မြန်မာပြည်တောင်ဘက်စွန်းက ဆလုံ(မော်ကင်း) တိုင်းရင်းသားများ

သတင်းဆောင်းပါး - မောင်မောင်ကျော့ (ပလက်ဝ)

 

၂၉-၂-၂၀၂၀ ရက်နေ့မှ အဆက်

 

စာပေ၊ ဘာသာစကား

 

ဆလုံစာပေကို ၁၉ ရာစုအစောပိုင်းတွင် အမေရိကန် သာသနာပြု “စတီဗင်”က ရောမအက္ခရာဖြင့် စတင် တည်ထွင်ခဲ့သည်။ ၁၈၈၄ ခုနှစ်တွင် ဒီအယ်လ်ဘရန်တန် (D.L.Brantan)က ဆလုံသင်ပုန်းကြီး စာအုပ်ငယ်ကို မော်လမြိုင်မြို့၌ ရိုက်နှိပ်ထုတ်ဝေခဲ့သည်။ ၁၉၇၄ ခုနှစ် တွင် သမိုင်းကထိက နော်ဆေးက ဒုံးပုလဲအော် ကျေးရွာကြီး၌ စာသင်ရင်း မြန်မာအက္ခရာကို အခြေခံကာ ဆလုံစာကို တည်ထွင်ပေးခဲ့ပြန်သည်။

 

ဆလုံတို့၏ဘာသာစကားမှာ သာမန်အားဖြင့် မလေး အခေါ်အဝေါ်များအပေါ် အခြေခံသည်ဟု ယူဆရသော်လည်း အမှန်မှာမူ ကမ္ဘောဒီးယားမှ ခန်(Kham) ဘာသာစကားသည်သာ ပိုမိုနီးစပ်သည်ဟု သုတေသီအင်ဒရူးက ဆိုပါသည်။ လောတ(Lawta)နှင့် တွန်ဂါ(Tonga) ဆလုံအုပ်စုများသည် မလေးနှင့်နွှယ်သော လောတဘာသာစကားကို ပြောကြသည်။ လန်ပိကျွန်းနှင့် ဘုတ်ပြင်းဘက်တွင်မူ ဂျိတ်(Jait)စကား အပြောများသည်။ ဆလုံတို့၏ မူရင်း ဘာသာစကား ဒန်း(Dang)မှာ မြိတ်မြို့ အနီးဝန်းကျင်နေသူများ ပြောကြသည်။ ဆလုံတို့ဗမာလိုပြောလျှင် အသံမပီဘဲ ဝဲနေတတ်သည်။ ဆရာမ နော်လာဆေးသည် “လာဆေး မော်ကင်း”စာအုပ်ကို ပြုစုခဲ့သည်။ ထိုစာအုပ်၌-

 

လှေ= ကေဘင်

ပေါင်းမိုး= ခါဇဲဂင်

လှေ၏ပေါင်းမိုး = ခါဇဲဂင်ကေဘင်

အဖေဘာလုပ်နေလဲ = အပေါင်မင်ဘာ့အနောင်လား

အဖေကွန်ပစ်နေသည် = အပေါင်မဇဲာန်အဲကောန်

အဖေပိုးဟပ်ကိုတွေ့သည်= အပေါင်ပနာ့တိုင်အဲပါ

ဘယ်မှာနေလဲ = မအန်းယင်းဗုဗီသမ်းလမ်း

ဘာကိုးကွယ်သလဲ = ညမ်းမင်းအနုံလန်း

ထမင်းစားပြီးပြီလား = နမ်းမဂျောင်းပီကကန်း  ဟူ၍ ဆလုံဘာသာ စကားအချို့ ဖော်ပြ ရေးသားထားသည်။

 

ဆလုံဘာသာစကားတွင် မလေးဝေါဟာရ ၂၀ ရာခိုင်နှုန်းပါဝင်နေခြင်းဖြင့် မလေးအနွယ်ဟု တထစ်ချ မယူဆနိုင်ကြောင်းကို သုတေသီအင်ဒရူးက အောက်ပါ ဝေါဟာရ နှိုင်းယှဉ်မှုဖြင့် ဖော်ပြ ရေးသားခဲ့ဖူးသည်။

