မြန်မာစကား သမိုင်းအတွက်  (၂၁)

mdn

မောင်ခင်မင်  (ဓနုဖြူ)

 

“မြန်မာဘာသာစကားသမိုင်းအတွက် အထောက် အထားတစ်ခုကတော့ ဘာသာစကားအကြောင်း ရေးထားတဲ့ စာတွေပဲကွဲ ”

 

“သတ်ပုံကျမ်းတို့၊ သဒ္ဒါကျမ်းတို့လား ဆရာ”

 

“ဟုတ်တယ်။ သတ်ပုံရေးထုံးတွေ၊ သဒ္ဒါ စည်းကမ်းတွေ၊ အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ စသည်ဖြင့်ပေါ့။ ခေတ်အသီးသီးမှာ ပညာရှင်တွေက မြန်မာစကားအကြောင်း ရေးခဲ့ကြတဲ့ ကျမ်းတွေ ရှိတယ်မဟုတ်လား။ အဲဒါတွေက အထောက် အထားပြုစရာ မှတ်တမ်းတွေပဲပေါ့ကွယ်”

 

“ဟုတ်ကဲ့ပါဆရာ”

 

“အစဉ်အဆက်ပေါ်ပေါက်ခဲ့တဲ့ ကျမ်းတွေထဲ က စကားသံနဲ့ပတ်သက်တဲ့ စဉ်းစားစရာတစ်ခု ပြောပြမယ်။ ညောင်ရမ်းခေတ်မှာ ဆရာတော် ရှင်ဥက္ကံသမာလာပြုစုတဲ့ ‘ဝဏ္ဏဘောဓနသတ်အင်း’ ကို သိကြတယ်မဟုတ်လား”

 

“သိပါတယ်ဆရာ။ စာလုံးပေါင်းသတ်ပုံတွေကို ဇယားအင်းစောက်နဲ့ ပြတဲ့ကျမ်းပါ။”

 

“ဟုတ်တယ်။”

 

ဒါ့ကြောင့် သတ်အင်းလို့ခေါ်တာပေါ့။ စာလုံးပေါင်းသတ်ပုံတွေမပြခင် ဆရာတော်က မြန်မာစကားသံတွေ ဖြစ်ပေါ်တဲ့နေရာတွေ အကြောင်းပြောထားတာရှိတယ်။ ဌာန်လို့ခေါ်တာ ပေါ့။”

 “ဟုတ်ကဲ့ပါ။ သမီးတို့ သင်ဖူးပါတယ် ဆရာ”

 

“အဲဒီဌာန်တွေကို မှတ်မိသေးသလား”

 

“မှတ်မိမယ် ထင်ပါတယ်ဆရာ ပြောကြည့်ပါ့မယ်"

 

“ဒီလိုဆိုရင် စ၊ ဆ၊ ဇ၊ ဈ၊ ည ဆိုတဲ့ ဗျည်းတွေ ဘယ်ဌာန်မှာ ဖြစ်သလဲကွယ်စဉ်းစားပြီးဖြေစမ်းပါ”

 

“ ‘ အာစောက်၌ဖြစ်၏’ လို့ ဝဏ္ဏဘောဓန သတ်အင်းမှာ ပြထားတာ မှတ်မိနေပါတယ်ဆရာ”

 

“ဟုတ်တယ်။ စာတွေ မမေ့သေးဘဲကိုး။ နောက်ပေါ်တဲ့ ဝေါဟာရတ္ထပကာသနီကျမ်းတို့၊ သဒ္ဒဗျူဟာကျမ်းတို့မှာလည်း အဲဒီလိုပဲပြတယ်။ မြန်မာလိုပြောရင် အာစောက်မှာ ဖြစ်တယ်ပေါ့။ ပါဠိအသုံးကတော့ တာလုဌာန်လို့ ခေါ်တာပေါ့”

 

“ဟုတ်ကဲ့ပါ”

 

“ကဲ၊ ဒီလိုဆိုရင် လက်တွေ့ဆိုကြည့်ရအောင်။ ‘စ၊ ဆ၊ ဇ’ သုံးလုံးပဲ ကြည့်ပါ”

 

“စ၊ ဆ၊ ဇ”

 

