ဒေါက်တာဝင်းသီတာဦး (စိုက်/သု)
ပေါ်ဆန်းမွှေးသည် သင့်ပျံ့သောအနံ့၊ ကောင်းမွန်သောအရသာနှင့် ချက်ပြုတ်ပြီးချိန်တွင် ဆန်စေ့ရှည်ထွက်လာခြင်းစသည့် ထူးခြားသောအရည်အသွေးများကြောင့် ပြည်တွင်း၌ လူကြိုက်များပြီး ဈေးနှုန်းမြင့်မားစွာရရှိသည့် စပါးမျိုးဖြစ်သည်။ နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရာတွင် “မြန်မာ့ပုလဲဆန်” ဟုလည်း ခေါ်ဝေါ်ကြသည်။
ပေါ်ဆန်းစပါးမျိုးသည် အလင်းရောင်တန်ပြန်မှုရှိသော ရာသီစပါးမျိုးဖြစ်ပြီး မူရင်းပေါ်ဆန်းစပါးသုံးမျိုးမှာ ပေါ်ဆန်းရင်၊ ပေါ်ဆန်းဘေးကြားနှင့် ပေါ်ဆန်းမွှေးတို့ ဖြစ်ကြသည်။ မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အဓိကထား၍ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြပြီး ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်၊ ယခုအခါ နေပြည်တော်ဒေသတို့တွင်လည်း စိုက်ပျိုးလာကြပြီဖြစ်သည်။ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီတွင် ပေါ်ဆန်းစပါးကို ဧကအားဖြင့် ၁ ဒသမ ၃ သန်းကျော်စိုက်ပျိုးခဲ့ပြီး နိုင်ငံ၏ စုစုပေါင်း မိုးစပါး စိုက်ဧရိယာ၏ ၉ ရာခိုင်နှုန်းကျော်ခန့်ရှိကြောင်း သိရသည်။
အပင်အာဟာရဓာတ်များ၏ အရေးပါမှု
သီးနှံအပင်များ ကျန်းမာစွာကြီးထွားရန်၊ ရောဂါနှင့် ပတ်ဝန်းကျင် ဖိစီးမှုဒဏ်ခံနိုင်ရည်ရှိရန်၊ အထွက်နှုန်းနှင့် အရည်အသွေးပြည့်မီသည့် ထုတ်ကုန်များရရှိရန်အတွက် အပင်အာဟာရဓာတ်များသည် မရှိမဖြစ် လိုအပ်သည်။
အပင်များအတွက် မရှိမဖြစ်လိုအပ်သော အာဟာရဒြပ်စင် ၁၇ မျိုးအနက် ကာဗွန်၊ ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်တို့ကို အဓိကအားဖြင့် လေနှင့် ရေမှရရှိပြီး ကျန်အာဟာရဓာတ်များကို မြေဆီလွှာမှ ရရှိသည်။ ပေါ်ဆန်းစပါး၏ အထွက်နှုန်းသာမက အရည်အသွေးနှင့် အမွှေးရနံ့ ကောင်းမွန်စေရန်အတွက်လည်း အာဟာရဓာတ်များကို မျှတစွာရရှိစေရေး ဆောင်ရွက်ပေးရန် လိုအပ်သည်။
မြေဆီလွှာအမျိုးအစားနှင့် အမွှေးရနံ့ထွက်ရှိမှု
ပုံမှန်အားဖြင့် စိုက်ပျိုးမြေဆီလွှာတွင် ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိနှင့် ဇီဝဂုဏ်သတ္တိများပါရှိပြီး မြေဆီလွှာထဲတွင် ယေဘုယျအားဖြင့် အဓိက ပါဝင်ပစ္စည်းလေးမျိုးဖြင့် ဖွဲ့စည်းထားရာ သတ္တုဓာတ် အမှုန်အမွှားများ ၄၅ ရာခိုင်နှုန်း၊ ရေ ၂၅ ရာခိုင်နှုန်း၊ လေ ၂၅ ရာခိုင်နှုန်း နှင့် အခြားအော်ဂဲနစ်ဒြပ်ပစ္စည်းများ ၅ ရာခိုင်နှုန်းခန့် ပါဝင်သည်။