 

မြန်မာ                          ဆလုံ                                        မလေး

တစ်၊ နှစ်၊ သုံး                ခွင်၊ ဒွပ်၊ တလွိန်း                       ဆတို၊ ဒူးဝါး၊ ထီဝါ

လေမုန်တိုင်း                 အငီးလောန်း                            ဆန်နေ

အဖေ                            အပေါင်                                    ဦးရ

အမေ                            အနှောင်                                   မား

အဘိုး                           အဘုန်း                                     မဘို

အဘွား                         အဘန်း                                     ပအို

 

ယခုအခါ မြန်မာအက္ခရာကို အခြေခံသော ဆလုံစာပေကိုသုံးစွဲကာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာန နှင့် ဆက်သွယ်ပြီး ဆလုံစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဖွဲ့စည်းကာ ဆလုံစာပေနှင့် ယဉ်ကျေးမှု အခန်းကဏ္ဍ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်နေကြပြီဖြစ်သည်။

 

ရုပ်အသွင်ပြင်၊ ဝတ်စားဆင်ယင်မှုနှင့် နေထိုင်မှုဘဝ

 

ဆလုံတို့၏ရုပ်သွင်ပြင်မှာ ပင်လယ်အနီးအနား နေထိုင်သူများဖြစ်၍ အသားအညိုရောင် သန်းနေသည်။ နဖူးမကျဉ်းမကျယ်၊ မျက်ခုံးကောင်း၍ မျက်ရစ်ပေါ်သည်။ မျက်ဆန်ညိုပြီး နှာခေါင်းပါးသည်။ ခန္ဓာကိုယ်ပုပျပ် တုတ်ခိုင်သည်။ ရေကူးရေငုပ်သန်သဖြင့် ယောက်ျားလေးများ လက်ပြင်ကုန်းသည်။ အလုပ်ကို အပင်ပန်းခံလုပ်နိုင်သည်။ အမျိုးသားများ ငါးပေ၊ ငါးပေခွဲနှင့် အမျိုးသမီးများ ငါးပေ၊ လေးပေခွဲခန့် ရှည်သည်။ တင်ပါးရိုးကောက်၍၊ ကော့၍ လမ်းလျှောက်ကြသည်။ ။

 

ဆလုံအမျိုးသားများသည် အင်္ကျီဝတ်လေ့မရှိ၊ ဗလာကိုယ်လုံးနှင့် အတွင်းခံဘောင်းဘီဝတ်ကာ အပေါ်တွင် လုံချည်တိုတို (သို့) ဘောင်းဘီတိုတိုဝတ်၍ အလုပ်လုပ်ကြသည်။ အမျိုးသမီးတို့လည်း အပေါ်ပိုင်းတွင် အင်္ကျီမပါ ထဘီရင်ရှားဖြင့်သာ နေတတ်ကြသည်။ ဖိနပ်စီးလေ့မရှိ၊ ခေါင်းရိတ်လျှင် ပုလင်းကွဲ၊ ဝါးကြော ကတ်ကြေးသုံးသည်။ နောက်ပိုင်းတွင် ဆံသဆိုင်တို့၌ ဂျာဝိုင်းပုံညှပ်လာကြသည်။ဆလုံတို့သည် ယခင်က ဖြစ်သလို ဝတ်စားခဲ့သော်လည်း ယခုအခါ ခေတ်အမြင် ရှိလာပြီဖြစ်၍ သစ်လွင်တောက်ပသော အဝတ်အထည်များ သားသားနားနား ဝတ်ဆင်လာကြလေပြီ။

 

