မြန်မာအမျိုးသမီးတစ်ဦးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ် ချမှတ်

နေပြည်တော် ၁၅ ဇူလိုင်

 

မြန်မာအမျိုးသမီးတစ်ဦးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေဖြင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ မြဝတီရပ်ကွက်နေ ဒေါ်အေးရီနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချုပ်ပန်းခြံအနီးနေ ဒေါ်အေးသိန်း(ခ)အစ်မကြီး (တိမ်းရှောင်)တို့သည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နေ မ----၊ (၂၃)နှစ်အား ရန်ကုန်မြို့တွင် အိမ်ဖော်လုပ်ကိုင်ရန် စည်းရုံးပြောဆိုပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့မှုအတွက် ဟင်္သာတမြို့မရဲစခန်း (ပ)၇၉၅/၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး ဟင်္သာတခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇူလိုင် ၁၃ ရက်တွင် တရားခံ ဒေါ်အေးရီအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄ အရ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံအား တရားခံပြေး ကြေညာခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်