မြန်မာနိုင်ငံသည် ရေခံမြေခံကောင်းမွန်ပြီး အဖိုးတန်သဘာဝသယံဇာတနှင့် အရင်းအမြစ်များစွာ ကြွယ်ဝသည့်နိုင်ငံ ဖြစ်သည်။ နှစ်ထောင်ချီ၍ ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားခိုင်ကျည်ခဲ့သော နိုင်ငံလည်းဖြစ်သည်။ ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေး မှုအမွေအနှစ်များ ပေါများကြွယ်ဝပြီး အဆင့်အတန်းမြင့်မားသော မြန်မာတို့၏ ဂုဏ်သတင်းများကြောင့် ကမ္ဘာ့အလယ်တွင် ဝင့်ထည်မော်ကြွားရပ်တည်နိုင်ခဲ့သည်။ မြန်မာတို့၏ ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ဂုဏ်ဒြပ်များကို ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ကမ္ဘာ့အမွေအနှစ်စာရင်းသတ်မှတ်၍ ဂုဏ်ယူဖွယ် ရာ အသိအမှတ်ပြုခြင်းခံရသည့်နိုင်ငံဖြစ်သည်။
ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအနက် မြန်မာ့သနပ်ခါးနှင့်မြန်မာ့သင်္ကြန်ယဉ်ကျေးမှုတို့ကို အသိအမှတ်ပြုခံရပြီး ဖြစ်သည်။ ယခု နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြင့် “မြန်မာ့ပေါ်ဆန်းတစ်ခေတ်ဆန်းရမည်” ဆောင်ပုဒ်နှင့်အညီ တောင်သူလယ်သမားဦးကြီးများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် အမေရိကန်နိုင်ငံအခြေစိုက် International Commodity Institute, The Rice Trader အဖွဲ့အစည်းက ၂၀၂၆ ခုနှစ် အောက်တိုဘာ ၇ ရက်မှ ၁၀ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင်ကျင်းပသည့် International World Rice Conference 2026 တွင် နိုင်ငံတကာမှ ဆန်အမျိုးအစားများကို ပါဝင်ပြသပြီး ဆန်အရည်အသွေးယှဉ်ပြိုင်ပွဲတွင် မြန်မာ့ပေါ်ဆန်းဆန်ကို World’s Best Rice Award 2026 ဆု ချီးမြှင့်ခဲ့သည်။
အဆိုပါဆုသည် ဒုတိယအကြိမ်မြောက် ထပ်မံဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ ထိုသို့ နိုင်ငံတကာအဆင့်မီ ဂုဏ်သိက္ခာရှိသော ဆုတံဆိပ်ကိုရရှိခြင်းသည် “မြန်မာ့ ပေါ်ဆန်း တစ်ခေတ်ဆန်းရမည်”ဆောင်ပုဒ်နှင့်အညီ မြန်မာ့ဆန်၏ အရည်အသွေး၊ အနံ့အရသာနှင့်ထူးခြားကောင်းမွန်မှုတို့ကို ကမ္ဘာက အသိအမှတ်ပြုခြင်းဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် အမျိုးသားဂုဏ်ယူမှုတို့ကိုလည်း မြှင့်တင်ပေးနိုင်သော ထူးခြားသည့် နိုင်ငံ့ဂုဏ်ဆောင် အောင်မြင်မှုတစ်ရပ်ဖြစ်သည်။ ဤအောင်မြင်မှုသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ တောင်သူလယ်သမားများ၏ ကြိုးပမ်းအားထုတ်မှုနှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ပါဝင်ဆောင်ရွက်ကြသူများ၏ ဇွဲ၊ လုံ့လများကို အသိအမှတ်ပြုသောအားဖြင့် နိုင်ငံတော် သမ္မတက အထူးဝမ်းမြောက်ဂုဏ်ယူကြောင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။
