ရန်ကုန် အောက်တိုဘာ ၂၉
မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ စုပေါင်းသွေးလှူဒါန်းမှုကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် လူငယ်စင်တာ၌ ပြုလုပ်သည်။
သွေးလှူဒါန်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ စုစုပေါင်း ၂၀၀ တို့၏ သွေးလှူဒါန်းနေမှု အခြေအနေကို ကြည့်ရှုအားပေးပြီး သွေးလှူရှင်များအား အာဟာရဖြည့်စွက် စာများနှင့် ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ညနေပိုင်းတွင် ၂၀၂၆ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဖလား ၁၄ ခရိုင် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများသည် ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။
ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ ကျင်းပရာ ပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် တာဝန်ယူခဲ့သည့် ဒိုင်ကြီးကြပ်နှင့် ဒိုင်လူကြီးများ၊ အကြီးတန်းတစ်ဦးချင်း စိတ်ကြိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုများ၊ အကြီးတန်းသုံးဦးတွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုများ၊ အကြီးတန်းကိုးဦးတွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုများနှင့် ဆုတံဆိပ် အများဆုံးရရှိသော သင်္ဃန်းကျွန်း ခရိုင်အသင်းတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများ၏ ဇနီးများနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် တံခွန်စိုက် ဆုဖလားတို့ကို ပေးအပ်ခဲ့သည်။ အဆိုပါပြိုင်ပွဲကို အားကစားသမား ၁၆၈ ဦးဖြင့် အောက်တိုဘာ ၂၈ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


