မြန်မာအသင်းယှဉ်ပြိုင်မည့် အာရှဖလား ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲများကို ၂၀၂၁ ခုနှစ်တွင် အပြီးကျင်းပမည်

၁၇ နိုဝင်ဘာ

မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၂ အာရှဖလား ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲကို ၂၀၂၁ ခုနှစ်တွင် အပြီးကျင်းပသွားမည်ဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် ယင်းခြေစစ်ပွဲကို အဆင့်နှစ်ဆင့်ခွဲ၍ ကျင်းပရန်စီစဉ်ထားပြီး ပထမအဆင့်ခြေစစ်ပွဲကို ၂၀၂၁ ခုနှစ် မတ် ၁၃ ရက်မှ ၂၁ ရက်၊ ဒုတိယအဆင့်ခြေစစ်ပွဲကို သြဂုတ် ၁၈ ရက်မှ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ယခုပြိုင်ပွဲကို ပြီးခဲ့သည့် ၂၀၁၉ ပြိုင်ပွဲအထိ အာရှ ယူ-၁၉ ပြိုင်ပွဲအမည်ဖြင့် ကျင်းပခဲ့သော်လည်း လာမည့်ပြိုင်ပွဲမှစတင်ကာ အာရှဖလား ယူ-၂၀ အမျိုးသမီးပြိုင်ပွဲအဖြစ် အမည်ပြောင်းလဲကျင်းပသွားမည်ဖြစ်သည်။ ပထမအဆင့်ခြေစစ်ပွဲများကို အုပ်စုရှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုချင်းစီအလိုက် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ရှစ်နိုင်ငံအား ရွေးချယ်ထားပြီးဖြစ်သည်။

ပထမအဆင့်ခြေစစ်ပွဲများကို မြန်မာအပါအဝင် သြစတြေးလျ၊ တရုတ်၊ တရုတ် တိုင်ပေ၊ လာအို၊ မွန်ဂိုလီးယား၊ စင်ကာပူနှင့် တာဂျစ်ကစ္စတန်နိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိထားသည်။

ယင်းခြေစစ်ပွဲတွင် အသင်းပေါင်း ၃၄ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ တရုတ် တိုင်ပေ၊ မြောက်ကိုရီးယား၊ ဂူအမ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီရန်၊ အီရတ်၊ ဂျပန်၊ ဂျော်ဒန်၊ တောင်ကိုရီးယား၊ ကူဝိတ်၊ ကာဂျစ္စတန်၊ လာအို၊ လက်ဘနွန်၊ မလေးရှား၊ မော်လ်ဒိုက်၊ မွန်ဂိုလီးယား၊ မြန်မာ၊ နီပေါ၊ မြောက်မာရီယာနာကျွန်းစု၊ ပါကစ္စတန်၊ ပါလက်စတိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ သီရိလင်္ကာ၊ တာဂျစ်ကစ္စတန်၊ ထိုင်း၊ တာ့ခ်မင်နစ္စတန်၊ ဥဇဘက်ကစ္စတန်နှင့် ဗီယက်နမ်အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပထမအဆင့်ခြေစစ်ပွဲကို လေးသင်း ခြောက်အုပ်စုနှင့် ငါးသင်း နှစ်အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းပါဝင်သော အုပ်စုကို မြန်မာနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။

ယင်းခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၀ အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ကိုင်တွယ်မည်ဖြစ်ပြီး ကိုဗစ်-၁၉ အခြေအနေကြောင့် စခန်းဝင်လေ့ကျင့်နိုင်ခြင်း မရှိသေးပေ။ ယင်းပြိုင်ပွဲကို ၂၀၀၂ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး မြန်မာအသင်းသည် ၂၀၀၂၊ ၂၀၀၇၊ ၂၀၁၃ နှင့် ၂၀၁၉ ပြိုင်ပွဲတို့တွင် ခြေစစ်ပွဲအောင်မြင်ကာ နောက်ဆုံးအဆင့်သို့ တက်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ နောက်ဆုံးကျင်းပသည့် ၂၀၁၉ ပြိုင်ပွဲတွင် ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးခဲ့သည့် နည်းပြ ဒေါ်သက်သက်ဝင်းကပင် ဆက်လက်ကိုင်တွယ်မည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓါတ်ပုံ- စိုးညွှန့်