မြန်မာ့မီးရထားမှ ပဲခူး- ရန်ကုန် RBE ရထားနှင့် ရန်ကုန်-ရေး ရထားပြေးဆွဲမည်

ရန်ကုန်     ၆   ဇူလိုင်

မြန်မာ့မီးရထားမှ ပဲခူး-ရန်ကုန်ပြေးဆွဲနေသော RBE ရထားကို ဇူလိုင် ၆ ရက် မှ စတင်၍ ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထား အမှတ် ၇ တိုင်းရန်ကုန်မှ သိရသည်။

အမှတ် ၁၄ အစုန် RBE ရထားသည် ပဲခူးဘူတာမှနံနက် ၅ နာရီ ၃၅ မိနစ် တွင်ထွက်ခွာပြီး ရန်ကုန်ဘူတာကြီးသို့ နံနက် ၈ နာရီမိနစ်၄၀ တွင် ရောက်ရှိမည် ဖြစ်သည်။ အမှတ် ၁၃ အဆန် RBE ရထားသည် ရန်ကုန် ဘူတာကြီးမှ ညနေ ၅ နာရီ ၅ မိနစ်တွင် ထွက်ခွာပြီး ပဲခူးဘူတာသို့ ည ၇ နာရီ ၅၅ မိနစ်တွင် ရောက်ရှိမည်။ ရန်ကုန်-ပဲခူး လက်မှတ်ခမှာ ခရီးသည် တစ်ဦးလျှင် ငွေကျပ် ၆၀၀ ဖြစ်သည်။

ဇွန် ၁၆ ရက်တွင် စတင်ပြေးဆွဲသည့် ရန်ကုန်-မော်လမြိုင် အမှတ် ၈၁ အဆန်၊ ၈၂ အစုန်အမြန်ရထားမှာ ဇူလိုင် ၆ ရက်မှစတင်၍ ခရီးစဉ်တိုးချဲ့ပြီး ရေးမြို့အထိ ပြေးဆွဲမည် ဖြစ်သည်။ အမှတ် ၈၁ အဆန်အမြန်ရထားသည် ရန်ကုန်မှ ည ၈ နာရီ ၁၅ မိနစ်တွင် ထွက်ခွာပြီး မော်လမြိုင်သို့ နံနက် ၆ နာရီ မိနစ် ၃၀ တွင်ရောက်ရှိကာ နံနက် ၇ နာရီတွင် ဆက်လက်ထွက်ခွာပြီး ရေးဘူတာ သို့ မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ တွင် ရောက်ရှိမည်။

အမှတ် ၈၂ အစုန်အမြန်ရထားသည် ရေးဘူတာမှ မွန်းလွဲ ၂ နာရီ ၄၅ မိနစ် တွင်ထွက်ခွာပြီး မော်လမြိုင်သို့ ည ၈ နာရီ မိနစ် ၃၀ တွင်ရောက်ရှိကာ ည ၉ နာရီတွင် ဆက်လက်ထွက်ခွာ၍ ရန်ကုန်ဘူတာကြီးသို့ နောက်တစ်နေ့နံနက် ၆ နာရီ ၄၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။ ရန်ကုန်မှရေးအထိ ရထားလက်မှတ်ခမှာ အထက်တန်း တစ်စောင်လျှင် ငွေကျပ် ၆၄၅၀ ဖြစ်ပြီး ရိုးရိုးတန်း တစ်စောင်လျှင် ငွေကျပ် ၃၂၅၀ ဖြစ်သည်။ ။

သာစည်-ရွှေညောင်လမ်းပိုင်း၌ ပြေးဆွဲနေသည့် အမှတ် ၁၄၁ အဆန်၊ ၁၄၂ အစုန်ရထားနှင့် ဂန့်ဂေါ-ကလေး လမ်းပိုင်း၌ ပြေးဆွဲနေသည့်အမှတ် ၁၃၉ အဆန်၊ ၁၄၀ အစုန်ရထားများမှာ ဇူလိုင် ၆ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲ မည်ဖြစ်သည်။ ရထားအချိန်စာရင်းအသေးစိတ်ကို သက်ဆိုင်ရာဘူတာများတွင် ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။

အောင်သူရ