မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများ ရာသီကြိုခြေစမ်းပွဲများ ယှဉ်ပြိုင်ကစား

ရန်ကုန်   ဩဂုတ်   ၉

၂၀၂၆-၂၀၂၇ ရာသီအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာနေရှင်နယ်လိဂ်(MNL) ကလပ်အသင်းများသည် သြဂုတ် ၇ ရက်နှင့် ၈ ရက်တို့တွင် ရာသီကြိုခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် နိုင်ငံတကာပြိုင်ပွဲများအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၁၉ လူငယ်လက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားရာ နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် လက်ရွေးစင်ကစားသမားများမှလွဲ၍ ပြည်တွင်း၊ ပြည်ပ ကစားသမားအစုံအလင်ဖြင့် ကစားခဲ့ပြီး အသစ်ခေါ်ယူထားသည့် တိုက်စစ်မှူး မူစတာဖာ၊ ကွင်းလယ်တိုက်စစ်ကစားသမား ဂိုင်းမစ်ချယ်တို့က ဂိုးများ သွင်းယူပေးခဲ့သည်။ မြန်မာ ယူ-၁၉ အသင်းအတွက် ဂိုးကို ကောင်းခန့်ကျော်က သွင်းယူပေးခဲ့သည်။

ထို့ပြင် စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့   ခြေစမ်းပွဲကစားကြရာ   စစ်ကိုင်းယူနိုက်တက်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ထို့ပြင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းမှာလည်း အား/ကာသိပ္ပံအသင်းနှင့် ခြေစမ်းပွဲကစားခဲ့ပြီး ရလဒ်ကိုမူ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

၂၀၂၆-၂၀၂၇ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို စက်တင်ဘာလဆန်းပိုင်းတွင် စတင်မည်ဖြစ်သောကြောင့် ကလပ်အသင်းများသည် ရာသီကြိုခြေစမ်းပွဲများကစားကာ ပြင်ဆင်နေခြင်းဖြစ်သည်။

သတင်း - ရှိုင်းထက်ဇော်

ဓာတ်ပုံ - YUFC