ပေါ်ဆန်းစပါး၏ အနံ့နှင့်အရည်အသွေးကို မြှင့်တင်ရာတွင် မြေဆီလွှာအမျိုးအစားကိုလည်း ထည့်သွင်းစဉ်းစားရန်လိုသည်။ ရေထိန်းနိုင်စွမ်းကောင်းပြီး အာဟာရဓာတ်များ လုံလောက်စွာ ထိန်းသိမ်းပေးနိုင်သည့် မြေဩဇာကြွယ်ဝသော နုန်းတင်မြေနု၊ နုန်းဆန်သော မြေ/မြေစေးသမ၊ နုန်းရွှံ့မြေနှင့် သဲနုန်းမြေများသည် သင့်တော်သော်လည်း အီတလီနိုင်ငံ၊ Pavia ၏သုတေသနအရ သဲပါဝင်မှုမြင့်မား ပြီး ရွှံ့စေးပါဝင်မှုနည်းသော မြေများတွင် အနံ့မွှေးဒြပ်ပေါင်း 2-acetyl-1-pyrroline (2AP)ပါဝင်မှု ပိုမိုမြင့်မားနိုင်ကြောင်း တွေ့ရှိရသည်။ ထိုင်းစံပယ်ရနံ့စပါး၌လည်း နုန်းဆန်သဲမြေတွင် အနံ့ပိုမိုမွှေးကြိုင်ပြီး ရွှံ့စေးမြေများတွင် အနံ့နည်းပါးကြောင်း တွေ့ရှိထားသည်။ မိုးကောင်း သောက်ဒေသများတွင် ရွှံ့စေးပါဝင်မှုမြင့်မားသောမြေထက် သဲပါဝင်မှု မြင့်မားသော မြေဆီလွှာ၌ စိုက်ပျိုးပါက အနံ့ဒြပ်ပေါင်း 2AP ပမာဏ ပိုမိုမြင့်မားစွာ တွေ့ရှိရသည်။
ထို့ကြောင့် “အနံ့မွှေးစပါးအတွက် မြေစေးသမမြေသည် အမြဲတမ်းအကောင်းဆုံး”ဟု တစ်ချက်တည်း သတ်မှတ်၍မရဘဲ စပါးမျိုး၊ ရာသီဥတု၊ ရေ၊ မြေဆီလွှာနှင့် စိုက်ပျိုးစီမံခန့်ခွဲမှုတို့ကို ပေါင်းစပ်စဉ်းစားရန် လိုအပ်သည်။
မြေဆီလွှာ ချဉ်/ငန်ကိန်း (pH)
မြေဆီလွှာ၏ ချဉ်/ငန်ကိန်းသည်လည်း အပင်အာဟာရဓာတ်များ ရရှိနိုင်မှုနှင့် စပါးပင်၏ကြီးထွားဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုရှိသည်။ လေ့လာချက်များအရ မြန်မာ့ပေါ်ဆန်းမွှေးစပါးတွင် pH ၅ ဒသမ ၂ မှ ၅ ဒသမ ၉ အတွင်း စိုက်ပျိုးပါက pH ၆ ဒသမ ၅ တွင် စိုက်ပျိုးခြင်းထက် အနံ့ပိုမိုမွှေးကြောင်းဖော်ပြထားသည်။ သို့သော် pH တန်ဖိုးတစ်ခု တည်းကို အခြေခံ၍ မြေဆီလွှာစီမံခန့်ခွဲခြင်းမပြုသင့်ပါ။ မြေ၏အာဟာရဓာတ်အခြေအနေ၊ အော်ဂဲနစ်ပစ္စည်းပါဝင်မှု၊ ရေထိန်းနိုင်စွမ်းနှင့် စပါးမျိုး၏ လိုအပ်ချက်တို့ကိုပါ မြေဆီလွှာစစ်ဆေးမှုနှင့်အတူ ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
အနံ့မွှေးမှုအတွက်မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်အခြေအနေ