သွေးချင်းတို့ရဲ့ ပွဲတော်ဆီမှ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနပြခန်းတွင် ဆလုံတို့၏ ဝတ်စားဆင်ယင်မှုမှာ အမျိုးသားက ကြက်သွေးရောင် ဘောင်းဘီရှည်ပွ ဝတ်ဆင်ကာ ညာဘက်ပခုံးပေါ်တင်၍ စလွယ်သိုင်း ဝတ်ဆင်ထားသည်။ ကိုယ်တွင် အင်္ကျီဝတ်မထားပေ။ အမျိုးသမီးမှာ ဘယ်ပခုံးတစ်ဖက်တင် အနီရောင် ဘော်လီပုံစံ အင်္ကျီအား ညာပခုံးတွင်ပါ ကြိုးသိုင်းချည်ပြီး အနီရောင် အချိတ် ပတ်လည်စင်းပန်းဖော်အရစ်ပါထဘီ ဝတ်ဆင်ထားသည်ကို တွေ့မြင်ခဲ့ရသည်။

 

ဆလုံတို့၏နေထိုင်မှုဘဝမှာ ယခင်က လောင်းလှေများကို နေအိမ်သဖွယ်ပြုလုပ်၍ ပင်လယ်ပြာတွင် ကျောခင်းနေထိုင်မှုနှင့်သာ မွေ့လျော်ခဲ့ရသည်။ ဤသို့နေထိုင်မှုဘဝသည် ပင်လယ်ပြင်ဆားငွေ့ရိုက်ခတ်မှုဒဏ်မှ မကင်းသဖြင့် အသားအရေ စိုပြည်မှုမရှိဘဲ မွဲခြောက်ခြောက်ဖြင့် အညိုရောင် သန်းနေခြင်းဖြစ်သည်။ ယခုအခါ နိုင်ငံတော် အစိုးရ၏ ကူညီပံ့ပိုးမှုကြောင့် ပင်လယ်ပြင်ရှိ ကျွန်းများတွင် စုစည်းနေထိုင်တတ်လာကြပေပြီ။

 

လူမှုစီးပွားဘဝ

 

ဆလုံတို့၏ဘဝသည် ပင်လယ်ပြာကို အမှီပြု၍ ရေနေသတ္တဝါများ ဖမ်းဆီးရောင်းချ အသက်မွေးဝမ်းကျောင်းသူ များဖြစ်ကြသည်။ သို့ဖြစ်၍ ငယ်ရွယ်စဉ်ကပင် ရေငုပ်ကျွမ်းကျင်အောင် လေ့ကျင့်ထားကြသူများ ဖြစ်ကြသည်။ ဆလုံတို့၏ နေထိုင်မှုဘဝတွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ပိုင်းများတွင် ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျခဲ့ရသည်။ ယခုအခါ နိုင်ငံတော်အစိုးရက ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်စေရန် နည်းမျိုးစုံဖြင့် ထောက်ကူမှုပြုနေသောကြောင့် စီးပွားရေးပိုင်းတွင် အတိုင်းတာတစ်ခုထိ ဖွံ့ဖြိုးလာခဲ့ပြီဟု ဆိုရပါမည်။

 

ဆလုံတို့သည် စီးပွားရေးလုပ်ငန်းမှ ဝင်ငွေကောင်းရအောင် ကြိုးစားပမ်းစား လုပ်ကိုင်နေကြပြီဖြစ်သည်။ သူတို့၏ ပင်လယ်ပြာအမှီပြုလုပ်ကိုင်ရသော စီးပွားရေးသည် နိုင်ငံခြားဝင်ငွေကောင်းသည်။ ဆလုံတို့ကို သာမန် ဖားရှာ၊ ငါးရှာနေထိုင်သူများဟု ထင်လျှင် မှားလိမ့်မည်။ သူတို့သည် ပင်လယ်ပြင်မှ မျှော့ဖြူ၊ မျှော့ဝါ၊ မျှော့နီ၊ ကင်းမျှော့၊ ဝက်မျှော့ စသည့် မျှော့မျိုးစုံကိုဖမ်း၍ အခြောက်လှန်းကာ နိုင်ငံခြားသို့ တင်ပို့ရောင်းချနေကြသည်။ ။

 