“မင်းတို့ပါးစပ်ထဲက ထွက်လာတဲ့ အသံကို ဘယ်နေရာကထွက်တယ်ဆိုတာ သတိထားကြည့် ရင်သိမှာပါ။ စ၊ ဆ၊ ဇ က ဘယ်နေရာက ထွက်သလဲ”

 

“ ဆရာ၊ သွားနောက်နားက ထွက်ပါတယ်”

 

“ဟုတ်ပါပြီ။ စ၊ ဆ၊ဇ ကို လက်တွေ့ဆိုကြည့်ရင် ဘယ်နေရာက ထွက်တယ်ဆိုတာ သိနိုင်တာပေါ့။ သဒ္ဒဗေဒပညာရှင်တွေကတော့ စ၊ ဆ၊ ဇ ကို သွားရင်းက ထွက်တဲ့ဗျည်းတွေ Aveolar  Consonants လို့ သတ်မှတ်ကြတယ်”

 

“ဆရာ၊ ဒါဆိုရင် ဘာသာစကားကျမ်းတွေမှာစ၊ ဆ၊ ဇ ကို အာစောက်ကထွက်တယ်လို့ ဘာဖြစ် လို့ဆိုတာပါလဲ”

 

“ခုဆွေးနွေးနေတာ အဲဒီပြဿနာပေါ့။ အဲဒီကျမ်းတွေမှာ အာစောက်က ထွက်တယ်လို့ ဆိုပေမယ့် လက်တွေ့ဆိုကြည့်တော့ သွားရင်းက ထွက်တာ ဖြစ်နေတယ်"

 

“ဟုတ်ကဲ့၊ အဲဒါ စဉ်းစားရခက်နေပါတယ်ဆရာ”

 

“အစဉ်အဆက်ကျမ်းတွေထဲမှာ စ၊ ဆ၊ ဇ ဟာ အာစောက်မှာဖြစ်တဲ့ ဗျည်းလို့ အခိုင်အမာဆိုထားတာ တညီတည်း တွေ့ရတယ်။ လက်တွေ့က အာစောက်မဟုတ်ဘဲ သွားရင်းမှာ ဖြစ်နေတော့ဘယ်လိုဆက်စဉ်းစားကြမလဲ”

 

“ဆရာ စ၊ ဆ၊ ဇ က အာစောက်မှာမှ မဖြစ် တာ၊ ကျမ်းတွေမှာပါတဲ့ အာစောက်ဗျည်းဆိုတာ စ၊ ဆ၊ ဇ မဟုတ်လို့ ဖြစ်မှာပေါ့”

“အဲ...နီးစပ်လာပြီ။ ဒီလိုဆိုရင် အာစောက် ဗျည်းဆိုတာ မူလကအာစောက်မှာ တကယ်ဖြစ်တဲ့ ဗျည်းတွေဖြစ်မှာပေါ့။ အဲဒီဗျည်းတွေကနေပြီး စ၊ ဆ၊ ဇ လို့ အသံပြောင်းလာတဲ့အတွက် နေရာနဲ့ဗျည်းနဲ့ မကိုက်တော့တာ ဖြစ်မှာပေါ့။ အဲဒီလို မစဉ်းစားနိုင်ဘူးလား”

 

“ဟုတ်ကဲ့၊ စဉ်းစားနိုင်မယ်ထင်ပါတယ်ဆရာ”

 

“ဒီအယူအဆကို ထောက်ခံနေတဲ့အချက် တစ်ချက်ရှိတယ်။ ပါဠိသဒ္ဒါကျမ်းတွေ၊ မွန်သဒ္ဒါ ကျမ်းတွေမှာ အဲဒီဗျည်းသံတွေဖြစ်ပေါ်တဲ့ ဌာန်တွေ ကိုပြရာမှာ တာလှဌာန်လို့ခေါ်တဲ့ အာစောက်မှာ ဖြစ်တဲ့ဗျည်းတွေကို ကျ၊ ချ၊ ဂျလို့ ပြတယ်။ အင်္ဂလိပ်အက္ခရာနဲ့ C, Ch, J လို့ ပြတယ်။ အသံထွက်ကိုပြတဲ့ သဒ္ဒဗေဒအက္ခရာနဲ့လည်း အဲဒီလိုပြပါတယ်။ စ၊ ဆ၊ ဇ လို့ မပြဘူး”