ပေါ်ဆန်းစပါးကဲ့သို့ အနံ့မွှေးစပါးများတွင် အနံ့ရရှိမှုသည် စပါးမျိုး၏ မျိုးရိုးဗီဇအချက်အလက်များသာမက မြေဆီလွှာအမျိုးအစား၊ သက်မဲ့ပတ်ဝန်းကျင်ဆိုင်ရာဖိစီးမှုတွင် အပူချိန်၊ စိုထိုင်းဆ၊ နေရောင် ခြည်၊ ရေရရှိမှုအခြေအနေများ (ရေငတ်ဒဏ်ခံနိုင်ခြင်း)၊ ဆားငန်ဒဏ် ခံနိုင်ခြင်း၊ အပင်ပြုစုမှုနည်းစနစ်များ၊ ရိတ်သိမ်းချိန်၊ ပန်းပွင့်ချိန်၊ ရိတ်သိမ်းချိန်လွန် နည်းပညာများဖြစ်သည့် အခြောက်ခံခြင်း၊ ကြိတ်ခွဲ ခြင်း၊ ထုပ်ပိုးခြင်း၊ သိုလှောင်သည့် အခြေအနေများ စသည်တို့အပေါ်၌လည်း များစွာမူတည်သည်။
အနံ့မွှေးမှုကို အဓိကဆုံးဖြတ်ပေးသည့် ဒြပ်ပေါင်းမှာ 2AP ဖြစ်သဖြင့် အနံ့မွှေးစပါးများ၏ အရည်အသွေးကိုမြှင့်တင်လိုပါက 2AP ဖြစ်ပေါ်မှုကို အထောက်အကူပြုနိုင်သည့် မျိုးရိုးဗီဇနှင့် ပတ်ဝန်း ကျင်အခြေအနေများကို နားလည်ပြီး စိုက်ပျိုးရေးနည်းစနစ်များကို စနစ်တကျစီမံရန် လိုအပ်သည်။ စပါးပင်အတွင်း အနံ့မွှေးစေသည့် 2AP ဖြစ်ပေါ်မှုသည် သီးခြားနိုက်ထရိုဂျင် ဓာတ်ပေါင်းများပါဝင်သော ဇီဝဖြစ်စဉ်များမှတစ်ဆင့် အဓိကဖြစ်ပေါ်ခြင်းဖြစ်သည်။
အပူချိန်နှင့် အမွှေးရနံ့
အနံ့မွှေးစပါးများ၏ အမွှေးရနံ့သည် စိုက်ပျိုးသည့်ဒေသ၏ အပူချိန်၊ စိုထိုင်းဆ၊ နေရောင်ခြည်နှင့် ရေရရှိမှုတို့အပေါ်မူတည်သည်။ မြန်မာ့ပေါ်ဆန်းမွှေးစပါးတွင် နေ့အပူချိန် ၃၀ မှ ၃၅ ဒီဂရီစင်တီဂရိတ်၊ ညအပူချိန် ၂၂ မှ ၂၅ ဒီဂရီစင်တီဂရိတ်နှင့် နေ့နှင့်ညအပူချိန်ကွာခြားချက် ၁၀ မှ ၁၅ ဒီဂရီစင်တီဂရိတ်ခန့်ရှိပါက 2AP ပါဝင်မှုပိုမိုမြင့်မားပြီး အနံ့ပိုမွှေးသည်။
ရွှေဘိုဒေသမှထွက်ရှိသည့် ပေါ်ဆန်းစပါး၏ စိုက်ပျိုးချိန် အပင်သက်တမ်း (လေးလမှ ငါးလ) တစ်လျှောက်လုံးတွင် အပူချိန် ၂၀-၃၅ ဒီဂရီစင်တီဂရိတ်အတွင်းရှိရန် လိုအပ်သည်။ ထို့ကြောင့် ရွှေဘိုဒေသရှိ တောင်သူများသည် များသောအားဖြင့် ဇူလိုင် (၁၅-၂၀) ရက်နေ့အတွင်း ပျိုးထောင်ပြီး ပျိုးသက် ၂၅ မှ ၃၀ ရက်သားခန့်တွင် ပြောင်းရွှေ့စိုက်ပျိုးခြင်းဖြင့် ပန်းပွင့်ချိန်တွင် အပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်အောက်မကျ စေရန်ရည်ရွယ်ပြီး စပါး၏ အမွှေးနံ့သာမက အထွက်နှုန်းပါ တိုးတက် စေရန်အတွက် စိုက်ပျိုးလေ့ရှိကြသည်။ ထိုသို့ စိုက်ပျိုးချိန်ကို စနစ်တကျရွေးချယ်ခြင်းသည် အနံ့အရည်အသွေးနှင့် အထွက်နှုန်း နှစ်မျိုးစလုံးအတွက် အရေးပါသည်။
အရည်အသွေးမြင့် ပေါ်ဆန်းဆန်အတွက် ရေရှည်စီမံခန့်ခွဲမှု