ထိုင်းနိုင်ငံသားများက မျှော့ခြောက် တစ်ကီလိုကို ထိုင်းဘတ်ငွေ ၁၀၀၀ မှ ၁၅၀၀ အထိပေးဝယ်ပြီး ဟိုတယ် စားသောက်ဆိုင်များတွင် သုံးစွဲကြသည်။ ထိုင်းနိုင်ငံ၏ မျှော့ခြောက်ဈေးကွက်ကြောင့် စီးပွားရေး ချောင်လည်နေကြပြီ။ ပငို့ဖမ်းခြင်းကို ကျား၊ မ မရွေး လုပ်ကိုင်နေကြပြီ။ ပငို့မှာကျောက်ပိုးကို ခေါ်ခြင်းဖြစ်သည်။ အဝါရောင်၊ ပန်းနုရောင် မျိုးစုံရှိသည်။ တန်ဖိုးကြီးမားသော ပုလဲရတနာများကိုလည်း ဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ ရှာဖွေငုပ်ယူကြသည်။

 

ဇီဝဇိုးငှက်သိုက်များ ရှာဖွေ၍ ငှက်ကြီးအန်ဖတ်ကို ထိုင်းနိုင်ငံဘက်သို့တိုင် သွားရောက်ရောင်းချနေကြပြီ။ ဇီဝဇိုးငှက်လေးများမှာ နှံပြီစုတ်သာသာမျှသာရှိသည်။ နိုင်ငံခြားဈေးကွက်ရှိသဖြင့် အစိုးရထံမှ လိုင်စင်ယူ လုပ်ကိုင်ကြသည်။ မုတ်ကောင်လုပ်ငန်းမှာလည်း လုပ်ငန်းကောင်းတစ်ခုဖြစ်သည်။ ကရင်လူမျိုးအချို့ပါ ဆလုံရေပြင်၌ မုတ်ကောင်ဖမ်းနေသည်ကို တွေ့ရသည်။ မုတ်ကောင် ဖမ်းသူများသည် အောက်ဆီဂျင်ဘူးမပါဘဲ ပင်လယ်ရေအောက်တွင် ၁၅ မိနစ်၊ နာရီဝက်ခန့် ရေငုပ်နိုင်သူ ဖြစ်ရမည်။ ရေအောက် ပေ ၁၀၀ မှ ၁၈၀ ခန့်အထိ ငုပ်ရသည်။ ယခုအခါ နိုင်ငံတော်က အောက်ဆီဂျင်ဘူးများ၊ ရေငုပ် ကိရိယာများ ထောက်ပံ့ပေးမှုကြောင့် မုတ်ကောင်ဖမ်းလုပ်ငန်းကို ပိုမိုအဆင်ပြေအောင် လုပ်ကိုင်နိုင်ကြပေပြီ။

 

စီးပွားရေးဖွံ့ဖြိုးမှုအပိုင်းကို အားရကျေနပ်ဖွယ် ဖြစ်နေသော်လည်း လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုဘဝမှာ ထင်သလောက် ခရီးမပေါက်နိုင်သေးချေ။ ကျွန်းပေါ်တွင် အတည်တကျ စုစည်းရပ်ရွာတည်ထောင်မှုကို ယခုထက် စည်းရုံးအားကောင်းစွာဖြင့် ဆောင်ရွက်ပေးပြီး ရရှိထားသည့် စီးပွားရေး အခြေခံကောင်းများကို အကြောင်းပြု၍ လူနေမှုဘဝနှင့် ရိုးရာယဉ်ကျေးမှု ဓလေ့များကို ပြုပြင်ပြောင်းလဲမှု တစ်ရပ်အနေဖြင့် စနစ်တကျ အကောင်အထည် ဖော်နိုင်ခဲ့မည်ဆိုပါလျှင် စီးပွားရေးရော လူနေမှုဘဝပါ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်နိုင်စရာအကြောင်း ရှိလာနိုင်ပါလိမ့်မည်။

 

