မြန်မာအသင်းယှဉ်ပြိုင်မည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုမဲခွဲပွဲပြုလုပ်မည့်ရက် ရွှေ့ဆိုင်း

သတင်း-ကိုညီလေး

 

မြန်မာ့လက်ရွေးစင်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုမဲခွဲပွဲကျင်းပမည့်ရက်ကို ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ရွှေ့ဆိုင်းလိုက်ပြီဖြစ်သည်။

 

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယင်းမဲခွဲပွဲကို သြဂုတ် ၁၀ ရက်တွင် စင်ကာပူနိုင်ငံ၌ပြုလုပ်ရန် စီစဉ်ထားသော် လည်း ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။

 

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ယခင်သတ်မှတ်ထားသည့်ရက်အတိုင်း ဆက်လက်ကျင်းပမည်ဖြစ်ပြီး မဲခွဲပွဲကျင်းပမည့်ရက်ကို ထပ်မံထုတ်ပြန် မည်ဖြစ်သည်။

 

အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ပုံမှန်အရ ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် ကျင်းပရမည်ဖြစ်သော်လည်း ကပ်ရောဂါကြောင့် ယခုနှစ်သို့ ရွှေ့ဆိုင်းခဲ့ရပြီး ဧပြီတွင်ကျင်းပရန်မဖြစ်နိုင်သဖြင့် နှစ်ကုန်ပိုင်းသို့ ထပ်မံရွှေ့ဆိုင်း ထားရခြင်း ဖြစ်သည်။

 

အုပ်စုမဲခွဲပွဲနှင့်အတူ ပြိုင်ပွဲကျင်းပမည့်ပုံစံကိုပါ တစ်ပေါင်းတည်းထုတ်ပြန်ရန် စီစဉ်ထားသော်လည်း မဲခွဲပွဲ ရွှေ့ဆိုင်းခဲ့သဖြင့် ထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်းသိရသည်။

 

အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတွင် အသင်းစုစုပေါင်း ၁၀ သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး ငါးသင်းနှစ်အုပ်စုခွဲ၍ ပြုလုပ်မည် ဖြစ်သည်။

 

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ကပ်ရောဂါအခြေအနေကြောင့် ပြီးခဲ့သည့်နှစ်ကတည်းက အာဆီယံအဆင့် ပြိုင်ပွဲများ ကျင်းပနိုင်ခြင်းမရှိသေးဘဲ ရပ်နားထားရခြင်းဖြစ်သည်။

 

အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ၁၉၉၆ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး လာမည့်ပြိုင်ပွဲတွင် ၁၃ ကြိမ်မြောက် ကျင်းပမည်ဖြစ်သည်။

 

ကျင်းပပြီးစီးခဲ့သည့် ၁၂ ကြိမ်တွင် ထိုင်းအသင်းက ငါးကြိမ်ဖြင့် အအောင်မြင်ဆုံးဖြစ်နေပြီး စင်ကာပူအသင်းက လေးကြိမ်၊ ဗီယက်နမ်အသင်းက နှစ်ကြိမ်၊ မလေးရှားအသင်းက တစ်ကြိမ် ဗိုလ်စွဲထားသည်။ မြန်မာအသင်းမှာမူ အမြင့်ဆုံး ဆီမီးဖိုင်နယ်အဆင့်သို့ နှစ်ကြိမ်သာ တက်ရောက်ဖူးပြီး ၂၀ဝ၄ နှင့် ၂၀၁၆ ခုနှစ်တို့တွင် တက်ရောက် နိုင်ခဲ့ခြင်း ဖြစ်သည်။