မြန်မာ့ပေါ်ဆန်းစပါးသည် ပြည်တွင်းစားသုံးသူများ၏ နှစ်သက်မှုကို ရရှိထားသည့် အရည်အသွေးမြင့် ဒေသစပါးမျိုးတစ်ခုသာမက နိုင်ငံတကာစျေးကွက်တွင် မြန်မာနိုင်ငံ၏ ဆန်အရည်အသွေးကို ကိုယ်စားပြုနိုင်သည့် အရေးပါသော စပါးမျိုးတစ်မျိုးလည်း ဖြစ်သည်။ ထို့ကြောင့် အထွက်နှုန်းကိုသာ ဦးစားပေးခြင်းထက် အမွှေးရနံ့၊ အရသာ၊ ဆန်စေ့အရည်အသွေးနှင့် သိုလှောင်နိုင်မှုတို့ကိုပါ ထည့်သွင်း စဉ်းစားရန် လိုအပ်သည်။
ထို့အပြင် မြေဆီလွှာ၏ ကျန်းမာရေးကို ရေရှည်ထိန်းသိမ်းနိုင်ရန် သီးနှံအလှည့်ကျ စိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာနှင့် မြေဆွေးများ ပြုလုပ်အသုံးပြုခြင်း၊ သီးနှံအကြွင်းအကျန်များကို စနစ်တကျ ပြန်လည်အသုံးချခြင်းနှင့် ရေကို ထိရောက်စွာ စီမံအသုံးပြုခြင်းတို့ကိုလည်း တောင်သူများအနေဖြင့် လိုက်နာကျင့်သုံးသင့်သည်။
မြန်မာ့ပေါ်ဆန်းစပါး၏ တန်ဖိုးသည် ၎င်း၏ထူးခြားသော အမွှေးရနံ့၊ အရသာနှင့် ဆန်အရည်အသွေးတို့တွင် တည်ရှိနေသဖြင့် ၎င်းတို့ ကိုထိန်းသိမ်းမြှင့်တင်နိုင်ရန် မျိုးဗီဇ၊ မြေဆီလွှာ၊ အပူချိန်၊ ရေ၊ အပင် အာဟာရ၊ စိုက်ပျိုးချိန်နှင့် စိုက်ပျိုးပြုစုမှုနည်းစနစ်များကို ပေါင်းစပ် စီမံရန်လိုအပ်သည်။ ပေါ်ဆန်းစပါးစိုက်ပျိုးသူ တောင်သူများအနေဖြင့် “မြေဩဇာများများထည့်လျှင် အထွက်များမည်” ဆိုသည့် အယူအဆထက် “မြေကိုသိ၊ အပင်လိုအပ်ချက်ကိုသိ၊ လိုအပ်သလောက်သာ ထည့်သုံး”ဆိုသည့် စနစ်တကျ အာဟာရဓာတ်စီမံခန့်ခွဲမှုကို ကျင့်သုံး သင့်သည်။
နိုက်ထရိုဂျင်မြေဩဇာကို လွန်ကဲစွာ မသုံးသင့်
အမွှေးနံ့ပါသောစပါးများတွင် အဓိကအနံ့ဓာတ်ပေါင်းဖြစ်သည့် 2AP ဖြစ်ပေါ်မှုသည် အပင်အတွင်းရှိ အာဟာရဓာတ်များ၊ ဇီဝဖြစ်စဉ်များနှင့် ဆက်စပ်နေသည့်အတွက် အာဟာရဓာတ်များနှင့် ရှေ့ပြေး ဓာတ်ပေါင်းများကို အပင်၏လိုအပ်ချက်နှင့်အညီ စီမံပေးရန် လိုအပ်သည်။
အထူးသဖြင့် နိုက်ထရိုဂျင်မြေဩဇာကို လွန်ကဲစွာအသုံးပြုခြင်းသည် စပါး၏ အရည်အသွေးနှင့် အမွှေးရနံ့အပေါ် မျှော်မှန်းထားသည့် ရလဒ်ကို မရရှိနိုင်သည့် အခြေအနေများ ဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် ပေါ်ဆန်းစပါးစိုက်ပျိုးရာတွင် ပုလဲဓာတ်မြေဩဇာအပါအဝင် နိုက်ထရိုဂျင် ပါဝင်သည့် ဓာတ်မြေဩဇာများကို မိမိမြေ၏ အာဟာရအခြေအနေ၊ စပါးမျိုးနှင့် အထွက်ရည်မှန်းချက်တို့အပေါ် အခြေခံ၍ သင့်တော်သော နှုန်းထားဖြင့်သာ အသုံးပြုသင့်သည်။
