မြန်မာကလပ်များယှဉ်ပြိုင်နေသည့် အာရှအဆင့် ကလပ်ပြိုင်ပွဲနှစ်ခုကို လာမည့်နှစ်တွင် ပုံမှန်အတိုင်း ကျင်းပမည်

၁၄ နိုင်ဝင်ဘာ

မြန်မာကလပ်အသင်းများ ယှဉ်ပြိုင်ေနသည့် အာရှအဆင့် ကလပ်ပြိုင်ပွဲနှစ်ခုကို လာမည့်နှစ်တွင် ပုံမှန်အတိုင်း ကျင်းပမည်ဖြစ်ကြောင်း အာရှဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာခဲ့သည်။


အာရှဘောလုံးအဖွဲ့ချုပ်သည် ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် လာမည့်နှစ်တွင် ကျင်းပမည့် ပြိုင်ပွဲများအားလုံးအား ထုတ်ပြန်နိုင်ခြင်းမရှိသေးဘဲ ပြိုင်ပွဲအချို့သာ ထုတ်ပြန်ထားခြင်းဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် ကလပ်ပြိုင်ပွဲဖြစ်သည့် အာရှချန်ပီယံလိဂ်နှင့် AFC Cup ပြိုင်ပွဲတို့ကို လာမည့်နှစ်တွင် ပုံမှန်အတိုင်း ကျင်းပမည်ဖြစ်ေကြာင်း ထုတ်ပြန်ခဲ့ပြီး ကျင်းပမည့်ကာလကိုမူ ထပ်မံထုတ်ပြန်မည်ဖြစ်သည်။

ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် AFC Cup ပြိုင်ပွဲကို ဖျက်သိမ်းခဲ့ရပြီး အာရှချန်ပီယံလိဂ်ပြိုင်ပွဲကိုမူ နှစ်ကုန်ပိုင်းတွင် ပြန်လည်ကျင်းပလျက်ရှိသည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ကိုဗစ်-၁၉ ရောဂါအခြေအနေ အပေါ်မူတည်၍ လာမည့်နှစ် အာရှချန်ပီယံလိဂ်ပြိုင်ပွဲနှင့် AFC Cup ပြိုင်ပွဲကျင်းပမည့်ကာလကို ထပ်မံထုတ်ပြန်မည် ဖြစ်ပြီး ခြေစစ်ပွဲများကျင်းပပြီးပါက အုပ်စုအဆင့်နှင့် ရှုံးထွက်အဆင့်ပွဲစဉ်များ ဆက်လက်ကျင်းပရမည်ဖြစ်သည်။

ယင်းပြိုင်ပွဲနှစ်ခုတွင် မြန်မာကလပ်နှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားပြီး ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲနှင့် AFC Cup ပြိုင်ပွဲအုပ်စုအဆင့်၊ ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ဒုတိယဆုရ ဟံသာဝတီအသင်းက AFC Cup ပြိုင်ပွဲ ခြေစစ်ပွဲအဆင့်တို့မှ ကစားရမည်ဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် ပြီးခဲ့သည့်နှစ်များတွင် ပြိုင်ပွဲနှစ်ခုစလုံး၏ခြေစစ်ပွဲကို ဇန်နဝါရီနှင့် အုပ်စုပွဲစဉ်များကို ဖေဖော်ဝါရီတွင် စတင်ကျင်းပလျက်ရှိသည်။

မြန်မာကလပ်အသင်းများသည် AFC Cup ပြိုင်ပွဲတွင် ၂၀၁၂ ခုနှစ်၊ အာရှချန်ပီယံလိဂ် ခြေစစ်ပွဲတွင် ၂၀၁၅ ခုနှစ်မှစ၍ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်