မြန်မာနိုင်ငံ၌ J series festival ပထမဆုံးအကြိမ်ကျင်းပ

ရန်ကုန် ၁၁ ဇန်နဝါရီ

 

The executive committee of International Drama Festival in TOKYO က ကြီးမှူးကျင်းသည့် J series festival ကို ယနေ့ညနေပိုင်းတွင် ရန်ကုန် ကွန်ဗင်းရှင်းစင်တာ(YCC)၌ ကျင်းပသည်။

 

အဆိုပါပွဲတော်ကို ၂၀၁၃ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ထိုင်းနိုင်ငံတွင် ၅ ကြိမ်၊ အင်ဒိုနီးရှားနိုင်ငံ၌ ၂ ကြိမ်၊ ဗီယက်နမ်နိုင်ငံနှင့် ထိုင်ဝမ်တို့တွင် ၁ ကြိမ်စီ ကျင်းပခဲ့ကာ ယခု ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

ပွဲတော်တွင် MNTV Channel ၌ ပြသနေသည့် "ကြုံရဆုံရသမီးယောက္ခမ" ဇာတ်လမ်းတွဲ၌ သရုပ်ဆောင်သည့် ဂျပန်နိုင်ငံမှ သရုပ်ဆောင် Ms. Hada Michiko၊ သရုပ်ဆောင်အဆိုတော် Mr. Morisaki Win၊ အဆိုတော် Ms. HiraharaAyaka၊ အဆိုတော် Ms. Milet နှင့် မြန်မာနိုင်ငံမှ အဆိုတော် AR-T တို့ကTalk Show အစီအစဉ်နှင့် ဖျော်ဖြေမှုများဖြင့် တင်ဆက်ကြပြီး ဂျပန်နိုင်ငံမှ ဒရမ်မာစီးရီးနမူနာ ၁၅ ကားများကို ပြသကာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အိချီရော့ မာရုယာမက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 

J series festival ပွဲတော်သို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် အနုပညာရှင်များကို မြန်မာ့သတင်းစဉ်က တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည် -

 

mdn

 

Mr. Shigemura Hajime (ပွဲစီစဉ်သူ)

The executive committee of International Drama Festival in TOKYO ဒုတိယဥက္ကဋ္ဌ

ဒီပွဲတော်ကို အာရှနိုင်ငံတွေမှာကျင်းပလာတာ ၆ နှစ်ရှိသွားပြီ မြန်မာနိုင်ငံမှာ ဒါပထမဆုံးပါ။ ရည်ရွယ်ချက်ကတော့ ဂျပန်မှာခေတ်စားနေတဲ့ အကြောင်းအရာတွေကို မြန်မာတွေနဲ့ မိတ်ဆက်ပေးပြီး မြန်မာမှာခေတ်စားနေတဲ့ အကြောင်းအရာတွေကို ဂျပန်တွေကို ပြန်ပြီးမိတ်ဆက်ပေးတာပါ။ နှစ်နိုင်ငံ ပိုမိုချစ်ကြည်ရင်းနှီးမှု တိုးပွားလာအောင်လုပ်ဖို့ ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံမှာ ကျင်းပခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။

 

mdn

 

သရုပ်ဆောင် Ms. Hada Michiko

မြန်မာနိုင်ငံမှာ ဒီလိုမျိုးဂျပန်ဒရမ်မာဇာတ်လမ်းကားတွေ ပြသနေပြီး ကြည့်ရှုနေတာကို သိရတဲ့အတွက် ဝမ်းသာပါတယ်။ ကျေးဇူးလဲတင်ပါတယ်။ နောက်ထပ်လည်း ဒီထက်ကောင်းတဲ့ ဂျပန်ဒရမ်မာစီးရီးတွေ ထပ်လွှင့်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ဆက်ပြီးကြည့်ရှုကြပါ အားပေးမယ်လို့လည်း မျှော်လင့်ပါတယ်။ ဂျပန်နဲ့ မြန်မာနိုင်ငံက တော်တော်များများ တူညီတဲ့အတွက် နောက်ပိုင်းမှာလည်း မြန်မာလူမျိုးတွေနဲ့ အတူတူတွဲပြီးတော့ အနာဂတ်မှာလည်း ကောင်းမွန်မှုတွေရရှိမယ်လို့ ထင်ပါတယ်။

 

mdn

 

အဆိုတော် Ms. Milet

ကျွန်မရဲ့ တန်ဖိုးရှိတဲ့ ပထမဆုံးသီချင်းကို မြန်မာနိုင်ငံမှာ ဆိုခွင့်ရခဲ့တဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်။ အနုပညာကနေတစ်ဆင့် ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ ချစ်ကြည်ရေးကို ပိုမိုတိုးတက်စေချင်ပါတယ်။ ဒီအခမ်းအနားကို တက်ရောက်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။

 

mdn

 

အဆိုတော် Ms. HiraharaAyaka

"အိမ်မက်တွေမိုးထားတဲ့အိမ်" ဇာတ်လမ်းတွဲမှာပါတဲ့ ဇာတ်ဝင်တေး "တကယ်လို့" သီချင်းကို ရေးစပ်ခွင့်ရတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်။ Morisaki Win နဲ့ တွဲဆိုခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဆိုတဲ့သီချင်းက လူအများရဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် အောင်မြင်သွားတဲ့ သီချင်းဖြစ်ပါတယ်။ ဒီသီချင်းကို အနာဂတ်မှာ မြန်မာလူမျိုးတွေ လက်ခံသွားနိုင်မယ်ဆိုရင် ကျွန်မအနေနဲ့ ဝမ်းသာမိပါတယ်။ ဒီနေ့ J series ပွဲတော်အတွက် ပူးပေါင်းဆောင်ရွက်ပေးတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ပါတယ်။

 

mdn

 

သရုပ်ဆောင်အဆိုတော် Mr. Morisaki Win

ဂျပန်နိုင်ငံက ဒရမ်မာစီးရီးတွေကို မြန်မာနိုင်ငံမှာ ပြသခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ နောက်ပိုင်းလည်း ဆက်ပြီးအားပေးပါလို့ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်က မြန်မာနိုင်ငံက ဒရမ်မာစီရီးမှာ ပထမဦးဆုံး ပါဝင်တာဖြစ်ပါတယ်။ ကျွန်တော့် ဇာတ်လမ်းတွဲကို ပြသဖို့နီးလာပြီလို့ သိရတဲ့အတွက် ဝမ်းသာပါတယ်။ ဒီပွဲဖြစ်မြောက်အောင် စီစဉ်ပေးတဲ့ တာဝန်ရှိသူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

 

ယခုနှစ် ဂျပန် - မြန်မာ ရုပ်ရှင်ပွဲတော် ၂၀၂၀ ကို ဖေဖော်ဝါရီ ၉ ရက်တွင် Thuwunna Bhumi Event Park ၌ ကျင်းပသွားမည်ဖြစ်ရာ ဖြူဖြူကျော်သိန်း၊ နီနီခင်ဇော်၊ Sophia Everest, Project K အဖွဲ့၊ ဂျပန်နိုင်ငံမှ အဆိုတော် Ms. Hirahara Ayaka၊ သရုပ်ဆောင်အဆိုတော် Mr. Morisaki Win တို့က တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး ဂျပန် - မြန်မာ ကုမ္ပဏီများမှ ဆိုင်ခန်းများကို ကြည့်ရှုအားပေးရင်း ဂျပန်အစားအစာများကိုလည်း ဝယ်ယူစားသုံးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

တွေ့ဆုံမေးမြန်း- ရီရီမြင့်

ဓာတ်ပုံ- လှမိုး