ဘက်စုံအာဟာရဓာတ်စီမံခန့်ခွဲမှုလိုအပ်
မြန်မာ့ပေါ်ဆန်းစပါးစိုက်ပျိုးရာတွင် အထွက်တိုးစေရန် ရည်ရွယ်၍ ဓာတုမြေဩဇာများကိုသာ လွန်ကဲစွာ အားထားအသုံးပြုခြင်း၊ သဘာဝမြေဩဇာအသုံးပြုမှု နည်းပါးခြင်းနှင့် အနည်းလိုအာဟာရဓာတ်များကို လျစ်လျူရှုခြင်းတို့သည် မြေဆီလွှာ ကျန်းမာရေးနှင့် စပါးအရည် အသွေးအတွက် အဟန့်အတားများ ဖြစ်စေနိုင်သည်။
ထို့ကြောင့် ဘက်စုံအာဟာရဓာတ် စီမံခန့်ခွဲမှုစနစ်ကို ကျင့်သုံးရန် အရေးကြီးသည်။ ဓာတုမြေဩဇာများကို လိုအပ်သည့်ပမာဏအတိုင်း အသုံးပြုခြင်းနှင့်အတူ နွားချေး၊ သီးနှံအကြွင်းအကျန်များမှ ပြုလုပ်ထားသော မြေဆွေး၊ တီကျစ်မြေဩဇာ စသည့်အော်ဂဲနစ်မြေဩဇာများကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် မြေဆီလွှာ၏ ရုပ်ပိုင်း၊ ဓာတုနှင့် ဇီဝဆိုင်ရာ ကျန်းမာရေးကို ထိန်းသိမ်းနိုင်မည်ဖြစ်သည်။
မြေနမူနာစစ်ဆေးပြီးမှ မြေဩဇာထည့်ပါ
ပေါ်ဆန်းစပါး၏ အရည်အသွေးကောင်းမွန်စေရန်နှင့် အမွှေးရနံ့ ကောင်းမွန်စေရန် အရေးကြီးဆုံးမှာ မိမိစိုက်ပျိုးမည့်မြေ၏ အခြေအနေကို ဦးစွာသိရှိရန်ဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးရာသီမတိုင်မီ မြေနမူ နာယူ၍ ဓာတ်ခွဲခန်းတွင် မြေဆီလွှာ၏ ချဉ်/ငန်ကိန်း (pH)၊ သစ်ဆွေးဓာတ်ပါဝင်မှုနှင့် အာဟာရဓာတ်များကို စစ်ဆေးသင့်သည်။
မြေစစ်ဆေးမှုရလဒ်အပေါ်အခြေခံ၍ လိုအပ်သောအာဟာရ ဓာတ်ကိုသာ လိုအပ်သည့် ပမာဏ၊ သင့်တော်သည့်အချိန်နှင့်နည်းလမ်း မှန်အတိုင်း ထည့်သွင်းပေးခြင်းသည် မြေဩဇာကုန်ကျစရိတ်ကို လျှော့ချနိုင်သည့်အပြင် အပင်အာဟာရဓာတ် မျှတစွာရရှိစေပြီး စပါးအထွက်နှုန်းနှင့် မွှေးရနံ့အပါအဝင် အခြားအရည်အသွေးများကိုလည်း တိုးတက်စေနိုင်သည်။
ကျန်းမာသော မြေဆီလွှာ၊ မျှတသော အပင်အာဟာရနှင့် သင့်တော်သော စိုက်ပျိုးပြုစုမှုတို့ဖြင့် မြန်မာ့ပေါ်ဆန်းစပါး၏ ထူးခြားသော အမွှေးရနံ့နှင့် ဆန်အရည်အသွေးကို ထိန်းသိမ်းမြှင့်တင်နိုင်မည့် အပြင် တောင်သူများ၏ ဝင်ငွေတိုးတက်လာစေရုံသာမက မြန်မာ့ပေါ်ဆန်း ဆန်ကို ပြည်တွင်းဈေးကွက်တွင်ရော နိုင်ငံတကာဈေးကွက်တွင်ပါ အရည်အသွေးမြင့် မြန်မာ့ထုတ်ကုန်တစ်ခုအဖြစ် ရေရှည်တည်တံ့စွာ ရပ်တည်နိုင်စေရန် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။


