ဆိုတာ  မဖြစ်နိုင်ဘဲ   အောင်လသာလျှင် ချန်ပီယံဘွဲ့ကို ဆက်လက် ကာကွယ်နိုင်လိမ့်မယ်လို့ ခန့်မှန်းချက် ထုတ်ထားပါတယ်။

 

အောင်လအန်ဆန်းရဲ့  ကမ္ဘာ့ချန်ပီယံမှတ်တမ်း

အောင်လဟာ  ၂၀၁၇ ခုနှစ် ဇွန်လ ၃၀ ရက်မှာ  ရုရှားနိုင်ငံသား ဘစ်ဒက်ရှ်ကို  အနိုင်ယူပြီး   မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ပြီးနောက်   ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်မှာ  ဘရာဇီးသား  မာချာဒိုကို ထပ်မံ အနိုင်ယူကာ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံဖြစ်လာ ခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာ အဖွဲ့အစည်း One Champion မှာ မွေ့ထိုင်း၊  ကစ်ဘောက်ဆင်၊ ကိုယ်ခံပညာစုံ (MMA)  စတဲ့ အားကစားနည်းတွေမှာ ကမ္ဘာ့ချန်ပီယံခါးပတ်ရရှိထားတဲ့  ကစားသမားစုစုပေါင်း  ၁၈ ဦးသာ ရှိပြီး အဲဒီထဲမှာမှ ကမ္ဘာ့ချန်ပီယံခါးပတ် နှစ်ကြိမ် ရရှိထားသူဆိုလို့  အောင်လ (မစ်ဒယ်ဝိတ်တန်း၊ လိုက်ဟဲဗီးဝိတ်တန်း)၊  ထိုင်းကစားသမား စတမ်းဖဲလ်တက်စ် (မွေ့ထိုင်း၊ ကစ်ဘောက်ဆင်)တို့ နှစ်ဦးသာ ရှိပါတယ်။

 

အောင်လဟာ  မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲအတွက် သုံးကြိမ်နဲ့ လိုက်ဟဲဗီးဝိတ် ချန်ပီယံ ကာကွယ်ပွဲအတွက်  တစ်ကြိမ် ထိုးသတ်ကာ အခုထိ ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခုကို အောင်အောင်မြင်မြင် ကာကွယ်ထားနိုင်ဆဲပဲဖြစ်ပါတယ်။   အသက် ၁၉ နှစ်အရွယ် ကတည်းက ကိုယ်ခံပညာသိုင်းပေါင်းစုံ (MMA) လောကထဲ ရောက်ရှိခဲ့တဲ့ အောင်လဟာ ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ ၁၀ စုနှစ် တစ်ခုကျော် အချိန်ယူခဲ့ရပေမယ့် ဘစ်ဒက်ချ်ကို  အနိုင်ယူပြီးကတည်းက  နောက်ဆုံး ခုနစ်ပွဲဆက် အနိုင်ရထားသလို   ၂၀၁၈ ခုနှစ်မှာ နာမည်ကျော် ကစားသမားတွေအားလုံးကို ကျော်ဖြတ်ပြီး အကောင်းဆုံး ကစားသမားဆု ( International Fighter of the Year) ဆုကို  ရရှိခဲ့ပါတယ်။

 

ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခု ရယူထားတဲ့ အောင်လဟာ တစ်ပွဲထက် တစ်ပွဲ ပိုကောင်းလာပြီးသူ နောက်ဆုံး ကစားထားခဲ့တဲ့ ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဖိလစ်ပိုင်နိုင်ငံသား ဗီရာနဲ့  ထိုးသတ်ခဲ့တဲ့ပွဲမှာ   သူရဲ့ စွမ်းဆောင်ရည်ဟာ အကောင်းဆုံး အဆင့်တစ်ရပ်ကို ရောက်ရှိနေပြီ ဆိုတာကို သက်သေပြနိုင် ခဲ့ပါတယ်။ 

မေလဲ့သင်း

 

AUNG LA