မြန်မာအသင်းယှဉ်ပြိုင်မည့်  ၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲ အုပ်စုအလိုက် အိမ်ရှင်နိုင်ငံများထုတ်ပြန်

သတင်း-ရဲရင့်လွင်

 

အာရှဘောလုံးအဖွဲ့ချုပ်သည် မြန်မာအသင်းယှဉ်ပြိုင်မည့် ၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲတွင် အုပ်စုအလိုက် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်နိုင်ငံများအား ထုတ်ပြန်လိုက်ပြီဖြစ်သည်။

 

ခြေစစ်ပွဲ အုပ်စုပွဲစဉ်များကို စက်တင်ဘာ ၁၃ ရက်မှ ၂၅ ရက်အတွင်း ကျင်းပသွားမည်ဖြစ်ပြီး အသင်း ၂၇ သင်းကို အုပ်စု ရှစ်ခုခွဲ၍ ပြုလုပ်သွားမည်ဖြစ်သည်။

 

မြန်မာအသင်းပါဝင်သော အုပ်စု (D) ပွဲစဉ်များကို လက်ဘနွန်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုကို အိမ်ရှင် တစ်နိုင်ငံ ရွေးချယ်ထားသည်။

 

ယင်းခြေစစ်ပွဲအတွက် အုပ်စုမဲခွဲပွဲကို ဇွန် ၂၄ ရက်ကပြုလုပ်ခဲ့ပြီး အုပ်စုအများစု၏ အိမ်ရှင်နိုင်ငံများကို မဲခွဲပွဲ ကတည်းက ရွေးချယ်ထားသော်လည်း မြန်မာပါဝင်သော အုပ်စု (D)နှင့် အုပ်စု (H)အတွက် အိမ်ရှင်နိုင်ငံကိုမူ ပြီးခဲ့သည့်ရက်ပိုင်းကမှ အတည်ပြုခဲ့ခြင်းဖြစ်သည်။

 

အာရှဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ အုပ်စု (A) ပွဲစဉ်များကို တရုတ်တိုင်ပေ၊ အုပ်စု (B) ပွဲစဉ်များကို တာဂျစ်ကစ္စတန်၊ အုပ်စု (C)ပွဲစဉ်များကို အင်ဒိုနီးရှား၊ အုပ်စု (D) ပွဲစဉ်များကို လက်ဘနွန်၊ အုပ်စု (E) ပွဲစဉ်များကို ဥဇဘက်ကစ္စတန်၊ အုပ်စု (F) ပွဲစဉ်များကို နီပေါ၊ အုပ်စု (G) ပွဲစဉ်များကို ဘင်္ဂလားဒေ့ရှ်၊ အုပ်စု(H) ပွဲစဉ်များကို ပါလက်စတိုင်းနိုင်ငံတို့တွင် ကျင်းပသွားမည်ဖြစ်သည်။

 

မြန်မာအသင်းပါဝင်သော အုပ်စု (D) ပွဲစဉ်များကို ဘေရွတ်မြို့ရှိ Fouad Chehab ကွင်း၌ ပြုလုပ်သွားမည်ဖြစ်သည်။ ခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဦးတင်မြင့်အောင်က ကိုင်တွယ်မည်ဖြစ်သည်။

 

မြန်မာအမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း အာရှဖလားခြေစစ်ပွဲတစ်ခုသာ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကျန်ပြိုင်ပွဲ များမှာ ရွှေ့ဆိုင်းထားသည်။

 

မဲခွဲမှုအရ အုပ်စု (A)တွင် တရုတ်တိုင်ပေ၊ ဘာရိန်း၊ လာအို၊ အုပ်စု (B) တွင် ဗီယက်နမ်၊ တာဂျစ်ကစ္စတန်၊ မော်လ်ဒိုက်၊ အာဖဂန်နစ္စတန်၊ အုပ်စု (C) တွင် စင်ကာပူ၊ အီရတ်၊ အင်ဒိုနီးရှား၊ အုပ်စု (D) တွင် မြန်မာ၊ ယူအေအီး၊ ဂူအမ်၊ လက်ဘနွန်၊ အုပ်စု (E) တွင် တောင်ကိုရီးယား၊ ဥဇဘက်ကစ္စတန်၊ မွန်ဂိုလီးယား၊ အုပ်စု (F) တွင် ဖိလစ်ပိုင်၊ ဟောင်ကောင်၊ နီပေါ၊ အုပ်စု (G) တွင် ဂျော်ဒန်၊ အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ အုပ်စု (H) တွင် ထိုင်း၊ ပါလက်စတိုင်းနှင့် မလေးရှားအသင်းတို့ ပါဝင်နေသည်။

 

မြောက်ကိုရီးယားနှင့် တာ့ခ်မင်နစ္စတန်အသင်းသည် အုပ်စုမဲခွဲပွဲပြုလုပ်ပြီးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ ခြေစစ်ပွဲ ကျင်းပမည့်ပုံစံအရ အုပ်စုတစ်ခုစီမှ ထိပ်ဆုံးရှစ်သင်း ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။