ရန်ကုန် အောက်တိုဘာ ၂၁
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာလိဂ်တို့က ကြီးမှူး၍ Max Energy ၏ အဓိကပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် ၁၀ နောက်ဆုံးနေ့ကို အောက်တိုဘာ ၂၁ ရက်က ပဒုမ္မာကွင်း၌ ဆက်လက်ကျင်းပရာ ဇွဲကပင်ယူနိုက်တက်အသင်းနှင့် Young Lionesses အသင်း တစ်ဂိုးစီသရေကျခဲ့သည်။
ပထမအကျော့အပြီး ရမှတ်တူရထားသည့်နှစ်သင်း တွေ့ဆုံခြင်းဖြစ်ပြီး သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။ မြန်မာ ယူ-၁၇ လူငယ် လက်ရွေးစင်အသင်းဖြစ်သော Young Lionesses အသင်းသည် ဦးဆောင် ဂိုး သွင်းယူနိုင်သော်လည်း ပွဲပြီးခါနီးတွင် ချေပဂိုးပြန်ပေးလိုက်ရသဖြင့် သရေကျခဲ့ခြင်းဖြစ်သည်။
Young Lionesses အသင်းအတွက် ဦးဆောင်ဂိုးကို ၇၅ မိနစ်တွင် နန်းခမ်းဟွမ်က သွင်းယူပြီး ဇွဲကပင်ယူနိုက်တက် အသင်းအတွက် ချေပဂိုးကို ၈၉ မိနစ်တွင် ဘီလင်ဒါက သွင်းယူခဲ့သည်။ ယခုပွဲအတွက် AYA Pay Player of the Match ဆုကို ဇွဲကပင်ယူနိုက်တက်အသင်းအတွက် ချေပဂိုးသွင်းခဲ့သည့် ဘီလင်ဒါက ရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်းရရှိသည်။
ပွဲစဉ် ၁၀ အပြီးတွင် အား/ကာသိပ္ပံအသင်းက ၂၈ မှတ်၊ ဧရာဝတီအသင်းက ၂၃ မှတ်၊ ရန်ကုန် ယူနိုက်တက်အသင်းက ၂၂ မှတ်၊ သစ္စာအားမာန်အသင်းက ၁၉ မှတ်၊ ရှမ်းယူနိုက်တက် အသင်းက ၁၇ မှတ်၊ ရတနာပုံအသင်းက ၁၂ မှတ်၊ မြဝတီအသင်းက ကိုးမှတ်၊ ဇွဲကပင်ယူနိုက်တက်အသင်းနှင့် Young Lionesses အသင်းက ခုနစ်မှတ်စီရရှိထားကာ ရန်ကုန်စီးတီးအသင်းသည် ၁၀ ပွဲစလုံးရှုံးပြီး အမှတ်မရသေးပေ။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MWL