ဆလုံတို့၏ လူမှုစီးပွားဘဝနှင့်စပ်လျဉ်း၍ ၂၀၀၁ ခုနှစ် တွင် ရန်ကုန်တက္ကသိုလ် မနုဿဗေဒဌာနသည် ကယန်း (ပဒေါင်)၊ ချင်း(နှစ်မျိုး)၊ နာဂ၊ ဆလုံ၊ မရမာကြီး၊ မြို၊ ကိုးကန့်၊ ၀၊ အခါ တိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝ ပြခန်းများကို လူမျိုးတစ်မျိုးစီအလိုက် စုစည်း၍ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ အခန်း ၁၀ ခန်းခွဲကာ သူ့ကဏ္ဍနှင့်သူ စနစ်တကျ ခင်းကျင်းပြသခဲ့ပါသည်။ ထိုသို့ပြသခဲ့စဉ်က စာရေးသူကလည်း သွားရောက်လေ့လာဖြစ်ခဲ့ပါသည်။ ဤပြခန်းများထဲမှ ဆလုံပြခန်းတွင် ဆလုံတို့၏ ယဉ်ကျေးမှုရိုးရာနှင့် ဓလေ့စရိုက်များ၊ လူနေမှုဘဝ သရုပ်အမှန်များကို တွေ့မြင်လေ့လာ သိရှိမှတ်သားခဲ့ပါသည်။

 

ယခုနှစ်တွင်လည်း မြိတ်မြို့ Myeik Seaview Mall တွင် ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့သော (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ရိုးရာ ယဉ်ကျေးမှု အကအလှ ဖျော်ဖြေပွဲနှင့် ဈေးရောင်းပွဲတော်တွင် ဆလုံတို့၏ ရိုးရာအကအလှများနှင့် အစားအစာရောင်းချပွဲကိုပါ ထည့်သွင်း ကျင်းပပေးခဲ့ပါသည်။ ပွဲတော်တွင် ဆလုံလူမျိုးတို့၏ ရိုးရာဓလေ့ပြခန်းနှင့် အစားအစာများကို ဆလုံလူမျိုးများက ရိုးရာဝတ်စုံများ ဝတ်စားဆင်ယင်ကာ ပြသရောင်းချလျက်ရှိရာ ပွဲတော်သို့ လာရောက်ကြသည့် ပြည်သူများနှင့် နိုင်ငံခြားသားတို့ကပါ စိတ်ဝင်တစား ကြည့်ရှုလေ့လာကြပြီး ဆလုံလူမျိုးတို့၏ ရိုးရာဓလေ့များ၊ နေထိုင်မှုပုံစံများကို မေးမြန်းခဲ့ကြသည်။ ညပိုင်းတွင် ဆလုံရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

 

“အဓိကကတော့ ဆလုံလူမျိုးတို့ရဲ့ ရိုးရာဓလေ့ ဝတ်စားဆင်ယင်မှုနှင့် အစားအစာတွေကို ပြည်သူတွေ သိစေဖို့ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းနဲ့ FFI တို့ ပူးပေါင်းပြီး စီစဉ်ဖြစ်တာပါ။ မြိတ်မြို့မှာ ပထမဦးဆုံးကျင်းပတာပါ။ အရင်က မကြုံလက်ကျေးရွာမှာ မော်ကင်း ပြတိုက်ငယ် ကျင်းပတာတော့ ကြားဖူးပါတယ်။ ဆလုံလူမျိုးတွေကိုယ်တိုင် ရိုးရာယဉ်ကျေးမှု ဓလေ့ဖော်ထုတ်တာ တနင်္သာရီတိုင်းဒေသကြီးမှာ ပထမဦးဆုံးဖြစ်ပါတယ်” ဟု FFI မှ ဒေါ်မူအေးက ပြောသည်။ ဤသို့ ဆလုံလူမျိုးတို့၏ ရိုးရာဓလေ့များကို ဒေသတွင်း ဆလုံလူမျိုးတို့ကိုယ်တိုင် ဖော်ထုတ် ခင်းကျင်းပြသနိုင်ခဲ့ခြင်းသည် ဆလုံလူမျိုးတို့၏ အမျိုးသားရေး စရိုက်လက္ခဏာ မြင့်မားလာစေရန် ကြိုးပမ်းမှုရလဒ်တစ်ခုဖြစ်သည်။

 

(ဆက်လက်ဖော်ပြပါမည်)