မြန်မာနိုင်ငံတွင် ဂုဏ်ယူဖွယ်ရာဂုဏ်ဒြပ်များ များစွာရှိသည်။ ယင်းတို့ကို မြန်မာ့ ဂုဏ်ကို မြှင့်တင်ဆောင်ရွက် ပေးလိုသူများက စဉ်ဆက်မပြတ် ဖော်ထုတ်ပေးလျက် ရှိသည်။ အောက်တိုဘာ ၉ ရက်နေ့တွင် ကျင်းပသည့် တတိယအကြိမ် ပြည်သူ့ လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့တွင် သက်ဆိုင်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက မြန်မာမှုရိုးရာအစားအစာ “ထမနဲ”နှင့် မြန်မာမှုလက်ရာ ရက်ကန်းပညာ “လွန်းရာကျော်ကြိုးကြီးအချိတ်လုပ်ငန်း” တို့ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်စေရန် ယူနက်စကိုသို့ ပေးပို့လုပ်ဆောင် သင့်ကြောင်း ဆွေးနွေးတင်ပြခဲ့ကြသည်။ မြန်မာ့ကြိုးကြီးအချိတ်အထည်သည် မြန်မာ့ရိုးရာ ရက်ကန်းအနုပညာ၏ ထူးခြားသောအစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဒီဇိုင်း၊ အရောင်၊ ပိုးချည်မျှင်ရွေးချယ်မှု၊ ရက်လုပ်နည်း၊ ပန်းပုံဖော်နည်းနှင့် အချိန်ကြာမြင့်စွာ လက်ဖြင့် လုပ်ကိုင်ရသည့် ကျွမ်းကျင်မှုပညာရပ်ဖြစ်သည်။
“ထမနဲ”သည် ရိုးရာအစားအစာတစ်မျိုးကို ပြုလုပ်စားသုံးခြင်းသာမက ထူးခြားချက်မှာ လူတစ်ဦးတည်းက ပြုလုပ်ခြင်းမဟုတ်ဘဲ လူအများစုပေါင်း၍ တက်ညီလက်ညီ အချက်ကျပြုလုပ်ခြင်းမှပေါ်ထွက်လာသည့် ထူးခြားသည့်အစားအစာ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်က မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန် ပွဲတော်ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကိုယ်စားပြုစာရင်းတွင် ပထမဆုံးစာရင်းဝင်အောင် ပြုလုပ်နိုင်သကဲ့သို့ ယင်းအတွေ့ အကြုံကိုအခြေခံပြီး မြန်မာ့ရိုးရာအစားအစာဖြစ်သည့် ထမနဲရိုးရာဓလေ့ကိုလည်း စနစ်တကျသုတေသနပြုမှတ်တမ်းတင်ကာ ယူနက်စကိုသို့ တင်သွင်းနိုင်ရေး ကြိုးပမ်း ဆောင်ရွက်သင့်သည်။ ရက်ကန်းပညာသည် အလွန်ရှေးကျသော လက်မှုပညာရပ် တစ်ခုဖြစ်ပြီး ပျူမြို့ပြနိုင်ငံခေတ်ကတည်းက ပေါ်ထွန်းခဲ့ပြီး ယနေ့ခေတ်တိုင်မရိုးနိုင် သည့် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည်။
သို့ဖြစ်ရာ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားပြီး ဂုဏ်ယူမြတ်နိုးဖွယ်ရာ အမှတ် လက္ခဏာကြွယ်ဝသည့် မြန်မာနိုင်ငံအနေဖြင့် မြန်မာတို့၏ဂုဏ်ဒြပ်များကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ပြီး နိုင်ငံတကာအလယ်တွင် ဂုဏ်ယူဝင့်ကြွားဖွယ်ဖြစ်အောင် ယခုဖော်ထုတ်မြှင့်တင်ပေးလိုက်သည့် မြန်မာ့ ပေါ်ဆန်းဆန် အကောင်းဆုံးဆန်ဆုရရှိခြင်းကဲ့သို့ ကမ္ဘာ့အမွေအနှစ်စာရင်းတွင် မြန်မာ့ရိုးရာ “ထမနဲ”နှင့် မြန်မာ့ရိုးရာ “လွန်းရာကျော်ကြိုးကြီးအချိတ်လုပ်ငန်း”တို့ကို ဂုဏ်ယူဖွယ်ရာ မှတ်တမ်းဝင်နိုင်အောင် မြန်မာနိုင်ငံကိုချစ်မြတ်နိုးသော၊ မြန်မာ့ရိုးရာကို တန်ဖိုးထားသော မြန်မာနိုင်ငံသားတိုင်းက ကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း။ ။