 

“ကျ၊ ချ။ ဂျက ဘယ်နေရာက ဖြစ်တာပါလဲ ဆရာ”

 

“လက်တွေ့ ဆိုကြည့်ပါလား။ ကျမ်းတွေထဲမှာ ပြသလို ကျ၊ ချ။ ဂျဟာ အာစောက်မှာဖြစ်တဲ့ ဗျည်း တွေပေါ့။ စ၊ ဆ၊ ဇ က သွားရင်းမှာ ဖြစ်တယ်။ ကျ၊ ချ၊ ဂျက ဒါထက်ပိုပြီး နောက်ကျတဲ့နေရာ၊ အာခေါင်နဲ့ သွားရင်းနဲ့ အစပ်မှာ ဖြစ်တယ်လို့ ပညာရှင်တွေ ပြောကြတယ်။ အာစောက်လို့ ပြောတာနဲ့ မကွာပါဘူး”

 

“ဟုတ်ကဲ့ပါ”

 

“ ဒီတော့ ဘယ်လို ကောက်ချက်ချနိုင်သလဲ ဆိုရင် မြန်မာစကားမှာ အခု စ၊ ဆ၊ ဇ လို့ ပြောနေ တဲ့ ဗျည်းသံတွေဟာ အရင်တုန်းက ကျ၊ ချ။ ဂျ လို့ အသံထွက်တယ်။ ဒါကြောင့် အရင်တုန်းက အသံ ဖြစ်တဲ့နေရာနဲ့ ကိုက်တယ်။ ပြီးတော့ မြန်မာစာ အရေးအသား စတီထွင်တုန်းက မွန်အက္ခရာတွေ၊ မွန်အက္ခရာနဲ့ရေးထားတဲ့ ပါဠိပိဋကတ်တော်တွေ ဟာ မြန်မာစာရဲ့ အရင်းခံတွေဖြစ်တယ် မဟုတ်လား။ အဲဒီတုန်းက အဲဒီဗျည်းတွေကို ကျ၊ ချ၊ ဂျ လို့ပဲ အသံထွက်တာမို့ အာစောက်မှာဖြစ်တဲ့ ဗျည်း တွေအဖြစ် သတ်မှတ်ခဲ့ကြတာလို့ ဆိုနိုင်တာပေါ့ကွယ် ”

 

“ဟုတ်ကဲ့၊ နားလည်ပါပြီ”

 

“နောက်တစ်ဆက်တည်းပြောရရင် အဲဒီပါဠိ တို့၊ မွန်တို့မှာ အခုမြန်မာစကားမှာ ‘သ’ လို့ ဆိုတဲ့ အသံကို ‘စ’ လို့ အသံထွက်ကြတယ်။ သူတို့မှာ ‘သ’ သံမရှိဘူး”

 

“ကျွန်တော်သတိထားမိတာက ပြည်ပနိုင်ငံ တွေကသံဃာတော်တွေ မြန်မာနိုင်ငံကို ကြွလာတဲ့အခါ ပါဠိဂါထာတော်တွေ ရွတ်ဆိုရင် အခု ဆရာပြောသလိုပဲ “သ” နေရာမှာ “စ၊ ဆ’လို့ ရွတ်တယ် ဆိုတာ သတိထားမိတာပါ ဆရာ။ ‘နမောတဿ ကို နမောတတ်စ’၊ ‘သမ္မာသမ္ဗုဒ္ဓဿ’ ကို ‘ စမ်မာ စမ်ဖုတ်ဒတ်စ’ လို့ အသံထွက်တာကြားရပါတယ်”

 

“သာဓု ခေါ်တော့လည်း ‘စာဓု စာဓု’ လို့ ခေါ်ပါ တယ် ဆရာ”

 

“ဇီဝိတကိုလည်း “ဂျီဗိတ” လို့ အသံထွက်ပါ တယ်ဆရာ”

 

