မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ စုပေါင်းအင်အားဖြင့် တည်ထားကိုးကွယ်မည့် ထာဝရငြိမ်းချမ်းရေး စေတီတော်မြတ်ကြီး၏ ရွှေထီးတော်အား တန်ဆောင်မုန်းလပြည့်နေ့တွင် တင်လှူပူဇော်မည်

IMG_6716

နေပြည်တော် ၅ နိုဝင်ဘာ

ပြည်ထောင်စုနယ်မြေနေပြည်တော်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးစေတီတော်မြတ်ကြီး အထက်ဌာပနာတော်သွင်း၊ ရွှေထီးတော်တင်၊ မြသပိတ်၊ ရွှေကြာသင်္ကန်းတော်ကပ်နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားများကို တန်ဆောင်မုန်းလပြည့်နေ့ (နိုဝင်ဘာ ၁၁ ရက်) နံနက်ပိုင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

ထာဝရငြိမ်းချမ်းရေးစေတီတော်မြတ်ကြီးအား ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက ဦးဆောင်မှုဖြင့် နိုင်ငံတော်အစိုးရနှင့် မြန်မာနိုင်ငံသူ နိုင်ငံသားများစုပေါင်း၍ ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးရရှိရန် ရည်သန်ကာ တည်ထားကိုးကွယ်ခြင်းဖြစ်ပြီး စေတီတော် တည်ထားကိုးကွယ်ရေးဆိုင်ရာ မဟာမင်္ဂလာ ၉ မျိုး အနက် အနန္တရာယိက မြေသန့်မဟာမင်္ဂလာကို ၂၀၁၈ ခုနှစ် မေ ၁၇ ရက်တွင်လည်းကောင်း၊ ရတနာပန္နက် တော်တင် တွင်းတော်ဝန်းမဟာမင်္ဂလာကို ၂၀၁၈ ခုနှစ် မေ ၁၈ ရက်တွင်လည်းကောင်း၊ ရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာကို ၂၀၁၈ ခုနှစ် မေ ၂၄ ရက်တွင်လည်းကောင်း၊ သတ္တဋ္ဌာနမူလဌာပနာတော်တွင်း မဟာမင်္ဂလာကို ၂၀၁၈ ခုနှစ် ဇွန် ၁၉ ရက်တွင် လည်းကောင်း၊ အလယ်ဌာပနာတော်သွင်းမဟာမင်္ဂလာကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁ ရက်တွင်လည်းကောင်း၊ ပန်းလည်တိုင်စိုက်ထူပူဇော်ခြင်းမဟာ မင်္ဂလာအခမ်းအနားများကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၂ ရက်တွင်လည်းကောင်း အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်သည်။

စေတီတော်ကြီး အချိန်မီပြီးစီးရေး တာဝန်ယူတည်ဆောက်နေသည့် ကုမ္ပဏီလေးခုအနက် More C.N.C ကုမ္ပဏီ လုပ်ငန်းဦးစီးကော်မတီအဖွဲ့ဝင် ဦးခင်မောင်သိန်းက “ကျွန်တော်တို့ကုမ္ပဏီက လုပ်ငန်းသုံးခုကို တာဝန်ယူဆောင်ရွက်နေပါတယ်။ စေတီတော်ရဲ့ ဂန္ဓကုဋိတိုက် အတွင်းအပြင်နံရံတွေကို စကျင်ကျောက်သားကာရံခြင်း၊ ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ၊ ရပ်တော်မူနှစ်ဆူထုဆစ်တဲ့လုပ်ငန်းနဲ့ စကျင်ကျောက်သားနဲ့ ပြုလုပ်ထားတဲ့ ၇၄ ပေအမြင့်ရှိ တံခွန်တိုင်တို့ကို အဓိက တာဝန်ယူဆောင်ရွက်ရပါတယ်။ စေတီတော်မှာပါရှိမယ့် စကျင်ကျောက်သားနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေအားလုံးကို ကျွန်တော်တို့ ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ရပြီး လုပ်ငန်းဆောင်ရွက်မှုမှာတော့ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်ပါတယ်။ စကျင်ကျောက်သားရဲ့ အားသာချက်က ပူတဲ့ရာသီမှာဆိုရင် အအေးဓာတ်ပေးတယ်၊ အေးတဲ့ရာသီဆိုရင် အနွေးဓာတ်ကိုပေးပါတယ်” ဟု ပြောသည်။

စေတီတော်ကြီး ထီးတော်တင် မဟာမင်္ဂလာအခမ်းအနားသို့ ကိုယ်တိုင်တက်ရောက် ကြည်ညိုပူဇော်လိုသည့် အလှူရှင်များရှိပါက လာရောက်ပူဇော်နိုင်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အသိပေးနှိုးဆော်ထားပြီး အခမ်းအနားကျင်းပနေမှုများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့် ပြသပေးမည်ဖြစ်ကြောင်း သိရသည်။

ဟန်လင်းနိုင်၊ ဟိန်းမင်းစိုး