မြန်မာကလပ်များယှဉ်ပြိုင်မည့် ၂၀၂၁ အာရှချန်ပီယံလိဂ်ပြိုင်ပွဲ၊ AFC Cup ပြိုင်ပွဲ အုပ်စုနှင့် ခြေစစ်ပွဲစဉ်များ ထွက်ပေါ်

၂၉ ဇန်နဝါရီ

 

အာရှဘောလုံးအဖွဲ့ချုပ်က ကျင်းပမည့် ၂၀၂၁ အာရှချန်ပီယံလိဂ်ပြိုင်ပွဲနှင့် AFC Cup ပြိုင်ပွဲ မဲခွဲပွဲကို ဇန်နဝါရီ ၂၇ ရက်က ပြုလုပ်ခဲ့ပြီး မြန်မာကလပ် ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီအသင်းတို့ ယှဉ်ပြိုင်ရမည့် အုပ်စုနှင့် ခြေစစ်ပွဲစဉ်များ ထွက်ပေါ်လာပြီဖြစ်သည်။

 

၂၀၂၁ အာရှချန်ပီယံလိဂ်ခြေစစ်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရထားသည့် မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းသည် အကြိုခြေစစ်ပွဲအဆင့်တွင် သြစတြေးလျကလပ် မဲလ်ဘုန်းစီးတီးအသင်းနှင့် တွေ့ဆုံလျက်ရှိသည်။ မြန်မာကလပ်အသင်းများသည် အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်မရသေးဘဲ အကြိုခြေစစ်ပွဲအဆင့်မှ ယှဉ်ပြိုင်နေရခြင်းဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ပြိုင်ပွဲကို အရှေ့အာရှဇုန်နှင့် အနောက်အာရှဇုန်ခွဲ၍ ကျင်းပလျက်ရှိပြီး မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းသည် အရှေ့အာရှဇုန်တွင် ပါဝင်နေခြင်းဖြစ်သည်။ ခြေစစ်ပွဲကျင်းပမည့်ပုံစံအရ အရှေ့အာရှဇုန် အကြိုခြေစစ်ပွဲတွင် အသင်းလေးသင်း ပါဝင်ပြီး အနိုင်ရသည့် နှစ်သင်းမှာ Play-off အဆင့်တွင် တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရမည်ြဖစ်သည်။ Play-off အဆင့်တွင် အသင်းပေါင်း ရှစ်သင်း ပါဝင်မည်ဖြစ်ပြီး အနိုင်ရသည့်အသင်းမှာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ အကြိုခြေစစ်ပွဲအဆင့်တွင် မဲလ်ဘုန်းစီးတီး (သြစတြေးလျ) နှင့် ရှမ်းယူနိုက်တက် (မြန်မာ)၊ ဘရစ္စဘိန်းရိုအာ (သြစတြေးလျ) နှင့် ကာယာ (ဖိလစ်ပိုင်) တို့ တွေ့ဆုံနေသည်။ ရှမ်းယူနိုက်တက်အသင်းသည် အကြိုခြေစစ်ပွဲအဆင့်တွင် အနိုင်ရပါက Play-off အဆင့်တွင် ဂျပန်ကလပ် ဆီရီဇိုအိုဆာကာအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ခြေစစ်ပွဲအောင်မြင်ပါက ရှန်ဒေါင်လူနင် (တရုတ်)၊ Port (ထိုင်း)၊ ကစ်ချီ (ဟောင်ကောင်) တို့ပါဝင်သည့် အုပ်စု (၂) သို့ ကျရောက်မည်ဖြစ်သည်။

 

AFC Cup ပြိုင်ပွဲတွင် မြန်မာကလပ်အသင်းနှစ်သင်း ယှဉ်ပြိုင်ခွင့်ရထားပြီး ရှမ်းယူနိုက်တက်အသင်းက အုပ်စုအဆင့်နှင့် ဟံသာဝတီအသင်းက ခြေစစ်ပွဲ Play-off အဆင့်မှ ကစားရမည်ဖြစ်သည်။  ရှမ်းယူနိုက်တက်အသင်းသည် အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲတွင်လည်း ယှဉ်ပြိုင်ခွင့်ရထားပြီး ခြေစစ်ပွဲမအောင်ပါက AFC Cup ပြိုင်ပွဲ အုပ်စုအဆင့်တွင်ယှဉ်ပြိုင်ရမည်ဖြစ်ကာ ခြေစစ်ပွဲအောင်ခဲ့ပါက ၂၀၂၀ MNL အမှတ်ပေးပြိုင်ပွဲတွင် တတိယရခဲ့သည့် ဧရာဝတီအသင်းက အစားထိုးယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်၏ သတ်မှတ်ချက်အရ မြန်မာကလပ်အသင်းများသည် အာဆီယံဇုန်တွင် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ၂၀၂၀ MNL အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် အုပ်စု (I) တွင်  ကာယာ (ဖိလစ်ပိုင်)၊ တီရန်ဂါနူး (မလေးရှား)၊ ဂေးလန်း (စင်ကာပူ) တို့နှင့် ကျရောက်ခဲ့သည်။ ဟံသာဝတီအသင်းမှာမူ ခြေစစ်ပွဲ Play-off အဆင့်မှ စတင်ကစားရမည်ဖြစ်ပြီး လာအိုကလပ် လာအိုတိုယိုတာအသင်းနှင့် ဘရူနိုင်းကလပ် ကာဆူကာအသင်းတို့ပွဲမှ အနိုင်ရသည့်အသင်းနှင့် ကစားရမည်ဖြစ်သည်။ ဟံသာဝတီအသင်းသည် ခြေစစ်ပွဲအောင်မြင်ပါက အုပ်စု (G) တွင် ကျရောက်မည်ဖြစ်ပြီး ဟနွိုင်း (ဗီယက်နမ်)၊ ဘာလီယူနိုက်တက် (အင်ဒိုနီးရှား)၊ ဘွန်ကတ် (ကမ္ဘောဒီးယား)တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အာဆီယံဇုန်တွင် အုပ်စု သုံးခု ပါဝင်မည်ဖြစ်ပြီး အုပ်စု (H) တွင် ကီဒါ (မလေးရှား)၊ Lion City (စင်ကာပူ)၊ ဆိုင်ဂုံ (ဗီယက်နမ်)နှင့် ခြေစစ်ပွဲအောင်အသင်း (အင်ဒိုနီးရှား၊ တီမော၊ ကမ္ဘောဒီးယား အနိုင်ရအသင်း) တို့ ပါဝင်နေသည်။ ဟံသာဝတီအသင်းသည် ခြေစစ်ပွဲအောင်မြင်ပါက အုပ်စုကျပ်အတွင်း ကျရောက်မည်ဖြစ်သည်။

 

အာရှဘောလုံးအဖွဲ့ချုပ်၏ ပွဲစဉ်ရေးဆွဲထားမှုအရ ဟံသာဝတီအသင်း၏ ခြေစစ်ပွဲ Play-off ပွဲစဉ်ကို မေ ၁၉ ရက်၊ အာဆီယံဇုန် အုပ်စုပွဲများကို ဇွန် ၂၂ ရက်မှ ၂၈ ရက်အထိ တစ်ကျော့တည်းကျင်းပမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်