“နိုင်ငံတကာက ပါဠိပညာရှင်တွေက ပါဠိစကားကို အသံထွက်တဲ့အခါ အခုပြောသလို ကျ-ချ-ဂျသံထွက်တဲ့ စကားတွေကို တို့မြန်မာနိုင်ငံ မှာ စ၊ ဆ၊ ဇ လို့ ထွက်တယ်။ သူတို့က “စ၊ ဆ” ထွက်တဲ့အသံကို မြန်မာက “သ”လို့ ထွက်တယ်။ အဲဒီလို ဗျည်းသံတွေ ပြောင်းတဲ့အကြောင်းကို မှတ်တမ်းမှတ်ရာတွေ ကိုးကားပြီး ပညာရှင်တွေ သုတေသနပြုထားတာ ရှိတယ်”

 

“သိပါရစေဆရာ” “ဆရာကြီး ဦးဖေမောင်တင်ရေးတဲ့ စာတမ်း တစ်စောင်ရှိတယ်။ စာတမ်းနာမည်ကိုက စိတ်ဝင် စားစရာ ကောင်းတယ်ကွေ့။ Phonetics in a Passportတဲ့ နိုင်ငံကူးလက်မှတ်ထဲက သဒ္ဒဗေဒ’ လို့ ဆိုလိုတာပေါ့။ မြန်မာနိုင်ငံ သုတေသနအသင်း ဂျာနယ်အတွဲ ၁၂/ အပိုင်း ၂ မှာ ပါတယ်။ ၁၉၂ ခုနှစ်ကထုတ်တဲ့ ဂျာနယ်ဆိုတော့ အခုဆိုရင် နှစ်တစ်ရာ ပြည့်ခါနီးပြီပေါ့”

 

“ဪ ဟုတ်ကဲ့ပါ”

 

“နောက်ခံအကြောင်းကို ပြောရရင် ၁၉၅၀ ပြည့်နှစ်မှာ ဆရာကြီး ဦးဖေမောင်တင်ဟာအင်္ဂလန်နိုင်ငံကို ပညာတော်သင်သွားရတယ်။ ၊ အောက်စဖို့ဒ် တက္ကသိုလ်မှာ ပညာသင်ဖို့ပဲ။ ဆရာကြီးဟာ တစ်နေ့တော့ အောက်စဖို့ဒ်က ဘော့ဒလီယန် စာကြည့်တိုက် (Bodleian Library, Oxford)ပေါ့။ အဲဒီစာကြည့်တိုက်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံကူးလက်မှတ်တစ်စောင် တွေ့ရတယ်တဲ့။ ၁၇၈၃ ခုနှစ်က ထုတ်ပေးတာဆိုတော့ ဘိုးတော်ဘုရား လက်ထက်ကပေါ့”

 

“ဘယ်သူ့ကို ထုတ်ပေးတာပါလဲ ဆရာ”

 

“ပေါ်တူဂီလူမျိုးတစ်ယောက်ကို ထုတ်ပေးထားတာ။ အဲဒီ နိုင်ငံကူးလက်မှတ်မှာ မြန်မာမင်းရဲ့ ဒေါင်းတံဆိပ်တော် ရိုက်နှိပ်ထားတယ်။ မြန်မာလို ရေးထားတဲ့စာရော၊ ပေါ်တူဂီဘာသာနဲ့ ဘာသာပြန် ထားတဲ့စာရော ပါတယ်။ ဆရာကြီးက အဲဒီနိုင်ငံကူး လက်မှတ်ကို လေ့လာပြီး ဒီစာတမ်းကို ရေးတာလေ။ ဆရာကြီး လေ့လာတာက အဲဒီနိုင်ငံကူးလက်မှတ်မှာပါတဲ့ မြန်မာမြို့ရွာ နာမည်တွေ၊လူနာမည်တွေကို ပေါ်တူဂီဘာသာနဲ့ အသံဖလှယ်ထားတဲ့ အရေးအသားတွေကို လေ့လာတာ။ အဲဒီလို လေ့လာကြည့်တဲ့အခါ မြန်မာစကားသံနဲ့ပတ်သက်ပြီး ထူးခြားတဲ့ အချက်တွေ တွေ့ရလို့ ဒီစာတမ်းကိုရေးတာပဲကွဲ။ အခုဆရာတို့ပြောနေတဲ့ အသံပြောင်းတာတွေနဲ့ ဆိုင်တာပေါ့။ ကဲ... နောက် တစ်ပတ်မှာ ဆက်ပြောကြတာပေါ့”

 

“ဟုတ်ကဲ့ပါ ဆရာ”

မြန်မာ့အလင်း